အခုတလော ညီမငယ်တစ်ယောက်က သူငယ်ငယ်က အကြောင်းတွေ ရေးထားတာလေးကို ပေးဖတ်လို့ သဘောကြရတယ်။ အဲဒီကောင်မလေးက စာရေးတော်တော် ကောင်းတယ်၊ စကားနည်းနည်းပြောကြည့်တော့ စကားပြောလည်း ကောင်းတယ်။ တော်တဲ့ထက်တဲ့သူဆိုတာ သိရတယ်။

တစ်ခါ သူငယ်ချင်းတွေက ပို့ပို့ပေးတဲ့ ဖော်ဝပ်အီးမေးလ်ကရတဲ့ ဟာသတွေကို ဖတ်ရတဲ့အခါ ကိုယ်အလွန်သဘောကျတဲ့ ဟာသလေးတစ်ပုဒ်ကိုတော့ အမြဲမှတ်မိ နေတယ်။ ကလေးလေးက ကျောင်းမှာ ကွန်မြူနစ်စနစ်၊ အရင်းရှင်စနစ်၊ ပြည်သူ၊ အစိုးရ စသဖြင့်သင်ရတော့ ဆရာက တပည့်လေး နားလည်လွယ်အောင် အဖေက ဘာ၊ အမေက ဘာ၊ သားသမီးက ဘာ၊ အိမ်မှာ ကူဖော်လောင်ဖက် ကောင်မလေးက ဘာ စသဖြင့် စွဲအောင် ခွဲခြမ်းစိတ်ဖြာ သင်ပေးလိုက်တာပေါ့။ ဒါကို ကလေးလေး တရေးနိုးတဲ့အခါ မြင်ရတာတွေကို နောက်တစ်နေ့ကျောင်းမှာပြန်ပြောပြတဲ့ အကွက်ကလေးပါ၊ ရယ်လည်း ရယ်ရတယ်၊ ခေတ်နဲ့လည်းညီတယ်၊ ထိလည်း ထိမိတယ်ပေါ့။ ဖတ်ဖူးကြမှာပါ။

ဒီကိစ္စနှစ်ခုပေါင်းလိုက်တော့ ဒီစာစုလေးဖြစ်လာတာပါပဲ။

ငယ်ငယ်က မမေ့နိုင်စရာဇာတ်ကွက်လေးတစ်ခုရှိတယ်၊ ဒါကို ခု ပြန်သတိရတယ်။ ရုပ်ရှင်ရိုက်မယ်ဆိုရင်တော့ အကယ်ဒမီပေးတဲ့ အကဲဖြတ်အဖွဲ့အကြိုက်အကွက် ပေါ့။

ဇာတ်က ဒီလို…။

ကိုယ် ၁၃ နှစ်အရွယ်မှာ အဖေနဲ့အမေ အဆင်မပြေလို့ ကွဲကွာသွားကြတယ်။ ပြောရရင် အမေက သိပ်ထက်တယ်၊ လက်တွေ့ကျတယ်။ ကိုယ်လုပ်မှ ကိုယ်စားရမယ်၊ ကိုယ်ရှာဖွေနိုင်မှ ကိုယ်ပိုင်မယ်ဆိုတဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုကို ဇောင်းပေးတဲ့သူဖြစ်တယ်။ ကိုယ်ဒီအချိန်ကျမှ ပြန်လေ့လာကြည့်တော့ အမေက အရင်းရှင်ပေပဲ။

တစ်ခါ အဖေက စာတအားဖတ်တယ်၊ စာရေးတယ်၊ နိုင်ငံရေးဝါသနာပါတယ်။ ကိုယ်အခုလို စာရေးတယ်၊ စာဖတ်တယ်၊ စာပေနဲ့ဆက်နွယ်တဲ့အလုပ်လုပ်တာဆိုတာ အဖေ့ဆီကသွေးပါလာလို့ပဲ၊ အဖေ့ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဖေက ဘာအလုပ်မှ ထိရောက်အောင် မလုပ်နိုင်ဘူး၊ အားလူးနည်းနည်းများတယ်လို့ ပြောလို့ရတယ်။

ဒါပေမဲ့ ဟိုခေတ်က ပညာသေချာမတတ်တဲ့ နိုင်ငံရေးသမားတိုင်း ဒီလိုပဲဆိုတာ ကိုယ်အခု ပြန်လေ့လာတွေ့မိတယ်။ သူတို့က ဆိုရှယ်လစ်ဝါဒကို ယုံကြည်တယ်၊ အများအကျိုးကို ရှေးရှုရမယ်၊ တစ်ယောက်ချင်းအတွက်ပဲ ကြိုးစားတာဟာ သိမ်ဖျင်းတဲ့အလုပ်၊ လူ့ဘောင်လူ့လောကကို ဖျက်လိုဖျက်ဆီးလုပ်တဲ့အလုပ်လို့ ယူဆတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကွန်မြူနစ်စနစ်က သဘောတရားရေးရာအရပဲ အောင်မြင်တယ်၊ လက်တွေ့ကျတော့ အိမ်မှာဆို မိန်းမဖြစ်သူက အိမ်ထောင်ကို တကယ် ဦးစီးလုပ်ကိုင် ရှာဖွေရတာမျိုးဖြစ်နေတယ်။

ဒီတော့ အနှစ်ချုပ်လိုက်ရင် အရင်းရှင်နဲ့ ကွန်မြူနစ်တိုက်ပွဲ၊ လေသမားနဲ့ လက်သမားတိုက်ပွဲ၊ အစာအိမ်အလွတ်နဲ့ ထမင်းဟင်းတိုက်ပွဲဖြစ်သွားတယ်။ သားသမီး ဆိုတာ အဖေ့လည်းချစ်တာပဲ၊ အမေ့လည်းချစ်တာပါပဲ။ ကိုယ့်ကို အလိုလိုက် အကြိုက်ဆောင်တဲ့မိဘဆို ပိုတောင်သဘောကျပါသေးတယ်။

အမေက ရှေ့နေပါ၊ ဒေါင်းတင်းမောင်းတင်ပဲ၊ အမေ့ကိုကြည့်လိုက်ရင် အမြဲအားရနေရတယ်၊ အလုပ်နဲ့လက် ပြတ်တယ်လို့ကို မရှိဘူး။ သိပ်အလုပ်လုပ်တယ်၊ သိပ်ကြိုးစားတယ်။ သူတင် ကြိုးစားတာမဟုတ်ဘူး။ သူ့သားသမီးတွေကိုလည်း အမြဲတမ်း မောင်းနေတော့တာပါပဲ။ တကယ်တမ်းပြောရရင် ကိုယ်က ၇ နှစ်၊ ၈ နှစ်သားလောက်ကတည်းက အဖေ့ပုံစံတစ်ပုံစံတည်း ၀င်နေပါပြီ။

မှတ်မိသေးတယ်၊ အဖေက မိုးလင်းတာနဲ့ စက်ဘီးစီးရင်း စက်ဘီးကို မရပ်ဘဲပစ်ထည့်သွားတဲ့ သတင်းစာသမားပို့တဲ့ သတင်းစာကို ကောက်၊ ဆေးပေါ့လိပ်ကို ဖွာ၊ သတင်းစာတစ်စောင်ဖတ်တာ…မှင်နီသားတာနဲ့ဘာနဲ့ဆိုတော့ ၄၅ မိနစ်ကနေ ၁ နာရီအထိကြာပါတယ်။ မိုးလင်းတာနဲ့ ဘာမှမလုပ်သေးပါဘူး သတင်းစာ အရင် ဖတ်တာပါ။ ကလေးတွေက လက်ဖက်ရည်ဝယ် အမေနဲ့ မနက်စာစားပြီးရင်သာ စားပြီးသွားမယ်။ အဖေက သူ့အလုပ်သူလုပ်နေတာပါပဲ။

ကိုယ်က မုန့်စားပြီးတာနဲ့ အဖေချသွားတဲ့သတင်းစာကို ကောက်ကိုင်ပြီး အဖေပုံစံခိုးပြီး လိုက်ဖတ်တာပါပဲ။ ဆေးပေါ့လိပ်တော့ မပါဘူးပေါ့၊ အဖေ့လိုတော့ မှင်နီတွေနဲ့ မသားတတ်သေးဘူးပေါ့။

ဒီလိုနဲ့ ကိုယ်ဟာ ၂ တန်း၊ ၃ တန်းမှာပဲ နိုင်ငံတော်အဆင့်လူကြီးတွေ၊ ၀န်ကြီးတွေ၊ ကောင်စီဥက္ကဌနာမည်တွေကို မှတ်သားမိနေပြီး ရင်းနှီးနေပါပြီ။ အဖေတို့လူကြီး တွေ တစ်ခါတလေ ညဖက် လက်ဖက်ရည်ဝိုင်းဖွဲ့ကြရင် ကိုယ်ကဘေးကနေ နားထောင်တဲ့အခါ အဖေတို့ ဆွေးနွေးပြောဆိုနေကြတဲ့ အကြောင်းအရာ တစ်ဝက်ကျော်ကျော်လောက်ကို ကောင်းကောင်းလိုက်နားထောင်နိုင်ပါတယ်၊ ကောင်းကောင်းသဘောပေါက်နေပါတယ်၊ သတင်းစာဖတ်တဲ့အကျိုးတွေကိုးဗျနော်၊ ဖအေတူသားလေး ကျွန်တော်…။

သားဆိုတာမျိုးက အဖေကို သိပ်အတုခိုးတာပေါ့။ အဖေကသာ တကယ့်လူကြီး၊ အဖေကသာ သူရဲကောင်း၊ အဖေ့လက်ဖ၀ါးကြီးတွေက အကြီးကြီးတွေပဲ။ အဖေက အရပ်ကလည်း အမြင့်ကြီးပဲ၊ တကယ့်လူ အကြီးကြီးပဲလို့ တွေးခဲ့တာပါ။ အဖေ့လက်ဖ၀ါးကြီးကိုလည်း ကိုင်ကိုင်ကြည့်ရတာ အားမရခဲ့၊ မ၀ခဲ့ပါဘူး။

အဖေ့ကို ချစ်ပေမဲ့လည်း ကြောက်တော့ကြောက်ရပါတယ်၊ ယောက်ျားဆိုတော့ စိတ်က သိပ်မရှည်တတ်ဘူးမို့လား၊ ငယ်ငယ်ကဆို ကိုယ်က ဂျီကျလို့ အဖေက ကိုယ့်ကိုဆွဲယူပြီး လွှင့်ပစ်လိုက်သတဲ့၊ အမေက ပြန်ပြောပြတာပါ။ အမေကလည်း ဘာကြောင့်မှပြောတာတော့ မဟုတ်ပါဘူး၊ ဒီလိုပဲ စကားစပ်ရင်းပြောလိုက်တာပါ၊

ကိုယ်ကလည်း အဖေက ဒီလိုလုပ်တယ်လားဆိုပြီး အဖေ့ကိုလည်း စိတ်မဆိုးခဲ့ပါဘူး။ ကိုယ်ဆိုလည်း လုပ်ချင်လုပ်မှာပါပဲ။ ကိုယ်တိုင်ကလည်း ဂျီကျခဲ့ဖူးသလို ဂျီကျတဲ့ကလေးတွေကိုလည်း တွေ့ခဲ့ဖူးတော့ လူကြီးတွေ ဒေါသထွက်တတ်တာ ကိုယ့်အတွက်တော့ အဆန်းမဟုတ်တော့ပါဘူး။

အဖေ့ကို ယောက်ျားကြီးမို့ ကြောက်ရပေမဲ့ အဖေထက်စာရင် အိမ်မှာ အမေက ပိုပါဝါရှိနေသလို တကယ်ဗျင်းတာကလည်း အမေပါ၊ ဒီမှာ တစ်ခုသင်ခန်းစာရတာက ယောက်ျားဟာ ဘယ်လောက်တော်တော် အားလူးတော့ မဖြစ်ရဘူး၊ နောက်တစ်ခုက ငွေမရှာနိုင်ရင် အစွယ်မပါတဲ့ကျားဖြစ်မယ်ဆိုတဲ့ သင်ခန်းစာတွေရခဲ့တာပါ။ ဒါက အရင်းရှင်နဲ့ ကွန်မြူနစ်စနစ်ကို ဘ၀နဲ့ရင်းလို့ငယ်ငယ်ကတည်းက သင်ယူခဲ့တာကို ပြန်ပြောပြတာပါ။

အမေက တကယ်ထက်တဲ့အမျိုးသမီးပါ၊ အခုတော့ အသက် ၆၀ တွင်းမှာမို့ တရားဖက်နေပြီပေါ့လေ။ အမေ့ကိုကြည့်ပြီး အမေ့လိုမိန်းမ လိုက်ရှာနေလို့လားတော့ မသိပါဘူး၊ ကိုယ်လည်း မတွေ့နိုင်သေးဘူးဖြစ်နေတယ်။ ဟဲ ဟဲ။ အမေကို သိပ်ကိုးကွယ် သိပ်ချစ်တဲ့သားတွေကိုလည်း မိန်းမတွေက သဘောမကျဘူးလို့တော့ ကြားဖူးထားတာပဲလေ။ အမေ့အကြောင်းတော့ ဆက်ပြောရလိမ့်ဦးမယ်။ ဘယ်လောက်တွယ်တဲ့အကြောင်းတွေပေါ့။

တကယ်ဆို ကိုယ်က အဖေ့လို အားလူးတစ်လုံးဖြစ်လာဖို့ရှိတာပါ။ စာရေးစာဖတ်ဝါသနာပါတယ်၊ ဆရာလုပ်ချင်တယ်။ စကားဝိုင်း ထိုင်ပြောနေရရင် ဘယ်လောက် ကြာကြာ နားထောင်နိုင်တယ်၊ လိုက်ထောက်ပေးနိုင်တယ်၊ လိုက်ပြောနိုင်တယ်။ အဲ တစ်ခုခု ထလုပ်၊ သွားလုပ်ပါဆိုရင်တော့ မလုပ်ရေးချ မလုပ်ဘဲ။ တစ်နေကုန် အားလူးဖုတ်နေလို့ ရတယ်၊ တစ်ခုခုထလုပ်ဖို့ကိုတော့ တွန့်ဆုတ်သူမျိုးဖြစ်တယ်။

အမေကတော့ ဒီလိုမဟုတ်ဘူး၊ ပြောနေတာကြာတယ်၊ အခုထလုပ်၊ ခဏနေ ရလဒ်ထွက်အောင်လုပ်ပြ။ ထီထိုးထားလို့ သိန်းဆုထွက်လာရင် ကံကောင်းလို့ သိန်းဆုနဲ့ တည့်တည့်တိုးရင် ရမဲ့ငွေတစ်သိန်းကို ထိုင်မျှော်နေတာထက် ဒီနေ့ပဲထပြီး ပွဲစားပဲလုပ်လုပ်၊ စာပဲသင်သင်၊ ဈေးပဲရောင်းရောင်း တစ်ခုခုထလုပ်လိုက်လို့ ရလာမဲ့ ငွေ ၅ ကျပ်၊ ၁၀ ကို တန်ဖိုးထားသူမျိုးပါ။

နောက်တစ်ခုက ကိုယ်တို့မောင်နှမတွေကို ဘွဲ့တွေရ၊ အလုပ်အကိုင်တွေရ၊ အရာရှိတွေ၊ ပြည့်စုံကြွယ်ဝသူတွေ ဖြစ်စေချင်တယ်။ သူ့လိုပင်ပန်း ရုန်းကန်ရတာမျိုး မဖြစ်စေချင်ဘူး၊ အိမ်ထောင်ရေးမှာလည်း မအောင်မြင်တဲ့အိမ်ထောင်ရေးမျိုးနဲ့ ကြုံရမှာမျိုးကို မမြင်ချင်မတွေ့ချင်ဘူး၊ အဲဒီတော့ ဘာလုပ်တယ်ထင်ပါသလဲ။

အဲ ကိုယ်တို့ ၇ တန်း၊ ၈ တန်းလောက်ကတည်းက အမေက သူ့ဝင်ငွေနဲ့ကိုက်ပြီး ထိုက်သင့်တဲ့ ကျုရှင်ထား၊ ကိုယ်တိုင်ကြီးကြပ်၊ စာသေချာမဖတ်ရင် ကောင်းကောင်းဆော်ပလော်တီး လုပ်ပစ်တယ်။

နောက်တစ်ခုက အိမ်အလုပ်လည်း ခိုင်းတာလုပ်ရတယ်။ အ၀တ်လျှော်ဆို လျှော်ပဲ၊ ဈေးဝယ်ဆို ၀ယ်ပဲ၊ ထမင်းဟင်း ချက်ထားဆို ချက်ထားပဲ။ စကားကို နှစ်ခွန်းသိပ်မပြောဘူး၊ ကိုင်တော့တာပဲ။ သူ့မှာလည်း မိန်းမသားတစ်ယောက်တည်းတန်မဲ့နဲ့ မိဘနှစ်ပါးရယ်၊ ကလေးသုံးယောက်ရယ်၊ အိမ်နှစ်အိမ်တာဝန်ကို တစ်ယောက်တည်း ထမ်းရတာဆိုတော့ စဉ်းစားကြည့်ပေါ့။ ကိုယ်တို့ ခုခေတ်မှာ ကိုယ့်တစ်ယောက်စာတောင် အနိုင်နိုင်ရှာနေရတာမို့လား။

အမေက ဒီလိုတွေ လုပ်ရပေမဲ့ လုံးဝမညည်းညူဘူး။ သူလုပ်ရမဲ့အလုပ်ကို လုပ်နေရတာပဲလို့ မှတ်တယ်။ ကိုယ်တို့ကသာ အရွယ်ကငယ်သေးတော့ ပျင်းတာပေါ့၊ အိမ်အလုပ် မလုပ်ချင်ဘူး၊ ကျောင်းစာ မကျက်ချင်ဘူး။ ဘောလုံးကန်ချင်တယ်၊ ကာတွန်းစာအုပ်ဖတ်ချင်တယ်။ ရုပ်ရှင်တွေဘာတွေကြည့်ချင်တယ်။

မှတ်မှတ်ရရ ၆ တန်း ၇ တန်းမှာပဲ အိမ်ရှေ့က မာလကာပင်မှာ ညီအစ်ကိုနှစ်ယောက်ကို ကြိုးချည်နေလှန်းအပြစ်ပေးတယ်။

ဟား ဟား…ကိုယ်တို့က ရပ်ကွက်ထဲက လမ်းသွားလမ်းလာတွေကို “သနားကြပါ၊ သနားကြပါခင်ဗျာ၊ ကျွန်တော်တို့အမေ ကျွန်တော်တို့ကို နေလှန်းအပြစ်ပေး ထားပါတယ်၊ ဒီလောက်နုနုငယ်ငယ်လေးတွေကို ဒီလိုပြင်းထန်တဲ့အပြစ်ပေးတဲ့အမေ့ကို ဖျောင်းဖျနားချပေးကြပါခင်ဗျာ“လို့ ပါးစပ်က ထုတ်မပြောပေမဲ့ မျက်ရည်ဝိုင်းနေတဲ့ သနားစရာမျက်လုံးလေးတွေနဲ့ ညီအစ်ကိုနှစ်ယောက်က လိုက်လိုက်ကြည့်နေတော့ နောက်ဆုံး သူများသားသမီး ကိုယ့်သားသမီး မဟုတ်ဘူးဆိုပေမဲ့ ရပ်ကွက်လေ သိတယ်မို့လား၊

အဲဒီမှာ လူကြီးတချို့က အမေ့လည်း ရှေ့နေဆိုတော့ ကြောက်လည်းကြောက်တယ်၊ ဟုတ်တယ်လေ ကျွန်မသားသမီး ကျွန်မဆုံးမတာ ရှင်တို့အပူလားဆို သူတို့လည်း အခက်တွေ့မယ်မို့လား၊ အမေက အဲဒီလိုတော့ တစ်ခါမှ မရိုင်းပါဘူး။ ကိုယ်စဉ်းစားမိတာလေး ရေးပြတာပါ။

ဒီတော့ နောက်ဆုံး အဲဒီလိုလူကြီးသုံးလေးယောက်ကပြောမှ နင်တို့ကြောင့် ငါပါ အပြောခံရတယ်လို့ ထပ်မံဆူပူပြီးမှ ကြိုးဖြည်ပေးပါတယ်။ အဖွားကတော့ မျက်ရည်လေး စမ်းစမ်းနဲ့ပေါ့။ နေလှန်းထားတုန်းက ကိုယ်ကတော့ ညီအစ်ကိုနှစ်ယောက်မှာ အကြီးဆိုတော့ ကြိတ်ခံပေါ့။ ဒါပေမဲ့ ညီငယ်ကလည်း ခေသူမဟုတ်ပါ၊ သူကလည်း ပိုတောင် သတ္တိရှိပါတယ်။

ငယ်ငယ်က ကိုယ့်အသက် ၄/၅ နှစ်လောက်က ကိုယ့်ကို ရွယ်တူကလေးတစ်အုပ်က ရိုက်နှက်လွှတ်လိုက်တော့ ငိုပြီးပြန်လာတာပေါ့။ အဖိုး အဖွားနဲ့အတူ နေတာဆိုတော့ အဖွားကတော့ ပြာနေတာပေါ့၊ ငါ့မြေးကို ဘယ်သူလုပ်သလဲ ပြောစမ်း..ပြောစမ်း..ဘယ်က ကလေးတွေလဲ၊ သူတို့မိဘနဲ့ သွားတိုင်မယ်ဆိုပြီး ပြောနေ၊ အဖိုးကတော့ လူကြီးဆိုတောာ့ ကလေးချင်းဒီလိုပဲ ရိုက်ကြနှက်ကြ အနိုင်ကျင့်ကြဖြစ်နေကြ၊ ဒါပေမဲ့ သူလည်း သူ့မြေးငိုပြီးပြန်လာတော့ စိတ်မကောင်း ဖြစ်ပေမဲ့ အဖွားလိုတော့လှုပ်လှုပ်ရှားရှားမဖြစ်ဘူး။

အဲဒီမှာ ညီငယ်က ဘာလုပ်တယ်ထင်ပါသလဲ သူက ၃ နှစ်လောက်ရှိဦးမှာပေါ့၊ အုတ်ခဲထက်ပိုင်းကျိုးကို မနိုင့်တနိုင်လက်နှစ်ဖက်ကို ကုန်းကောက်ကိုင်ပြီး ကိုယ့်ကိုလည်း“ဟေ့ကောင်..မင်းကို ချတာ ဘယ်သူလဲ၊ ငါ့ကိုပြ ပြန်ချမယ်“ဆိုတဲ့ အကောင်မျိုးပါ။ အဖိုးက အဲဒါက အမြဲပြန်ပြန်ပြောပြီး အမြဲခွက်ထိုး ခွက်လှန်ရယ်တယ်။ ကိုယ့်မှာတော့ အဖိုး အဲဒီလိုပြောလိုက်တိုင်း အရယ်ခံရတိုင်း မျက်နှာကြီးအောက်ချလို့၊ ရှက်လို့။ အခုထက်ထိတောင် ရှက်နေတုန်း။ အဲဒီလို သတ္တိခဲမောင်။

အမေက စကားသိပ်များများ မပြောဘူး၊ မမှန်တာလည်း မပြောဘူးလေ။ သားသမီးကို ကောင်းတာမှန်တာဖြစ်အောင် လုပ်နေတာ၊ သားသမီးက ဂျစ်ကန်ကန် လုပ်နေတော့ သူလည်း သူတတ်တဲ့နည်း၊ နိုင်တဲ့နည်း၊ ကြောက်သွားစေမဲ့နည်း၊ နောင်ကျဉ်စေမဲ့နည်းတွေနဲ့ ဆုံးမတာပေါ့လေ။

ကွန်မြူနစ်ညီအစ်ကိုနှစ်ယောက်ကလည်း ဘယ်လောက်ပဲဖိနှိပ်ပါစေ၊ လွတ်လပ်ရေးမရမချင်းတိုက်မယ်၊ အရင်းရှင်စနစ်ကြီးလဲပြိုတဲ့အထိ ဆန့်ကျင်မယ်ဆိုပြီး ကလန်ကဆန်လုပ်တော့ အမေက သူထိန်းမရတဲ့အဆုံး တစ်နေ့မှာတော့ “အေး..မင်းတို့ အဖေဆီ သွားနေကြတော့“ဆိုပြီး အိမ်ပေါ်က နှင်ချလိုက်တော့တာပါ ပဲဗျာ။

အကယ်ဒမီဇာတ်ကွက်က အခုမှလာပါပြီ။

ညီအစ်ကိုနှစ်ယောက်ကလည်း အမေ့တော့ နောင်ကျဉ်သွားအောင် ပညာတော့ နည်းနည်းပေးဦးမှဆိုပြီး အရင်းရှင်စနစ်ကို တိုက်ဖျက်ဖို့အရေး ကွန်မြူနစ်နဲ့ပေါင်းပြီး တန်ပြန်တိုက်စစ်ဆင်ဖို့အတွက် နည်းလမ်းရှာဖို့ အဖေ့ဆီ အားကိုးတကြီး ဆင်းလာခဲ့ပါတော့တယ်။

အဖေနဲ့အမေကွဲကြတယ်ဆိုပေမဲ့ ဟိုဘက်ရပ်ကွက် ဒီဘက်ရပ်ကွက်နေကြတာပါ။ ကိုယ်တို့ကလည်း အမေမကြိုက်ပေမဲ့ အဖေနဲ့ ခိုးခိုးတွေ့နေကြပါ။ ဒီတော့ အဖေ့ဆီ ဘယ်လိုသွားရမလဲဆိုတာ သိနေတော့ လွယ်လွယ်လေး ဆင်းလာလိုက်တာပါပဲ။

အမှန်က အမေက သူ့သားတွေကို သိပ်ချစ်ပါတယ်။ အမေဆိုတော့ သားကို ပိုချစ်တာပေါ့။ ဒါပေမဲ့ သားတွေက ဂျစ်တွေမို့ ပြောမရလို့ သူလည်း မနိုင်တော့တာနဲ့၊ ရပ်ကွက်ကလည်း သူ့ကို မေတ္တာပို့ကြပြီလေ။ ဒီတော့ မောင်းချလိုက်တာကောင်းတယ်ဆိုပြီး ခေတ္တမောင်းချလိုက်တာပါ။ ကိုယ်တို့ကလည်း ကလေးဆိုတော့ အရိပ်အခြေလည်း နားမလည်ပါဘူး၊ ဘာ..အရေးလဲကွာ၊ အဖေ့ဆီ သွားနေလိုက်ရုံပေါ့လို့ အေးအေးသက်သာတွေးခဲ့တာပါ။

အဖေ့ဘက်က ဇာတ်(အခြေအနေ)ကိုလည်း ပြန်ခင်းထားဖို့လိုပါတယ်။ အဖေက ငယ်ငယ်ကတည်းက ညီငယ်လိုပါပဲ လက်ခပ်သွက်သွက်နဲ့ အပေါင်းအသင်းခင်တဲ့ သူပါ။ အပေါင်းအသင်းဆို သူက အနစ်နာခံပေါင်းပါတယ်။ ကိုယ်က ကိုယ့်ကို ကြောတယ်လို့ထင်ရင် ထင်တဲ့ခဏမှာပဲ ချက်ချင်းဖြတ်ချလိုက်ပါတယ်၊ မကောင်းတဲ့ စိတ်ပါ၊ အကျိုးမရှိရင် မပေါင်းဘူးဆိုတော့ အရင်းရှင်စိတ်လို့တောင် ခေါ်ရမလား မသိပါဘူး။

အဖေက ငယ်ငယ်ကတည်းက တေဇလူငယ်၊ လမ်းစဉ်လူငယ်၊ မဆလ စသဖြင့် လှုပ်ရှားမှုတွေမှာပါလာတော့ ခဏတော့ မြို့နယ်သမ၀ါယမမှာ လူကြီးဖြစ်ပါတယ်။ သိတဲ့အတိုင်း သမလူကြီးဆိုတော့ ရေနည်းနည်းလျှံတာပေါ့။ အဲဒီအချိန်တုန်းက သူ့အိမ်ကို ကောင်းကောင်းစောင့်ရှောက်နိုင်ခဲ့တာပေါ့။ အမေ၊ အစ်မအပျိုကြီး နှစ်ယောက်၊ အောက်က ညီတွေ၊ နှမတွေကို တတ်နိုင်သလောက် စောင့်ရှောက်ခဲ့တာပေါ့။

ဒီတော့ မိန်းမနဲ့ကွဲလာပြီးတဲ့အခါ မိဘအိမ်ပေါ်ကို အေးအေးဆေးဆေး ပြန်တက်လာနိုင်ပြီး မပူမပင် မကြောင့်မကြ စားသောက်နေနိုင်ခဲ့ပါတယ်။ အမေနဲ့ အပျိုကြီးအစ်မတွေကလည်း သူတို့သားလေး၊ မောင်လေး မိန်းမနဲ့ကွဲလာပြီး စိတ်ဆင်းရဲနေတယ်ဆိုပြီး ကောင်းကောင်းစောင့်ရှောက်ထားတာပေါ့လေ။ မကြာပါဘူး၊ ကုသိုလ်ကံများ အတွဲလိုက်လာတယ်ဆိုသလို မိန်းမနဲ့ရှင်ကွဲ ကွဲရုံတင်မကဘူး၊ အမေကြီး၊ အပျိုကြီးအစ်မတွေနဲ့ သေကွဲကွဲပါတော့တယ်။ အမေနဲ့အစ်မတွေ တစ်ယောက်ပြီးတစ်ယောက် ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ကုန်ကြပါတယ်။

ဒါပေမဲ့ ညီမတစ်ယောက်နဲ့ ညီအငယ်ဆုံးလေးတစ်ယောက်က ဆက်ပြီး အစ်ကိုကြီးဖြစ်တဲ့ အဖေ့ကို ဆက်စောင့်ရှောက်ထားပုံရပါတယ်။ ကိုယ်တို့အိမ်ပေါ်က ဆင်းလာတဲ့အချိန်မှာ အဖေက ညီ၊ ညီမတွေရဲ့ အထောက်အပံ့နဲ့ စားသောက်နေရချိန်ဖြစ်နေပါပြီ။

သိတဲ့အတိုင်း အောက်ကနေပြန်ထောက်တာကို စားနေရချိန်ဆိုတာ အပေါ်ကနေ မေတ္တာ၊ ဂရုဏာ၊ အကြင်နာ ယိုဖိတ်လို့ ကျွေးတာမျိုး မဟုတ်တော့ဘဲ၊ တစ်ခါတရံမှာ ငြူစူဆောင့်အောင့် ကျွေးတာမျိုး ဖြစ်ချင်ဖြစ်နေလောက်ပါပြီ။

အဖေနေနေတာက မိဘအိမ်ဖြစ်တဲ့ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးရဲ့ အပေါ်ထပ် ဘုရားခန်းရှေ့မှာပါ။ အိမ်ထောင်သည် မောင်နှမတွေကတော့ အောက်ထပ်မှာနေတဲ့ သူနေ၊ အပေါ်ထပ်မှာပဲ အခန်းတွေ ပြန်ကန့်ပြီး နေသူနေပေါ့။ အဖေကတော့ လူလွတ်လိုဖြစ်နေတော့ ခုနပြောသလို ညဘက် ဘုရားခန်းမှာ ဖျာခင်း၊ မွေ့ရာခင်း အိပ်ပေါ့။ နေ့ဘက်ကတော့ ဟိုနားထိုင် ဒီနားထိုင်ပေါ့၊ ဒါမှမဟုတ်လည်း သူငယ်ချင်းတွေဆီသွား၊ ဟိုနားဒီနားသွားပေါ့။

လာပြီ၊ သားနှစ်ယောက်က အဖေဆိုပြီး အိမ်ပေါ်ကို လှေကားကနေ ခပ်တည်တည်နဲ့ တက်လာပြီ။ ဒါ သူ့အဖေအိမ်လေ..ဘာဖြစ်လဲ၊ အေးဆေးပေါ့။ သားနှစ်ယောက်ကတော့ ခပ်တည်တည်ပဲ။ အဖေက ထိတ်ကနဲ ဖြစ်သွားပေမဲ့ သားတွေက အရင်ကလည်း ဒီလိုပဲ တစ်ခါတလေ လာနေကြဆိုတော့ လူကြီးပုံစံ ဟန်မပျက်ထိန်းပြီး ခပ်တည်တည်ပေါ့။

သားနှစ်ယောက်က အဖေနဲ့တွေ့ပြီး အဖေ့လက်ကြီးကို ကိုင်ပြီး ခဏနေတော့ ညီအစ်ကိုနှစ်ယောက် မတိုင်ပင်ရပါဘဲ မျက်ရည်တွေ တွေတွေကျလာပြီး “အဖေ…အမေ ကျွန်တော်တို့ကို အိမ်ပေါ်က နှင်ချလိုက်တယ်“လို့ပြောပြီး ငိုလိုက်ကြတာ၊ ရှိုက်လိုက်ကြတာ မပြောပါနဲ့တော့။ ကလေးသာသာတွေဆိုတော့ အဖေနဲ့တွေ့တော့ အားကိုးတွေ့ပြီဆိုပြီး ငိုကြတာ…။

ခုနကတော့ အမေ့ကို ခပ်တည်တည် ခပ်မိုက်မိုက်လုပ်ခဲ့ပြီး ခင်ဗျားကြီးကို ဂရုမစိုက်တော့ဘူး၊ အရေးမလုပ်တော့ဘူးဆိုပြီး ရင်ကော့ခေါင်းမော့ ဆင်းလာပေမဲ့ ဒီမှာကြတော့ အဖေ့ရင်ခွင်ထဲ ခေါင်းခွေ့လိုက်၊ အဖေ့လက်ဖ၀ါးကြီးကိုကိုင်ပြီး ငိုလိုက်နဲ့ လုပ်နေကြတာ။

ဝိုင်းကြည့်နေကြတဲ့ ကိုယ်တို့ရဲ့ အစ်ကိုအစ်မ၀မ်းကွဲတွေ၊ ဦးလေးအဒေါ်တွေကလည်း စိတ်မကောင်းဖြစ်ကြတာပေါ့။ ဒါမှမဟုတ် နောက်ထပ် အိမ်ပေါ်တက် စားသောက်မဲ့ ပါးစပ်ပေါက်နှစ်ပေါက်တော့ လာပြန်ပဟဆိုပြီး စိတ်ညစ်နေတာလည်း ဖြစ်ချင်ဖြစ်မှပေါ့။

အဲဒီမှာ ကိုယ်တို့ညီအစ်ကိုနှစ်ယောက်ထက်ပိုပြီးဝမ်းနည်း၊ ပိုပြီးငိုနေတဲ့သူကတော့ အဖေပါပဲ။ အဖေလုပ်နေတဲ့၊ သားတို့အတွက် လက်ဖ၀ါးအကြီးကြီးနဲ့ လူကြီးတစ်ယောက်ဖြစ်လို့သာ သူ့မျက်လုံးက ထွက်ကျလာမဲ့မျက်ရည်တွေကို မျက်တောင်တွေကို ပုတ်ခတ်ပြီး သူကြိုးစားထိန်းထားတာပါ။ သူ့ရင်ထဲက မျက်ရည်ရေကာတာကြီးကတော့ ကျိုးကျသွားခဲ့ပါပြီ။

ဇနီးဟောင်းဖြစ်တဲ့သူကို လုပ်ရက်လေခြင်းလို့ စိတ်ဆိုးချင်လည်း ဆိုးနေမယ်၊ ဒါမှမဟုတ် အားကိုးတကြီးပြေးလာတဲ့ သားနှစ်ယောက်ကို ကျေနပ်လောက်အောင် နှစ်သိမ့်ပေးနိုင်စွမ်းမရှိတဲ့ အဖေဆိုပြီး သူ့ကိုယ်သူလည်း ယူကျုံးမရဖြစ်နေသလားတော့ မသိပါဘူး။

အဖေဟာ တော်တော်ကြီးကို ထိထိခိုက်ခိုက်ခံစားနေရပါတယ်။ နောက်တော့ အဖေ ဟန်မဆောင်နိုင်တော့ပါဘူး၊ သားတွေနဲ့အတူ သူ ငိုတော့တယ်။ သူ့မျက်လုံးက မျက်ရည်တွေကလည်း တရဟော ကျလာခဲ့ပါပြီ။

အဖေဟာ မောင်နှမတွေ မျက်နှာကို ကြည့်ပြီး မှီခိုစားသောက်နေရသူတစ်ယောက်၊ သူ့သားနှစ်ယောက်ဟာ မှီခိုသူရဲ့မှီခိုသူများ အဖြစ်ရောက်လာတော့မဲ့ လူမမယ် ဘ၀လေးတွေ၊ အလွန်ဝမ်းနည်းစရာကောင်းတဲ့ အခိုက်အတန့်လေးပါပဲ။ ဘ၀မှာ ဘယ်တော့မှ မေ့မှာမဟုတ်တဲ့ အချိန်တွေပါပဲ။

ညီအစ်ကိုနှစ်ယောက်ဟာ ကြမ်းပြင်မှာ ၀ပ်ဝပ်လေးထိုင်နေကြတယ်၊ တင်ပျဉ်ခွေတောင် ထိုင်နေတာ မဟုတ်ပါဘူး။ တင်ပျဉ်ခွေထိုင်တယ်ဆိုတာ ပိုင်ဆိုင်မှုသဘော(possessive)ပါပြီး ရဲတင်းပါတယ်၊ အခုက ပုဆစ်တုပ်ပုံစံနဲ့ ခပ်ဝပ်ဝပ်ထိုင်နေကြတာပါ။ ငိုပြီး ၀မ်းနည်းနေတာပါ။ အဖေဟာ သားနှစ်ယောက်ကို ဖက်ထားပြီး အသက်ရှုသံတွေပြင်းပြီး တစ်ကိုယ်လုံးတုန်နေပါတယ်။

အဖေ့နှမတစ်ယောက်ကတော့ ညဖက်ကြီးဆင်းလာတဲ့ ကိုယ်တို့ညီအစ်ကိုနှစ်ယောက်ကို ထမင်းကော စားပြီးပြီလားလို့ မေးတယ်၊ နောက်တော့ သူ့အစ်ကိုကြီး ကိုလည်း နှစ်သိမ့်တာပေါ့လေ၊ ဘယ်တတ်နိုင်မလဲ၊ အကောင်းဆုံးလုပ်ကြတာပေါ့၊ ဘာညာပေါ့။ ကျန်တဲ့သူတွေကလည်း စိတ်မကောင်းဖြစ်ကြပေါ့။

ဒီနေရာမှာ ကိုယ့်ဆီမှာ အဖေ့အမျိုးတွေကို အပြစ်တင်တဲ့လေသံလုံးဝမပါဘူးဆိုတာကို ပြောလိုပါတယ်။ သူတို့လည်း မပြေလည်ကြတဲ့သူတွေမို့ ပါးစပ်ပေါက်တွေ နောက်ထပ်တိုးလာမှာကို မလိုလားတာကိုတော့ လုံးဝလက်ခံပါတယ်။

အဖေကတော့ အဲဒီအချိန်မှာ အများကြီးတွေးနေ၊ စဉ်းစားနေမယ်လို့ ထင်ပါတယ်။ နောက် သူထသွားပြီး စာအုပ်ဗီရိုနားရပ်ပြီး မျက်ရည်ပြည့်နေတဲ့ မျက်လုံးတွေနဲ့ သားနှစ်ယောက်ကို ကြည့်နေပါတယ်။

အဖေဟာ အိမ်ပေါ်က ဆင်းသွားတော့ သူ့ပိုင်တဲ့စာအုပ်တွေရယ်၊ အ၀တ်အစားရယ်ပဲ ယူသွားတာပါ၊ နောက်တော့လည်း ဘာမှမလုပ်တတ်တော့ သူသိပ်ချစ်တဲ့ သူပိုင်တဲ့ စာအုပ်တွေပဲ ရောင်းစားရတာပေါ့။ အခုတော့ သားနှစ်ယောက် အိမ်ပေါ်က ဆင်းလာတဲ့အချိန်မှာ ရောင်းစရာစာအုပ်ကလည်း မကျန်သလောက်ဖြစ်နေ ပါပြီ။

သားကြီးဖြစ်တဲ့ကိုယ်က စတင်ရိပ်စားမိလိုက်ပါပြီ၊ ညီငယ်ကလည်း လူပါးပါပဲ၊ ဒါပေမဲ့ အဲဒီအချိန်က သူရိပ်စားမိလား မမိလားတော့ ကိုယ်လည်း မသိပါ။

ကိုယ်ရိပ်စားမိတယ်ဆိုတာက ဖခင်ရဲ့ အခြေအနေ မဟန်ဘူးဆိုတာပါ၊ သူတောင် သည်းခံပြီး အဆင်ပြေသလို နေထိုင်နေရတာဆိုတော့ ကိုယ်တို့ကို သူဘယ်လို လက်ခံ မထားနိုင်ပါဘူး၊ အားလုံး ဒုက္ခရောက်မဲ့ကိန်းပါ။

အခြေအနေတစ်ရပ်ဟာ တစ်ခါတလေ သူ့ဟာသူတည့်သွားတတ်ပါတယ်။ တည့်သွားပါတယ်။ နောက်ဆုံးတော့ အဖေနဲ့ရော အမေနဲ့ပါ ရင်းနှီးတဲ့ကြားက မိတ်တွေတစ်ယောက်(ဦးလေးကို ကျေးဇူးတင်ပါတယ်)ရဲ့ကောင်းမှုအကြောင်းပြုပြီး အမေ့ကိုတောင်းပန်၊ ရှိခိုးဦးချလို့ အလံဖြူပြပြီးနောက်မှာ ခပ်ဆိုးဆိုး ညီအစ်ကိုနှစ်ယောက် အမေ့အိမ်ပေါ် ပြန်ရောက်လာခဲ့ကြောင်းပါ။ ပုံပြင်လေးကတော့ ဒါပါပဲခင်ဗျာ။

အဆုံးမတော့ အရင်းရှင်စနစ်ကပဲ နိုင်သလိုလိုဖြစ်သွားပါတယ်၊ ကိုယ်လုပ်မှ ကိုယ်ရ၊ ကိုယ်ကြိုးစားမှ ကိုယ်စားရမှာ မဟုတ်လားဗျာ။

အမေနဲ့အဖေ့ကို ဒီစာစုနဲ့ ကန်တော့ပါတယ်။ အဖေရေ…သား ပြုတဲ့ ကုသိုလ်ကောင်းမှုတွေကို အမျှ…အမျှ…အမျှ…ယူပါခင်ဗျာ။

၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၃၁ ရက်၊ ည ၁၁ နာရီခွဲ။