လန်ဒန်ရောက်ရင် လုပ်ရမဲ့အလုပ်တွေထဲမှာ ပြဇာတ်ကြည့်တာကိုလည်း ထည့်သွင်းထားခဲ့ပါတယ်။ ကိုယ်က ကောင်းတာဆိုရင် အကုန်ကြိုက်၊ သူဌေးတွေရဲ့ အမူအကျင့်တွေ ဇိမ်ခံတာတွေကိုလည်း လုပ်ကြည့်ချင်တော့ ပြဇာတ်လည်း ကြည့်ဖို့ စိတ်ထဲထည့်ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ပြီးခဲ့တဲ့ စနေနေ့ ဇန်န၀ါရီလ ၂၃ ရက်၊ မနက်ပိုင်း ရေခဲပြင်စကိတ်စီးအပြီးမှာ ပြဇာတ်ကြည့်ဖြစ်ခဲ့ပါတယ်။ ပြဇာတ်ရုံတွေကလည်း ရုံးရှေ့ မြို့လယ်မှာပဲ ရှိတာပါ။

နာမည်ကျော်ပြဇာတ်တွေက အများကြီးရှိပေမဲ့ ကိုယ်ကြည့်ချင်တဲ့ပြဇာတ်ကတော့ တော်ဝင်ပြဇာတ်မဟုတ်ပါဘူး၊ ခေတ်ပေါ်ပြဇာတ်တစ်ခုပါ။ ခေတ်ပေါ်ဆိုပေမဲ့လည်း ၁၉၆၃ ခုနှစ်နွေဦးကို ဇာတ်ကျောရိုးပြုထားတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ နီးပါးအခြေပြုပြဇာတ်လို့ ခေါ်ရမလားပါပဲ။ ပြဇာတ်နာမည်က Dirty Dancing ပါ။ ဒါမျိုးဆို ကိုယ်တို့အကြိုက်ဖြစ်နေတော့ စိတ်ဝင်စားမှုက ပိုသွားတာပေါ့ဗျာ။

မနက် ၁၁ နာရီလောက်မှာ ရေခဲပြင်စကိတ်ကွင်းကနေထွက်လာပြီး ပြဇာတ်ရုံဝင်လက်မှတ်ဝယ်တော့ ကိုယ်က အနိမ့်ဆုံးတန်းဖြစ်တဲ့ ၁၅ ပေါင်တန်းက ၀ယ်ပါတယ်။ ကုန်သွားပြီတဲ့။ လက်မှတ်ဈေးက ၁၅၊ ၂၈၊ ၃၃၊ ၃၈၊ ၄၅၊ ၆၂.၅၀ ပေါင်ဆိုပြီး အမျိုးမျိုး ရှိပါတယ်။ ကိုယ်က ကြည့်ဖူးရုံ၊ အတွေ့အကြုံလိုချင်ရုံသက်သက်ဆိုတော့ အနိမ့်ဆုံးတန်းဝယ်တာပါ။

ပုံမှန်ဆိုရင် ဒီပြဇာတ်က တနင်္ဂနွေတစ်ပတ်မှာ တနင်္လာကနေ စနေအထိ ၆ ရက် ကပါတယ်။ တစ်ပတ်လုံးမှာ တစ်နေ့တစ်ပွဲ ညစဉ် ၇ နာရီမှာ ပြဇာတ် စကပေမဲ့ သောကြာနဲ့ စနေနေ့တွေမှာတော့ မွန်းလွဲ ၃ နာရီ တစ်ပွဲတိုးပြီး ထပ်ဆောင်းကပါတယ်။ တစ်ပတ် ၈ ကြိမ် ပြဇာတ်ကတယ်လို့ ဆိုရပါမယ်။

နောက်တစ်ခုက ဒီပြဇာတ်လက်မှတ်တွေက တချို့ဆို တစ်နှစ်လောက် ကြိုတင်ဝယ်ယူထားကြတာမျိုးပါ၊ ကိုယ်က ဒီနေ့မှ ချက်ချင်းသွားဝယ်လိုက်တာပါ။

၁၅ ပေါင်တန် မရှိတော့ဘူးဆိုတော့ ၂၈ ပေါင်တန်လေး ရောင်းပေးပါလားဆိုတော့ ကြည့်ပေးမယ်ဆိုပြီး ကြည့်တော့ ၂၈ ပေါင်တန်ကလည်း ကုန်ပြီတဲ့။ ကြည့်ပေးပါဦးဗျာ ကျွန်တော်က ပိုက်ဆံများများ မတတ်နိုင်လို့ပါဆိုတော့ ဒီလိုလုပ်တဲ့ ၃၃ ပေါင်တန်လက်မှတ်တော့ ရှိသေးတယ်၊ အဲဒါကို ကျောင်းသားနှုန်းနဲ့ ပေးလိုက်မယ်တဲ့၊ ဒါနဲ့ ၂၂ ပေါင်ခွဲပေးပြီး လက်မှတ်ရလာပါတယ်။

လက်မှတ်ရတော့ စိတ်အေးသွားပြီး တရုတ်တန်းမှာ ထမင်းသွားစားမယ်ဆိုပြီး ထွက်လာပါတယ်။ အဲဒီမှာ တရုတ်ဆိုင်တွေက မွန်းတည့် ၁၂ နာရီမှာမှ ဖွင့်မှာဆိုတော့ ဗိုက်ကလည်း ဆာနေတာနဲ့ McDonald’s ၀င်ပြီး ဟမ်ဘာဂါပဲ စားဖြစ်လိုက်တယ်။ McDonald’s မစားဖြစ်တာ ၂ နှစ်ကျော်သွားပြီ၊ ပြန်စားရတာ တစ်မျိုးတော့ ကျေနပ်သွားတယ်။

မွန်းလွဲ ၃ နာရီမှာ ပြဇာတ်စမှာဆိုတော့ ၁၅ မိနစ်စောလာရတယ်၊ ၃၃ ပေါင်တန်းဆိုတော့ အပေါ်ထပ်မှာကြည့်ရတယ်။ အောက်ထပ်က ၄၅ ပေါင်တန်းတို့၊ ပေါင် ၆၀ ကျော်တန်းတို့ဖြစ်မယ်။ ခုံတွေက နည်းနည်းသေးပြီး လူကြီးတွေက အထွားကြီးတွေဆိုတော့ နည်းနည်းကျပ်နေတယ်။ ပြဇာတ်ရုံတစ်ခုလုံး လူပြည့်နေတယ်။ ပြဇာတ်ရုံက ရုပ်ရှင်ထဲမှာတွေ့ရတဲ့အတိုင်းပါပဲ။

မွန်းလွဲ ၃ နာရီ နည်းနည်းစွန်းတော့ ပြဇာတ်စတယ်။ ကောင်မလေးတွေ ကြည့်တာများတယ်။ အော်ဟစ်နေတာပဲ၊ ကြိုက်ကြပုံပေါ်တယ်။ အကတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်တယ်။ တစ်ပတ်လုံး ဒါတွေဒါတွေချည်းကနေရတာဆိုတော့ ကတဲ့သူတွေဟာ အင်မတန်တော်တယ်။ သပ်ရပ်တယ်။ ဆက်တင်တွေက အလွန်ကောင်းတယ်၊ ခေတ်မီတယ်။ မြန်ဆန်တယ်။ ဇာတ်စင်က ဒီလောက်အကြီးကြီး မဟုတ်ဘူး၊ ဒါပေမဲ့ သပ်သပ်ရပ်ရပ်နဲ့ ကွက်တိပဲဖြစ်နေတယ်။

ဇာတ်လမ်းက ခုနပြောသလိုပဲ ၁၉၆၃ ခုနှစ်နွေဦးရာသီ၊ ဆရာဝန်မိသားစုတစ်စု၊ ဟိုတယ်ဝန်ထမ်းတစ်ဖွဲ့၊ အက အုပ်စုတစ်စု၊ အကဆရာနဲ့ ဆရာမ သိပ်တော်တယ်။ နောက် ကောင်မလေးတစ်ယောက်၊ ကောင်မလေးရယ် သူ့အစ်မရယ်က ဆရာဝန်ရဲ့ သမီးနှစ်ယောက်။ ကကွက်တွေ မီးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်တင်ဆက်တယ်။

ဇာတ်လမ်းကတော့ အကဆရာမ နေမကောင်းဖြစ်တော့ သူ့နေရာမှာ ကဖို့ ခုနကောင်မလေးကို အကဆရာက သင်ပေးတယ်။ ကောင်မလေးက မြီးကောင်ပေါက်မ လေး၊ ဆတ်ဆလူးလေးပေါ့။ သူ့ကို အက ဆရာက သင်ပေးတယ်၊ နှစ်ယောက်ပူးကပ်ပြီးကတယ်။ ပွတ်သပ်၊ ပူးကပ်တယ်၊ မုဒ်သွင်းတယ်။ အဲဒါက Dirty Dancing ပဲ။

အမှန်တော့ ဒါမျိုးကတာက မြန်မာ့အမြင်နဲ့ဆို ရိုင်းပါတယ်၊ သားနဲ့အမိ မောင်နဲ့နှမ ကြည့်ဖို့ မသင့်တာမျိုးပါ။ ဒါပေမဲ့ အနုပညာမျက်လုံးနဲ့ ကြည့်ရင်တော့ သိပ်လှနေ ပါတယ်။ ပရိသတ်ကောင်မလေးတွေဆို မြူးနေတော့တာပါပဲ။ လူကြီးတွေ၊ အဖိုးကြီးအဖွားကြီးတွေလည်း ကြည့်ပါတယ်။ သူတို့လည်း သဘောကျပါတယ်။

ပြဇာတ် တစ်နာရီကျော်ကပြီး အားလပ်ချိန်ခဏနားပါတယ်၊ နာရီဝက်နီးပါးတောင် နားပါတယ်။ နောက်တစ်ခါ တစ်နာရီလောက်ကြာအောင် ပြန်ကတယ်။ စုစုပေါင်း ပြဇာတ်ကချိန် နှစ်နာရီစွန်းစွန်းရှိပါတယ်။ ပြဇာတ်ကို အရသာရှိရှိကြည့်ခဲ့ရတယ်ပဲဆိုပါတော့။

သူတို့ဆီမှာလည်း ပြဇာတ်ရုံဝန်ထမ်းတွေက ရေသန့်၊ မုန့်၊ ရေခဲမုန့် စတာတွေ ရောင်းတာမျိုးတွေ့ပါတယ်၊ နောက်ပြီး Dirty Dancing လိုဂိုပါတဲ့ တီရှပ်၊ လက်ကိုင် အိတ်၊ စာအုပ်၊ ကော်ဖီခွက် စတဲ့အမှတ်တရပစ္စည်းတွေ ရောင်းတာမျိုးလည်း တွေ့ရပါတယ်။

ပြဇာတ်ရုံထဲကထွက်လာတဲ့အထိ ဆတ်ဆလူးမလေး အကဆရာနဲ့ ကိုယ်ခန္ဓာချင်းပွတ်သပ်ကလိုက်ပြီးနောက် ဖျပ်ဖျပ်လူးသွားတဲ့ပုံလေးကို မြင်ယောင်မိနေဆဲ။

၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၃၀ ရက်၊ ည ၁၀ နာရီခွဲ။