အရင်ကတော့ ရေခဲပြင်ပေါ်မှာ စကိတ်စီးတာကို တီဗီဖန်သားပြင်မှာသာ တွေ့ခဲ့ဖူးတာပါ၊ ရုံတွင်းပြိုင်ပွဲတွေမှာဆို စုံတွဲတွေက အဲဒီရေခဲပြင်ပေါ်မှာ ပြေးလွှားစီးကြပြီး ကတောင်ကလိုက်သေးတယ်။ တစ်ခါတခါ အမျိုးသားက အမျိုးသမီးကို လေထဲမှာ ပစ်လိုက်ပြီးမှ ပြန်ဖမ်းပြတာ အသည်းယားစရာပါပဲ။ အဲဒီထဲက စိတ်ဝင်စားခဲ့ တယ်၊ သဘောကျပြီး ကြည့်ရှုခံစားခဲ့တယ်။ တစ်ချိန်ကြရင် ဒါမျိုးစီးခွင့် ကြုံလာနိုင်တယ်ဆိုတာကိုတော့ လုံးဝမတွေးဖူးခဲ့။

ပြီးခဲ့တဲ့အပတ် စနေနေ့ ဇန်န၀ါရီလ ၂၃ ရက်ကတော့ ရေခဲပြင်ပေါ်စကိတ်စီးတာကို တစ်နာရီကြာ စီးဖြစ်ခဲ့တယ်၊ အတွေ့အကြုံသစ်ပေါ့လေ။

လန်ဒန်မှာက ခရစ္စမတ်ကာလမတိုင်ခင်လောက်ကတည်းက ဒီလိုရေခဲပြင်စကိတ်ကွင်း သုံးလေးကွင်းလောက် လုပ်ထားတယ်၊ ဘယ်သူမဆို သွားစီးလို့ရတယ်။ လူများတာကြောင့် လက်မှတ်တော့ ကြိုဝယ်ရတယ်။ ကလေး၊ လူငယ်၊ လူလတ်၊ လူကြီး အကုန်လာစီးကြတယ်။ အပျော်ပေါ့၊ ဒီနှစ်ကတော့ ခရစ္စမတ်ကာလမှာ နှင်းကျလို့ ပိုလို့ပျော်ဖို့ကောင်းသွားတယ်။

ပထမတော့ ဒီလိုစကိတ်စီးလို့ရတယ်ဆိုတာကို ကိုယ်လည်း မသိပါဘူး။ နှင်းတွေကျတဲ့တစ်ရက်မှာ ရုံးက အစ်မတစ်ယောက်က ပြောလာတယ်။ “မင်း…ရေခဲပြင် ပေါ်မှာ စကိတ်သွားစီးပါလား“တဲ့။ ဟုတ်လား၊ ဘယ်မှာစီးလို့ရသလဲလို့ ပြန်မေးတော့ သုံးလေးနေရာရှိတယ်၊ ဂူဂဲလ်လုပ်ကြည့်လိုက်လို့ဆိုတယ်။ အစ်မလည်း လိုက်ခဲ့ပါလားလို့ အဖော်စပ်သေးတယ်၊ သူကလည်း အလုပ်များတယ် ထင်ပါတယ်၊ ဘာမှပြန်မပြောတာနဲ့ ကိုယ့်ဘာသာကိုယ် စီးတာပေါ့ကွာလို့ စိတ်ထဲထား လိုက်တယ်။

နောက်တစ်ပတ်လောက်အကြာမှာ လန်ဒန်ရောက်နေတဲ့ အစ်ကိုတစ်ယောက်ကလည်း “ဟေ့ကောင် မင်း ရေခဲပြင်စကိတ်သွားစီးပါလား“ လို့ ပြောလာပြန်တယ်၊ အင်း ဒါဆို သွားစီးမှဖြစ်တော့မယ်လို့ ကိုယ်ဘာသာကိုယ် တွေးလိုက်မိတယ်။ ကိုယ်ကလည်း အတွေ့အကြုံသစ်ရအောင် စမ်းသပ်ချင်နေသူ၊ နောက်ပြီး နှစ်ယောက် တောင်မှ ပြောလာပြီဆိုတော့ သွားရမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါနဲ့ “အစ်ကို ရေခဲပြင်ပေါ်စကိတ်စီးရတာ လွယ်သလား“ဆိုတော့ အစ်ကိုက ရယ်တယ်၊ မတ်တပ်တောင် မနည်းရပ်ရတာတဲ့။ ဟာ ခြေထောက်နှစ်ဘက်ပေါ် ကိုယ့်ခန္ဓာကြီးကို ဟန်ချက်ညီအောင်ထားပြီး လှုပ်ရှားရတာများ ဘာမလွယ်စရာရှိလဲလို့ ကိုယ့်ဘာသာကိုယ် ထင်လိုက်တယ်။ သူကြောက်လို့ ဖြစ်မှာပါ၊ ငါစီးရင် တစ်ခါထဲနဲ့ စီးလို့ရစေရမယ်လို့ ကြုံးဝါးလိုက်တယ်။ အစ်ကိုက ပြောသေးတယ်၊ သူဆို ခဏခဏလဲတာမှာ လက်ထောက်ထောက်လိုက်လို့ နောက်နေ့ကြတော့ လက်တွေတောင် ဖူးယောင်လာတယ်တဲ့။ သတိတော့ထားမှလို့ စိတ်ထဲထည့်ထားလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံသစ်တော့ မြည်းစမ်းကြည့်ချင်တယ်။

ဒါနဲ့ ဂူဂဲလ်လုပ်ကြည့်လိုက်တော့ လန်ဒန်မြို့လယ်က Somerset House မှာရှိတဲ့ ရေခဲပြင်မှာ စီးမယ်လို့ ဆုံးဖြတ်လိုက်တယ်၊ တကယ်တော့ ရေခဲပြင်တွေက လူလုပ်ထားတာပါ၊ စကိတ်စီးလို့ရအောင် ဖန်တီးထားတာပေါ့။ ကုမ္ပဏီတစ်ခုက တာဝန်ယူပြီး ငွေရှာတဲ့သဘောပေါ့။ ကိုယ်သွားစီးခဲ့တာဆိုရင် Tiffany & Co က စီစဉ်ပေးတာ၊ သူတို့က Somerset House မှာ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်ကနေ ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ ၂၄ ရက်အထိ ရေခဲပြင်စကိတ်ကွင်း လုပ်ပေးထားတာပေါ့။

ကိုယ်စီးတဲ့နေ့က နောက်ဘိတ်ဆုံးမတိုင်ခင် တစ်ရက်ပေါ့၊ နောက်တစ်ရက်ဆို စကိတ်ကွင်းပိတ်ပြီ၊ ပထမတစ်ပတ်က အွန်လိုင်းကနေ လက်မှတ်ဝယ်တော့ လက်မှတ်ပို့ခ ၂ ပေါင်ခွဲထပ်ပေးရမယ်ဆိုတာနဲ့ မ၀ယ်ဖြစ်တော့ဘူး။ အစ်ကို့ကို ထပ်မေးတော့ အဲဒီမြို့လယ်က ဘူတာကြီးတစ်ခုနားကပဲ၊ မင်းကိုယ်တိုင် လက်မှတ်သွားဝယ်လိုက်ရင် စာတိုက်ကနေပို့ခပေးစရာ မလိုတော့ဘူးပေါ့တဲ့။

ဒါနဲ့ လက်မှတ်သွားဝယ်လိုက်တော့ ရော ခက်သား၊ ကိုယ့်ရုံးနောက်ဘက်က အဆောက်အဦဖြစ်နေတယ်၊ အရင်ကလည်း အဲဒီထဲဖြတ်သန်းဖူးပါတယ်။ နာမည်နဲ့နေရာ မချိတ်မိလိုက်တော့ အဝေးကြီးထင်နေတာကိုး။ အဲဒီတော့ သောကြာနေ့ညနေမှာ စနေနေ့မနက် ဇန်န၀ါရီလ ၂၃ ရက် မနက် ၁၀ နာရီကနေ ၁၁ နာရီအထိ တစ်နာရီကြာစီးဖို့ လက်မှတ်ဝယ်လိုက်တယ်။

လက်မှတ်က မနက်ပိုင်းအတွက် ၀ယ်တော့ လူကြီးတစ်ဦး ၁၀ ပေါင်ခွဲပေးရတယ်၊ ညနေခင်းအတွက် ၀ယ်မယ်ဆိုရင်တော့ ၁၃ ပေါင်ခွဲပေးရမယ်။ မနက်က လူနည်းပြီး ညနေက လူများတယ်။ ကိုယ်ကတော့ လူရှင်းတာကြိုက်ပြီး ဈေးသက်သာတာလိုချင်တာနဲ့ မနက်ပိုင်းပဲ စီးဖြစ်ခဲ့တယ်။ ရုံးပိတ်ရက်ဖြစ်ပေမဲ့ အိပ်ရာကတော့ စောစောထလာရတာပေါ့လေ။

ကွင်းကို ၁၀ နာရီမထိုးခင် ၁၅ မိနစ်စောရောက်အောင် လာရမယ်လို့ လက်မှတ်ရောင်းတဲ့သူက မှာထားတယ်။ လက်မှတ်ထဲမှာကြတော့ မိနစ် ၂၀ တောင်မှ စောလာခိုင်းထားတယ်။ တစ်နာရီအပြည့် ရေခဲပြင်ပေါ် စကိတ်စီးနိုင်ဖို့ ကြိုတင်ပြင်ဆင်ရအောင်လို့လို့ ပြောတယ်။ ဟုတ်တယ်လေ လူတွေက အများကြီးဆိုတော့ ၁၅ မိနစ်၊ မိနစ် ၂၀ ကြိုတင်လာကြမှ ၁၀ နာရီ ဒေါင်ကနဲကွင်းဖွင့်တာနဲ့ အားလုံးအဆင်သင့်ဖြစ်နေကြမှာကိုး။

တော်သေးတယ် အချိန်မီရောက်လို့…နာရီဝက်စောထွက်လာတာတောင် ရထားပျက်နေလို့ ရထားတစ်တန် ဘတ်စ်ကားတစ်တန်နဲ့ လာရတော့ မီရုံလေးပဲ။ လက်မှတ်ပြ၊ ရေခဲပြင်ပေါ် စကိတ်စီးဖို့ ဓားသွားပါတဲ့ ဖိနပ်ကိုလဲဝတ်ပြီး ၁၀ နာရီထိုးချိန်ကို စောင့်နေရတယ်။

ကလေး၊ လူငယ်၊ လူလတ်၊ လူကြီးအားလုံး ဖိနပ်တွေလဲပြီး အဆင်သင့်ဖြစ်နေပြီ။ ခဏနေရင် တံခါးဖွင့်ပေးပြီး စကိတ်ကွင်းထဲ ၀င်ရတော့မယ်။ ကိုယ်က ဓာတ်ပုံတွေ ဘာတွေ ရိုက်လိုက်သေးတယ်။

လက်မှတ်မှာ သေချာရေးထားတယ်၊ စကိတ်ကွင်းထဲမှာ အေးမှာမို့ အအေးခံနိုင်တဲ့အ၀တ်ဝတ်ထားပါ၊ လက်အိတ်စွပ်ထားပါ။ လဲလို့လက်ထောက်ရင် လက်အိတ်နဲ့ဆိုတော့ သိပ်မနာဘူးပေါ့။ ကိုယ်ကတော့ လက်အိတ်က နှစ်ထပ်၊ ခြေအိတ်က နှစ်ထပ်။ အ၀တ်ကလည်း လေးထပ်လောက်ထူထူတွေ ၀တ်ထားတယ်။ အပေါ်ဆုံးက သားရေဂျာကင်အထူကြီးဝတ်ထားတော့ လဲမှာတော့ မကြောက်ရဘူးဆိုပြီး ကိုယ့်ဘာသာကိုယ် အားတင်းထားတယ်။ ဘောင်းဘီကလည်း အသားကပ်အကျပ်တစ်ထည်၊ ဂျင်းဘောင်းဘီထူထူတစ်ထည် နှစ်ထပ်ထပ်ဝတ်ထားတယ်။ ခေါင်းစွပ်လည်း စွပ်ထားသေးတယ်။

ဟုတ်ပြီ၊ ၁၀ နာရီထိုးတော့ ကွင်းထဲပေးဝင်ပြီ၊ ကလေးတွေကတော့ ပျော်ပါးစွာနဲ့ ခပ်သွက်သွက်ဝင်သွားကြပြီ။ စကိတ်ကွင်းထဲမှာ နာရီလက်တံပြောင်းပြန် anti-clockwise စီးရမယ်လို့ ကြီးကြပ်သူတွေက ပြောနေတယ်၊ အော်နေတယ်။ သူတို့စကားကိုလည်း နားထောင်ရမယ်လို့ လက်မှတ်မှာ ရေးထားတယ်။

ကျွမ်းကျင်သူတွေကတော့ ချက်ချင်းစီးကြပြီပေါ့၊ လေထဲမှာ ငှက်ကလေးပျံနေသလို ဝေ့ကာဝိုက်ကာနဲ့ပေါ့။ ကြည့်လို့ကောင်းတာပေါ့။ မစီးတတ်တဲ့သူတွေကတော့ စကိတ်ကွင်းလက်ရန်းကိုကိုင်ပြီး ဖြည်းဖြည်းချင်းရွှေ့နေရတယ်။ ဟ အစ်ကိုပြောတာ ဟုတ်ပလို့ သတိရလိုက်တယ်။ တကယ်ကိုပဲ ရေခဲပြင်ပေါ်မှာ ဒီဓားသွား ထက်ထက်ဖိနပ်ပေါ် ဟန်ချက်ညီညီ မတ်တပ်ရပ်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်တဲ့ကိစ္စပဲ။ ဒီလူကြီးကြောက်လို့ပါကွာလို့ တွေးခဲ့မိတာကိုတောင် စိတ်မကောင်းဖြစ်သွား သေးတယ်။

စကိတ်ကွင်းထဲမ၀င်ခင် ဓားသွားပါတဲ့ဖိနပ်ကိုဝတ်ပြီး လမ်းစမ်းလျှောက်ကြည့်သေးတယ်၊ ကတ္တီပါကောဇောပေါ် လျှောက်ကြည့်တာဆိုတော့ ဟုတ်နေတာပေါ့၊ ငါ ရပ်နေနိုင်သားပဲလို့တောင် တွေးမိပြီး တယ်ဟုတ်တဲ့ ငါပါလားလို့ သွေးနထင်ရောက်သွားသေးတယ်။ အခုတော့ ဘေးလက်တန်းကို ကိုင်ပြီး မချော်အောင် ဟန်ချက် မပျက်အောင် မနည်းထိန်းနေရတယ်။ ဒါတောင် တစ်ချက်တစ်ချက် ချော်သွားသေးတယ်။

ဘေးလက်ရန်းကလည်း ကိုယ်ချည်းကိုင်ထားလို့ရတာမျိုး မဟုတ်ဘူး၊ နာရီလက်တံပြောင်းပြန်အတိုင်း စကိတ်ကွင်းထဲမှာ စီးတဲ့သူကစီးနေသလို လက်ရန်းကိုင် ကိုင်ပြီး စကိတ်ကွင်းထဲ ပတ်နေသူတွေကလည်းရှိတော့ ကိုယ်က လက်ရန်းကို အကြာကြီးကိုင်ထားလို့ မရဘူး။ အဲဒီလူတွေလို လက်ရန်းကိုင်ပြီး လိုက်ပတ်ချင်ပတ် မဟုတ်ရင် ၅ ပေအကျယ်လောက် အကွက်တစ်ကွက် အကျယ်တွေမှာ ကတ္တီပါခင်းထားတဲ့ တက်ရပ်လို့ရတဲ့နေရာရှိတယ်။ အဲဒီအပေါ်တက်ပြီး လက်ရန်းကနေ ဖယ်ရင်ဖယ်နေလို့ရတယ်။

ဒီတော့ ကိုယ်က လက်ရန်းကိုင်ပြီး သုံးလေးလှမ်း လှမ်းအပြီးမှာပဲ မလွယ်ဘူးဆိုတာကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်လိုက်ပြီး ကွင်းရဲ့လက်ရန်းကခွာလို့ အပေါ်တက် နားနေလိုက်တယ်။ ဟ ငါထင်သလောက် မလွယ်ပါလားလို့လည်း တွေးလိုက်တယ်။

အဲဒီလို နားနေတုန်းမှာပဲ တရုတ်မလေးတစ်ယောက်က ပုံမှန်လေးပဲ တစ်ပတ်ပြီးတစ်ပတ် နားလိုက်သွားလိုက်နဲ့ စီးနေတယ်။ ကိုယ်နဲ့ ရွယ်တူလောက်ပါပဲ။ သူ့ဟန်ချက်ကို သူထိန်းနိုင်တယ်၊ ကျွမ်းကျင်ပုံတော့ မရပါဘူး။ ဒါနဲ့ နောက်တစ်ပတ်စီးရင်း ကိုယ့်နားရောက်လာတော့ “ဒါ မင်း ပထမဆုံး စီးတာလား“လို့ မေးလိုက်တော့ ဟုတ်တယ်တဲ့။ ဟ တယ်ဟုတ်ပါလားလို့ ချီးကျူးမိသွားတယ်။

ဟုတ်တယ်၊ သူ့ပုံစံက သိသာပါတယ်၊ ကျွမ်းကျင်သူ မဟုတ်ဘူး၊ ဒါပေမဲ့ သူ့ဟန်ချက်လေး သူထိန်းပြီး ဖြည်းဖြည်းချင်း တစ်ပတ်ပြီးတစ်ပတ် စီးနေတယ်။ သူစီးလို့ ရရင် ငါလည်းစီးလို့ ရရမှာပေါ့လို့ တွေးမိတယ်။ ဒါမျိုးက ယောက်ျားလေးက ပိုကျွမ်းရမှာ မဟုတ်ဘူးလား၊ ငယ်ငယ်ကဆို မျောက်ရှုံးအောင် ကုလားမခြေထောက်တို့ ဘာတို့ အလွယ်တကူ စီးတတ်သားပဲ၊ စက်ဘီးကိုလဲ အလဲလဲအကွဲကွဲနဲ့တစ်မျိုး မစီးတတ်သေးဘဲ ကားလမ်းမပေါ် အရှိန်နဲ့တက်စီးလို့ ကားတိုက်ခံရဖို့ သီသီလေး လွတ်ခဲ့ဖူးပြီးနောက် စီးတတ်သွားတာကတစ်မျိုး ရှိဖူးတော့ သွေးမကြောင်ချင်တော့ဘူး။ လဲချင်လဲ ကွဲချင်ကွဲ ရဲရဲစီးကြည့်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

တချိန်တည်းမှာပဲ ဆန့်ကျင်ဘက်အတွေးနှစ်ခုက မြန်မြန်ဝင်လာပြန်တယ်။ ပထမတစ်ခုက မနက်ဖြန် ရုံးတက်ရမယ်၊ အလုပ်လုပ်ရမယ်။ ဒီတစ်ပတ်က တနင်္ဂနွေဂျူတီကျနေတယ်။ ဒီတော့ တစ်ခုခုဖြစ်သွားရင် ရုံးမသွားနိုင်ရင် ပြဿနာရှိနိုင်တယ်။ နောက်တစ်ခုက လက်မှတ်မှာ ရေးထားတယ်။ ဒီလို…“ရေခဲပြင်ပေါ် စကိတ်စီးခြင်းသည် သေရာပါဒဏ်ရာရနိုင်သော အားကစားမျိုးဖြစ်သည်၊ ကိုယ်ဖြစ်ကိုယ်ခံ မည်သည့်တာဝန်မှ မယူပါ“တဲ့။ ဟ ဟ သေချာပြန်စဉ်းစားဦးမှလို့ တွေးမိပြန်တယ်။

တွေးနေတုန်း ချောကလက်မငယ်ငယ်လေး အနားရောက်လာပြန်တယ်။ ၁၀ နှစ်လောက်ရှိဦးမှာပေါ့။ “ဟေ့ ကောင်မလေး၊ ညည်းကော ဒါ ပထမဆုံးအကြိမ် စီးတာလား“လို့ မေးလိုက်တော့ ဒါ ဒုတိယအကြိမ်ပါရှင်ဆိုပြီး လစ်သွားတယ်။ အမယ် သူကတော့ နှစ်ခေါက်ရှိပြီမို့လားမသိဘူး။ တော်တော်ကြီးကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ခပ်သွက်သွက် စီးနိုင်နေပြီ။

အင်း ကလေးလေးတောင် စီးနိုင်တာပဲ၊ ငါက ယောက်ျားကြီးပဲ ဘာလို့ မစီးနိုင်ရမှာလဲလို့တွေးမိပြန်တယ်။ အဲဒီမှာ အိန္ဒိယနွယ်ဖွား ချစ်သူစုံတွဲတစ်တွဲကိုလည်း တွေ့တယ်။ ကောင်မလေးက တကယ်ကို ကျွမ်းကျွမ်းကျင်ကျင်စီးတတ်တယ်။ ဘဲက ခုမှ စစီးတာ…ဒီတော့ ကောင်မလေးက သူ့ကို တွဲတွဲပြီး စီးနေတယ်။ နောက် လွှတ်ပေးတယ်။ အမယ် တွဲလိုက် လွှတ်ပေးလိုက်ဆိုတော့ ငနဲကလည်း သူ့ကောင်မလေးကို အမှီလိုက်စီးချင်လို့နဲ့ တူပါတယ်။ ကြိုးစားပြီး ယောက်ျားဆိုတဲ့ အားမာန်ထည့်ပြီး စီးတော့ အမယ် သူကလည်း တစ်ပတ်ပြီးတစ်ပတ်စီးနေတာဗျ။

တစ်ခါ ယိုးဒယားမလေး သုံးယောက်ကိုလည်း တွေ့ရသဗျ။ သူတို့ပြောဆိုသံတွေကို နားထောင်လိုက်တာနဲ့ ဒါ ထိုင်းမလေးတွေဆိုတာ သိသွားပြီ။ သူတို့ထဲမှာ နှစ်ယောက်ကတော့ ခပ်သွက်သွက်စီးနေပြီး အသက်အကြီးဆုံးနဲ့ နည်းနည်းပြည့်တဲ့တစ်ယောက်က ဖြည်းဖြည်းလေး စီးနေတယ်၊ ဟန်ချက်တော့ထိန်းပြီး ကောင်းကောင်းရွှေ့နေနိုင်တယ်။ သူလည်း ကိုယ့်နားက လက်ရန်းမှာ ခဏလာနားတော့ “မင်း ဒါ ပထမဆုံးအကြိမ် စီးတာလား“ဆိုတော့ ဟုတ်တယ်တဲ့။

ဟ အကုန်လုံး ပထမအကြိမ် ဒုတိယအကြိမ်ဆိုပေမဲ့ သူ့ဟာသူ စီးနေနိုင်တာပဲ၊ ငါကသာ ကောင်းကောင်းတောင် မတ်တပ်မရပ်နိုင်ဖြစ်နေတာပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်ပြီး အားမရဖြစ်သွားတယ်။ ငါလည်း စီးမယ်ကွာ၊ ဖြည်းဖြည်းချင်း ရွှေ့ကြည့်မယ်။ အဓိက က လဲရင်လက်ကို ပြင်းပြင်းမထောက်မိဖို့(ပြင်းပြင်းထောက်မိရင် ကျိုးမယ်လေ)နဲ့ နောက်တစ်ခုက နောက်ပြန်မကျဖို့(နောက်ပြန်ကျရင် နောက်စေ့ပွင့်မယ်လေ)ဘဲ လိုတယ်လို့ ကိုယ့်ဘာသာကိုယ် အားပေးရတယ်။

စီးမယ်ဆိုလည်း စစီးတော့မှ…ဘာဖြစ်လို့လဲဆိုတော့ ရေခဲပြင်ပေါ် လမ်းကောင်းကောင်းမလျှောက်နိုင်တာနဲ့ ဟန်ချက်မထိန်းနိုင်လို့ ဘေးထွက်နေတာရယ်၊ သူများတွေကို လိုက်ကြည့်နေတာရယ်ကြောင့် မိနစ် ၂၀ ကျော် အစိတ်ဖြစ်သွားပြီ။ တစ်ခုခုတော့ လုပ်မှ။

ဒါနဲ့ လက်ရန်းကို ကိုင်၊ ကွင်းထဲပြန်ဝင်၊ ဖြည်းဖြည်းချင်း ရွှေ့ကြည့်တယ်။ ဟုတ်ပြီ..အမယ်မယ် နောက်ပြန်လဲမလိုဖြစ်သွားသေးတယ်…ပြန်ထိန်း ရှေ့ဆက်ရွှေ့။ တော်တော်ကြီးကို သတိထားပြီး ရွှေ့လိုက်တာ၊ ဟန်ချက်ပျက်လိုက်၊ ချော်မလို လဲမလိုဖြစ်လိုက်နဲ့ နောက်ဆုံး ချွေးဒီးဒီကျပြီး တစ်ပတ်ပြည့်သွားတယ်။ လက်ရန်းနားကနေ ပတ်နေတာနော်။

အဲဒီမှာ ဘာထပ်တွေ့ရသလဲဆိုတော့ ဖိနပ်စီးထားတာ သိပ်ကျပ်သွားတယ်၊ ဒီတော့ ခြေသလုံးနဲ့ ဖိနပ်လည်ပင်းနဲ့က သိပ်ကိုကပ်နေပြီး ဖိနပ်လည်ပင်းကလည်း သိပ်ကိုမာတော့ လဲရင် ခြေထောက်အကျမတော်ရင် ခြေထောက်ကို ညှပ်ချိုးလိုက်သလို ဖြစ်သွားမယ်ဆိုတာကို သတိပြုမိလိုက်တယ်။ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး ဘေးနားပြန်တက် ဖိနပ်ကို လျော့လျော့ပြန်စီးရတယ်။ ဟူး…တော်ပါသေးရဲ့..ဥာဏ်လေးက ကောင်းရှာလို့၊ သတိလေးကလည်း မလွတ်လို့။

လာပြီ၊ နောက်တစ်ပတ်…နည်းနည်းရဲလာပြီ၊ ဖြစ်ပါတယ်ကွဆိုပြီး လက်ရန်းကနေခွာပြီး စစီးကြည့်ပြီ။ လဲမလို ချော်မလိုဖြစ် ဟန်ချက်မနည်းထိန်းရတယ်။ ခြေထောက်နှစ်ခုက ဘယ်ညာနှစ်ဖက်ကို ပြဲထွက်သွားလို့ ကားကားကြီးဖြစ်ပြီး ဒူးထောက်မှောက်လျက်ကျတယ်။ အေးဆေးပါ၊ ပြန်ထလာတယ်။

လမ်းလျှောက်တဲ့အခါ ဘယ်ညာ တစ်လှမ်းချင်းမလျှောက်တတ်ဘဲ ညာဘက်ကိုပဲအားပြု လျှောက်နေတယ်၊ ဘယ်ဘက်က အသေကြီးလို ပါနေတော့ တောင့်တောင့်ကြီး ဖြစ်နေတယ်။ ကျွမ်းကျင်သူတွေလို ဘယ်ညာ ဟန်က ယိမ်းမနေဘူး။ တစ်ခြမ်းဆွဲသလိုဖြစ်နေတော့ ဟန်ချက် သိပ်ထိန်းလို့ မကောင်းဘူး။ နှစ်ဖက်လျှောက်ပြန်တော့လည်း လဲဖို့ ပိုဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဟန်ချက်ကို သိပ်မနိုင်သေးဘူးလေ…။

ဒါနဲ့ နောက်တစ်ကွေ့မှာ ဟန်ချက်လုံးဝပျက်ပြီး အရှိန်ကလည်း နည်းနည်းပါတော့ ဘိုင်းကနဲ ဖင်ထိုင်လျက်လဲတယ်။ ဗျစ် ဗျစ် ဗျစ်ဆိုတဲ့ အသံတွေ ကျောရိုးတစ်လျှောက် မီးညောင့်ရိုးကနေ လည်ပင်းအထိထွက်ကုန်တယ်။ ပထမထင်သွားတာက သွားပြီ ငါတော့ အရိုးကျိုးသွားပြီလို့ ထင်ုလိုက်တယ်၊ အရှိန်နည်းနည်းပြင်းတာကိုး။

တကယ်က အရင်က ခါးကြောလှည့်လှည့်ချိုးနေကျဆိုတော့ အခု မချိုးတာကြာပြီးမှ လဲတဲ့အခါ အဲဒီခါးကြောတွေက တဖြောင်းဖြောင်းမြည်ပြီး ကျိုးသွားတာ…၊ ဒါပေမဲ့ ကိုယ်ကတော့ အရိုးကျိုးတယ်ထင်ပြီး တော်တော်ကြောက်သွားတယ်။

နောက်မှ လည်ပင်းကို လှည့်ကြည့်တယ်၊ ရတယ်။ ဖင်တွန်းရွှေ့ကြည့်တယ်၊ ရတယ်။ မနာဘူး။ စကိတ်ကွင်းအကြပ် ၄ ယောက်ထဲက တစ်ယောက်က ကိုယ့်ကို လာထူတယ်။ ရလားတဲ့။

စကိတ်ကွင်းအကြပ် လေးယောက်စလုံးက ကောင်မလေးတွေ၊ အသက် ၂၀ ကနေ ၃၀ ၀န်းကျင်တွေ…။ ကိုယ်က ရပါတယ်ဆိုပြီး သူ့ကို အားပြုပြီး ထလိုက်ရတယ်။ သူက ကြည့်နေသေးတယ်၊ ကောင်မလေးက ဖြူဖြူချောချောလေးရယ်..အို ဒီမှာကတော့ အကုန်လုံးက ဖြူဖြူချောချောတွေပါပဲ.. ကိုယ့်မျက်စိထဲပြောတာပါ။

နည်းနည်းတော့ ကြောက်သွားတယ်၊ ကံကောင်းလို့ မကျိုးတာလို့…တော်ပြီ တော်ပြီ ထပ်မစမ်းသပ်တော့ဘူး၊ ရပ်မှ။ မနက်ဖြန် အလုပ်လုပ်ရဦးမယ်လို့ တွေးလိုက်တယ်။ ကိုယ့်နေရာလေး ပြန်လာပြီး ဘေးထွက်နေလိုက်ပြန်တယ်။ နာရီက တရွေ့ရွေ့သွားနေတယ်။ ဟုတ်တယ်လေ..ဒါက သူ့အလုပ်ကိုး။ မိနစ် ၂၀ လောက်ပဲ ကျန်တော့တယ်။ အချိန်က ပြည့်တော့မယ်။

အဲဒီအချိန်မှာ ၈ နှစ်၊ ၉ နှစ် အရွယ် ကလေးမလေးတစ်ယောက် လဲလို့ငိုတယ်။ နောက် အပြင်ပြန်ထွက်လာတယ်။ ဆက်ငိုနေတယ်၊ မစီးရဲတော့ဘူးတဲ့။ သူ့အဖော် သူနဲ့ရွယ်တူ နောက်ထပ်ကောင်မလေး ၆ ယောက်၊ ၇ ယောက်ကတော့ စီးနေတုန်း၊ တစ်ယောက်ဆို ကလေးလေးက တော်တော်ကျွမ်းကျွမ်းကျင်ကျင်စီးတတ်တယ်။

အဲဒီမှာ အဖေလား၊ ဦးလေးလား၊ ဆရာလား မသိပါဘူး။ သူတို့အားလုံးကို စုလိုက်တယ်။ ဟေ့ ဒီမှာ မင်းတို့သူငယ်ချင်းက မစီးတော့ဘူးပြောတယ်၊ ဘာညာနဲ့ ပြောပြီး ကောင်မလေးကိုလည်း ကြည့်စမ်း သူတို့ကတော့ ပျော်ပျော်ကြီး စီးနေပါလား၊ မင်းက ဘယ်နားနာတာလဲ ဘာညာနဲ့ပြောပြီး ကောင်မလေးကို စကိတ်ကွင်း ထဲ ပြန်ထည့်လိုက်တယ်။ ခုန ငိုနေတဲ့ကောင်မလေးက ကွင်းထဲ ပြန်ဝင်သွားပါရောလား။ အော် ကလေးတွေများ တစ်ခုတစ်မျိုး တော်ကြာတစ်မျိုးပေပဲလို့ တွေးလိုက်မိတယ်။

အချိန်က တဖြည်းဖြည်းကုန်လာပြီ၊ ၁၅ မိနစ်လောက်ပဲ ကျန်တော့တယ်။ ငါ စကိတ်စီးနေတဲ့ပုံ ဓာတ်ပုံတစ်ပုံလောက်တော့ ရိုက်ဦးမှလို့ တွေးလိုက်တယ်။ စကိတ်ကွင်းအကြပ်တွေကို ရိုက်ခိုင်းဖို့ကြတော့လည်း ကိုယ်က ကွင်းလယ်လောက်သွားပြီး ကျွမ်းကျွမ်းကျင်ကျင် မရပ်နိုင်၊ သူတို့ကလည်း ကလေးရော လူကြီးရော မျက်ခြည်မပြတ်လိုက်ကြည့်နေရတာဆိုတော့ အားနာတာနဲ့ ရိုက်ပေးဖို့ မပြောချင်တော့ဘူး။

ဟုတ်ပြီ၊ ကွင်းအပြင်ဘက်ကနေ ကြည့်နေတဲ့သူတစ်ယောက်ကို ရိုက်ခိုင်းမယ်ဆိုပြီး ဘယ်သူ့ရိုက်ခိုင်းရင်ကောင်းမလဲလို့တွေးပြီး အသက် ၆၀ လောက်ရှိတဲ့ ယောက်ျားကြီးတစ်ဦးနဲ့ မိန်းမကြီးနှစ်ယောက်ရှိတဲ့နားသွား၊ ကင်မရာထုတ်ပေးလိုက်ပြီး ကျွန်တော့်ကို ဓာတ်ပုံတစ်ပုံလောက်ရိုက်ပေးပါဗျာလို့ ပြောလိုက်တယ်။

ယောက်ျားကြီးက ခပ်တည်တည်ကြည့်နေတုန်း သူ့မိန်းမဖြစ်ပုံရတဲ့သူက ရိုက်ပေးလိုက်လေဆိုတော့ ကင်မရာယူလိုက်တယ်၊ ဒါနဲ့ ကိုယ်က ခဏနေပါဦးဆိုပြီး လက်ရန်းကနေ ကွင်းလယ်ဘက် နည်းနည်းရောက်အောင် ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းပြီး နည်းနည်းဆုတ်လိုက်တယ်။ ယောက်ျားကြီးက ရိုက်ပေးပါတယ်။ ပြီးမှ ကိုယ်က သူတို့အနားပြန်ကပ်သွားပြီး ကင်မရာကိုယူတယ်။

သူကပြောတယ်…မင်းက ကွင်းထဲမှာ၊ ငါက ကွင်းပြင်မှာ။ မင်းက ငါ့ကို ဓာတ်ပုံရိုက်ဖို့ ကင်မရာပေးလိုက်တယ်။ မင်းကင်မရာကိုယူပြီး ထွက်သွားမှာကို မစိုးရိမ်ဘူးလားလို့မေးတယ်။ ကျွန်တော် ခင်ဗျားကို ယုံတာပဲ၊ မစိုးရိမ်ပါဘူးလို့ ပြန်ဖြေတော့ သူရယ်တယ်။

ကြည့်ရတာ ဒီခေတ်လူငယ်တွေ သိပ်အယုံလွယ်တာပဲလို့ ထင်သလား၊ အာရှဘက်ကလူတွေ အယုံလွယ်တယ်လို့ တွေးသလားတော့ မသိဘူး။ ကိုယ်ကတော့ ခရီးတွေသွားတဲ့အခါ တစ်ယောက်တည်းပဲ သွားနေကြဆိုတော့ ဒီလိုပဲ သဘောကောင်းပုံရတဲ့လူကို ဓာတ်ပုံလေးတစ်ပုံလောက် ရိုက်ပေးပါလားဗျာဆိုပြီး ရိုက်ခိုင်းခဲ့တာချည်းပါပဲ။ ကင်မရာယူပြီး ထွက်ပြေးသွားရင်ခက်ရချည်ရဲ့လို့ တွေးမိဖူးပေမဲ့ ဒီလိုမှ မရိုက်ရင်လည်း အမှတ်တရဓာတ်ပုံရိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးမို့လားဗျာ။

ဓာတ်ပုံရိုက်ပြီးတော့ လုပ်ဆောင်စရာကိစ္စတွေပြီးပြီ၊ ကျန်တဲ့အချိန်လေးအတွင်းမှာ တစ်ပတ်နှစ်ပတ်လောက်ပတ်စီးမယ်ဆိုပြီး စီးခဲ့ပါတယ်။ အချိန်ပြည့်ခါနီးမှ ပိုပိုပြီး စီးလို့ကောင်းလာတယ်။

သဘောကောင်းပုံရတဲ့စကိတ်ကြပ်ကောင်မလေးကို ငါ မြန်မြန်လေးစီးချင်လို့ ငါ့ကို ဆွဲခေါ်သွားပေးလို့မရဘူးလားလို့ မေးကြည့်တော့ သူက ကိုယ်ပြောတာ နားမလည်တာလား၊ နားမလည်ချင်ယောင်ဆောင်တာလား မသိပါဘူး၊ မြန်မြန်ရွှေ့ချင်ရင် ဒီလိုရွှေ့ရတယ်ဆိုပြီး ခြေဖနှောင့်ချင်းကပ်လုနီးထား၊ ပြီးရင် ခြေထောက်ကို ဖိပြီးနောက်ဘက်ကိုရွှေ့၊ ဒီတော့ အရှေ့ဘက်ကို အရှိန်နဲ့ရောက်သွားတာပေါ့လေ။ သူကတော့ ကျွမ်းတော့ ဟုတ်တာပေါ့။ ကိုယ်လိုက်လုပ် ကြည့်တော့ မလွယ်ပါဘူး။ ဟန်ချက်ပျက်ရင် လဲဦးမယ်။

ဒီတော့ ပြောရရင် ကိုယ်လဲ လေးငါးခြောက်ခါ လဲပြီးတဲ့နောက်မှာ စကိတ်စီးတဲ့အချိန်ပြည့်သွားပါတော့တယ်။ စကိတ်စီးချိန်ပြည့်တော့ အားလုံးအချိန်ပြည့်ပါပြီဆိုပြီး အားလုံးကို ကွင်းထဲကနေ ထွက်ခိုင်းတယ်။ တစ်ခါ ကားတစ်စင်းထွက်လာပြီး ရေခဲပြင်ကို ပြန်ညှိပါတော့တယ်။ ပြောင်ချောနေအောင် ပြန်ညှိတာပါ။ နောက်တစ်ချိန် အတွက် အဆင်သင့်ဖြစ်အောင်ပေါ့။ ကိုယ်လည်း ဖိနပ်ပြန်လဲပြီး အတွေ့အကြုံအသစ်ကို ရင်ဝယ်ပိုက်လို့ ပေါ့ပါးစွာနဲ့ အန္တရာယ်ကင်းရှင်းစွာ ပြန်ထွက်လာပါတော့ တယ်။

အခွင့်အရေး ရရင် တစ်ခါလောက်စီးကြည့်ပါလား။ သတိတော့ ထားပေါ့ဗျာ။

၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၃၀ ရက်၊ ည ၉ နာရီ။