“အိမ်ထောင်ရေးဆိုတာ နာကျင်စေတာနဲ့ မိုက်မဲမှုပေပဲ“
လူတတ်လုပ်ပြီး မယောင်မလည်နဲ့ လူဝါးဝ(အသံထွက်တော့ လူဗားဝလို့ထွက်သဗျ)ပြီး ကျွန်တော်ပြောတာ မဟုတ်ပါ။ ကမ္ဘာကျော် ဟောလီးဝုဒ်မင်းသား အမျိုးသမီးတွေသိပ်ကြိုက်တဲ့ ရုပ်အလွန်ဖြောင့်တဲ့မင်းသား George Clooney ဂျော့ရှ် ကလူနေးက “ဝေဟင်ကို တက်“ Up In The Air ဆိုတဲ့ ဟောလီးဝုဒ်ရုပ်ရှင်ကားသစ်ထဲမှာ ဇာတ်ဝင်စကားအနေနဲ့ပြောသွားတာပါ။
သူ့မူရင်းကတော့ Marriage means pain and asshole လို့ ပြောတာဗျ။ ကျွန်တော်က asshole ကိုယ်သန်ရာ အဓိပ္ပာယ်ယူပြီး တွေးနေပေမဲ့ အဘိဓာန်သေချာပြန်ကြည့်တော့မှ stupid ကို ပြောတာပါဗျ။ ဘန်းစကားပေါ့လေ။
ထုံးစံအတိုင်းပေါ့ဗျာ၊ နားရက်ကလေးမှာ ငွေယားလေးကလည်း လက်ထဲစိုစိုရှိချိန် ရည်းစားနဲ့လည်း လျှောက်လည်ဖို့ဆိုတာ မဖြစ်နိုင်သေးတော့ ကိုယ်ကြိုက်တဲ့ရုပ်ရှင်ကားတွေချည်း ကြည့်ဖို့ တေးတေးထားရတောပေါ့လေ။ ဒါနဲ့ပဲ Up In The Air ကြည့်ဖြစ်ရောဆိုပါတော့။
ဂျော့ရှ် ကလူနေးကိုတော့ နဂိုကတည်းက ကြိုက်တော့ အချိန်တောင် သိပ်မဆိုင်းဘဲ သွားကြည့်လိုက်ပါတယ်၊ ပရီးမီးယားလက်မှတ်ဝယ်ရပြီး ၁၃ ပေါင်ခွဲတော့ မြောက်သွားပါရောလား။ ထားလိုက်တော့။
ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ကောင်းတယ်၊ ဒီခေတ်နဲ့ကိုက်ညီတယ်လို့ ပြောရမယ်၊ အမေရိကအပါအ၀င် တကမ္ဘာလုံးစီးပွားရေးအကျပ်အတည်းဆိုက်တော့ အမေရိက က ကုမ္ပဏီတွေ၊ လုပ်ငန်းတွေ၊ ရဲဌာနလို အဖွဲ့အစည်းပါ မကျန် လူတွေကို အလုပ်ဖြုတ်ပစ်ရတယ်၊ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေကို ဆိုက်သေးလိုက်တာပေါ့၊ လူစစ်လိုက်တာပေါ့။ ပြောရရင်တော့ မလိုဆုံးလူတွေ၊ အညံ့ဆုံးလူတွေကို ဖြုတ်ရတာပေါ့။ အဲဒီဖြုတ်တဲ့အလုပ်ကို ဂျော့ရှ် ကလူးနေ က လုပ်ရတာ။
စဉ်းစားကြည့်လေ၊ အလုပ်ပြုတ်တဲ့လူ အလုပ်ဖြုတ်ခံရတဲ့လူရဲ့ စိတ်ခံစားချက်က ဘယ်လိုဖြစ်နေမလဲဆိုတာ။ သိပ်စိတ်ဆိုးမှာပေါ့၊ ဒေါသကြီးတဲ့သူဆို လူသတ်ချင်မှာပေါ့၊ အားငယ်တတ်တဲ့သူဆို ကိုယ့်ကိုယ်ကိုယ် မြန်မြန် အဆုံးစီရင်လိုက်မှာပေါ့၊ သိပ်အရည်အချင်းရှိတဲ့သူ ကိုယ့်ကိုယ်ကိုယ် သိပ်ယုံကြည်တဲ့သူ တချို့လောက်ပဲ အပြုံးမပျက်၊ မျက်နှာတည်တည်နေနိုင်မှာပေါ့။
ဒါတောင် အခြေအနေသစ်တစ်ခုပြန်စရမှာဆိုတော့ အနည်းနဲ့အများဆိုသလို ခက်ခဲမှာ အမှန်ပါပဲ၊ မိန်းမ/ယောက်ျားရှိတဲ့သူ၊ ကလေးတွေနဲ့ မိသားစုရှိတဲ့သူတွေဆိုရင် ဘယ်လောက်စိတ်ဆင်းရဲလိုက်မလဲ၊ တက်သစ်စ လူငယ်တွေဆိုလည်း အကြီးအကျယ်စိတ်ဓာတ်ကျကုန်မှာပဲ၊ ဖြစ်လာနိုင်ချေတွေ ကြိုမတွေးတတ်တဲ့ အမေရိကလို နေရာမျိုးက လူတွေရဲ့စိတ်ခံစားမှုကို တွက်သာကြည့်တော့၊ သူတို့က အမြဲပြည့်စုံ ချမ်းသာခဲ့တာကိုး၊ ကိုယ်ကိုယ်တိုင်က အစွမ်းအစ မထုတ်ချင်ရင်တောင် စနစ်ကြီးက ကောင်းကောင်းကြီးထောက်ပံ့ထားတာကလား။
တစ်ခါတခါ မြန်မာပြည်က အခြေအနေတွေကို သည်းခံရောင့်ရဲနိုင်ကြတဲ့မြန်မာတွေကို လူရော၊ စိတ်ဓာတ်ကိုပါ လေးစားမိပြန်ရော၊ နဂိုကတည်းက အခက်အခဲပေါင်းစုံကို နိစ္စဓူဝ(နေ့တဓူဝ မဟုတ်ပါ)တွေ့ကြုံနေကျဆိုတော့ အခက်အခဲဆိုတာ ဘာမှဆန်းတာမှ မဟုတ်တာလို့ ဖြစ်သွားရော မဟုတ်လား၊ အဆိုးဆုံးတွေချည်း နေ့စဉ်ဆိုသလို တွေ့ကြုံခံစားနေရမှတော့ အဆိုးဆုံးဆိုတာဘာလဲလို့ ထပ်သိစရာမလိုတော့တဲ့ သဘောပေါ့လေ။ ထားပါတော့ ရုပ်ရှင်ဘက် ပြန်သွားရအောင်ပါ။
ဒီတော့ ဂျော့ရှ် ကလူနေး အလုပ်က အလုပ်ဖြုတ်ပစ်ရမဲ့လူတွေကို အလုပ်ကနေထွက်ခွာသွားအောင် နှစ်သိမ့်ဆွေးနွေး ကျေလည်အောင်လုပ်ပေးရတာ၊ သူက ကုမ္ပဏီကနေ ပြန်တာဝန်ပေးထားတဲ့အေးဂျင့်ပေါ့လေ၊ ခုနပြောသလိုပေါ့ လူတွေကို အလုပ်ဖြုတ်ရတော့ စိတ်ပညာ(ဆိုက်ကော်လော်ဂျီ)လည်း နားလည်ရတယ်၊ စကားပြောစွမ်းရည်လည်း ကောင်းရတယ်။
သူက ရွှီးရတာပေါ့လေ၊ ထုတ်ပစ် ဖြုတ်ပစ်မဲ့သူတွေကို အလုပ်သစ်တစ်ခုကို အခုကစပြီး ပြန်လုပ်ကြည့်ဖို့၊ (ဘ၀သစ် မွေးဖွားတာပေါ့လို့ သူကပြောတယ်) ပညာတစ်ခုကို ပြန်သင်ပြီး ဘ၀ကို တစ်ကနေပြန်စဖို့၊ ကမ္ဘာပေါ်မှာ ဧကရာဇ်မင်း(အမ်ပါယာ)တချို့ဟာ မင်းအရွယ်မှာပဲ ဖြစ်သွားတာ ဘာညာနဲ့ကို ရွှီးရတာပေါ့လေ၊ မြှောက်မြက်လည်း ပြောရတာပေါ့။
ပထမတော့ လူတွေက ငိုကြတာပေါ့၊ နောက်တော့လည်း ဘာဆက်ပြောနိုင်မှာလဲ၊ ပြုတ်တယ်ဆို ပြုတ်တယ်ပေါ့၊ ပြုတ်တော့ နောက်ဆုံး ဘာအခွင့်အရေး ရမလဲ သိချင်တာပေါ့၊ အဲဒီကျမှ ဒီထဲမှာ မင်းသိချင်တာတွေ အကုန်ပါတယ်ဆိုပြီး စာရွက်တစ်ထပ်ပါတဲ့ ဖိုင်ဖိုလ်ဒါတစ်ခု ပေးလိုက်တယ်၊ ဒါပဲ။ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ အလုပ်ကတော့ ဒါပဲ။
စီးပွားရေးပျက်ကပ်ထိပြီးနောက်ဆိုတော့ သိတဲ့အတိုင်း အမေရိက မြို့တွေပတ်ပြီး တစ်နှစ်ပတ်လုံးနီးပါး (ဇာတ်ဝင်ခန်းတစ်ခုမှာ အခုနှစ် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလဆိုတော့ ကားက တော်တော်ခေတ်မီတာပဲ၊ ရန်ကုန်မှာပြရင် အတော်လောက်ပဲနေမှာ) အလုပ်လိုက်ဖြုတ်နေရတာ၊ တစ်နှစ်မှာ ၃၂၂ ရက်က ခရီးသွားနေတယ်၊ လေယာဉ်ပေါ်နဲ့ ဟိုတယ်မှာ၊ ကျန်တဲ့ ၄၅ ရက်ကတော့ စိတ်ပျက်စရာကောင်းတယ်လို့ မင်းသားက ဆိုတယ်။
သူက လေယာဉ်နဲ့ချည်း ခရီးသွားနေရတာဆိုတော့ လေဆိပ်တွေ၊ လေကြောင်းတွေ အထာကျွမ်းနေတယ်၊ အမေရိကလေဆိပ်အ၀င်မှာ ဂျော့ရှ် ကလူနေး အစစ်ခံရပုံကို(အိတ်စစ်၊ လက်ပ်တော့ပ်စစ်၊ ကုတ်အကျီင်္ချွတ်၊ ခါးပတ်ချွတ်၊ ဖိနပ်ချွတ်၊ ခန္ဓာကိုယ်အစစ်ခံဖို့ အသင့်ပြင်စတာတွေ) ရိုက်ပြရင်း ဇာတ်ကားစဖွင့်တယ်၊ မိုက်တယ်၊ အသွက်လေး ရိုက်ပြထားတော့လေ။
ဒါရိုက်တာက သရော်ထားသေးတယ်၊ လေဆိပ်မှာ မြန်မြန်စစ်ဆေးတာပြီးချင်ရင် အာရှသားတွေနောက်က၀င်တဲ့၊ အာရှသားတွေက သပ်ရပ်ပြီး အလုပ်မရှုပ်ဘဲ မြန်မြန်ပြီးသတဲ့ဆိုလား၊ အာရပ်တွေနောက် ၀င်မိရင်တော့ သူတို့ကို အကြာကြီးစစ်နေတာနဲ့ ကိုယ်ပါနောက်ကျမယ်၊ အဖိုးကြီးအဖွားကြီးတွေ နောက်ကနေမိရင်တော့ သွားပြီဆိုလား ပြောသေးတယ်(ကိုယ်သေချာ မကြားလိုက်တော့၊ အားလုံးရယ်လိုက်ကြပေမဲ့ ကိုယ်မရယ်လိုက်ရ၊ နာတယ်)၊ မင်းသမီးက မင်းက လူမျိုးရေးခွဲခြားသူပဲလို့ ပြောတော့ သူက ကျွမ်းကျင်ရာလိမ္မာရာပါဆိုလား အဲဒီသဘောပြန်ပြောတယ်။
မင်းသားမှာက ခရီးအမြဲသွားနေတော့ အထူးကတ်တွေ ဘာတွေလည်း ကိုင်ထားတာပေါ့၊ လေဆိပ်ရောက်မှ တန်းပြီး Boarding Pass လား ယူလို့ရတယ် ထင်တယ်၊ စက်တစ်ခုကနေ ခပ်တောင့်တောင့်ကတ်ပြားတစ်ခု အမြဲထွက်လာအောင် သူလုပ်လိုက်တယ်၊ ပြီးတော့ လေယာဉ်ပေါ်တက်တယ် ဆိုတော့လေ။
သူ့မှာက ရည်မှန်းချက်တစ်ခုရှိတာက ခရီးမိုင် ၁၀ သန်းပြည့်အောင်သွားဖို့၊ ဟား ဟား ဟား…ခရီးမိုင် ၁၀ သန်း၊ နည်းမှ မနည်းတာဗျာ။ ရန်ကုန်က ကိုယ့်ဆရာတစ်ယောက်တော့ ခရီးမိုင်သိန်းချီသွားပြီပြီလို့ ကိုယ့်ကိုပြောဖူးတယ်၊ ဟဲ ဟဲ ကိုယ်လည်း ခရီးမိုင် သောင်းချီတော့ သွားပြီးသွားပြီ၊ ဒါပေမဲ့ ကိုယ်က ဂျော့ရှ် ကလူနေး မဟုတ်ပါဘူး။
ဂျော့ရှ် ကလူနေး က ဒီကားထဲက စိတ်ဝင်စားစရာ အကြောင်းတစ်ခုကို ဟောပြောသူလုပ်ရသေးတယ်၊ အဲဒါကတော့ ခရီးဆောင်အိတ်တစ်လုံးထဲနဲ့ နေထိုင်နိုင်တဲ့သူ ဖြစ်အောင်လုပ်ကြဖို့ ၀န်ထမ်းတွေကို ဟောပြောရတာပေါ့။ အိုင်ဒီယာကတော့ လန်ထွက်နေတာပဲလို့ ပြောလို့ရတယ်။
အိမ်မှာရှိနေတွေကို အကုန်လွှင့်ပစ်၊ အကုန်မီးရှို့ပစ်လိုက်၊ အမှတ်တရတွေ ဘာတွေ ဘာမှလုပ်မနေနဲ့ အကုန်ပစ်၊ ဓာတ်ပုံတွေထားတွေ စုဆောင်းတာတွေ အကုန်ပစ်၊ ဘာမှ မရှိဘဲနဲ့နေ၊ အိတ်တစ်လုံးနဲ့နေ…ယောက်ျားမိန်းမ ကြိုက်ချင်လည်းကြိုက်၊ ဒါပေမဲ့ အိတ်တစ်လုံးနဲ့နေ။ ဟား ဟား၊ ကိုယ့်မှာတော့ အလကားရတဲ့ သတင်းစာတွေတောင် ဖတ်ပြီးရင် ပြန်မပစ်ရက်ဘဲ ဟိုတစ်ပုဒ်ဖတ်ဦးမယ်၊ ဒီတစ်ပုဒ် အားရင်ဖတ်မယ်ဆိုပြီး အိမ်ပြန်ပြန်ယူလာတာ ပုံနေပြီ၊ နေသာတဲ့တစ်ရက်တော့ ရှင်းပစ်ရဦးမယ်။ ဟင်း။
ဇာတ်ကတော့ မင်းသားဇာတ်လို့ ပြောရပါတယ်၊ အဲဒီမှာတော့ မင်းသမီးနှစ်ယောက်ပါတယ်၊ နှစ်ယောက်စလုံးတစ်မျိုးစီ ချောတယ်၊ အကြီးတစ်ယောက်ကတော့ ပွင့်အာပြီး အစွမ်းကုန်လှတဲ့အလှနဲ့တူပြီး အငယ်တစ်ယောက်တော့ ဖူးသစ်စအလှမျိုးတူတယ်။ အအာက လှသလို အငုံကလည်း ချောတယ်။ ကိုယ်တော့ တန်တယ်လို့ လုံးဝထင်သွားရပါတယ်။
အကြီးက မင်းသမီး Vera Farmiga၊ သူက အရင် The Departed ထဲမှာ ပါဖူးတယ်လို့ သိရတယ်၊ The Departed သေချာမကြည့်ဖူးတော့ သူ့ကို မသိသလို ဖြစ်နေတယ်၊ ဒါပေမဲ့ ဒီတစ်ကားထဲနဲ့ ကြွေသွားတယ်။
ဂျော့ရှ် ကလူနေးက တစ်ကိုယ်တည်း လူပျိုကြီးပေါ့၊ မိန်းမအထာသိပ်နပ်တယ်၊ လူလည်ပေါ့၊ ပါ့ဘ်(Pub)တစ်ခုမှာ သူတို့နှစ်ယောက်တွေ့ကြပြီး ကိုယ့်လိုလူချင်း အချင်းချင်းဆိုတော့ ချက်ချင်း ခင်သွားကြတယ်၊ တစ်ခါတခါ ဆုံဖြစ်ကြတယ်။ လူပျိုကြီးကတော့ အပျိုကြီးတစ်ယောက်နဲ့တွေ့ပြီဆိုပြီး ပထမတော့ ရိုးရိုး၊ နောက်တော့ တော်တော်ကြွေသွားတယ်။ မင်းသားနဲ့ မင်းသမီး သရုပ်ဆောင် အားပြိုင်ချက်တွေက သိပ်ကောင်းတယ်။
နောက်တော့ ဂျော့ရှ် ကလူနေး ခင်မျာ၊ အရူး အမဲသား စားမိသလို ဖြစ်သွားတယ်၊ သူ့ညီမ မင်္ဂလာဆောင်ကို မဖြစ်မနေ သွားရတာကိုတောင်မှ မင်းသမီးကို ငါ့ရဲ့ အကအဖော်အဖြစ် အဖော်လိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်။
နောက်တော့ သူ့ဟောပြောချက်ဖြစ်တဲ့ ကျောပိုးအိတ်တစ်လုံးနဲ့ကမ္ဘာဆိုတဲ့ သူ့အတွေးအခေါ်တောင် ချောင်တောင်တောင် ဖြစ်သွားပြီး၊ ဟောပြောပွဲ ဟောနေရင်းနဲ့ ဆက်မဟောနိုင်တော့ဘဲ ချည်တိုင်ဆီ ပြေးရတော့တာပဲ။ အလည်လွန်ဘီး ဖြစ်သွားရှာတဲ့ မင်းသားခမျာ ခင်ပွန်းအပြင် ကလေးတွေပါ ရှိနေတဲ့ မင်းသမီးမိသားစုကို တွေ့လိုက်ရတော့ တော်တော်အီစိမ့်သွားတယ်။
ဒါတောင် မင်းသမီးပြန်ပြောတဲ့စကားတွေက သိပ်မိုက်တယ်၊ အရမ်းမိုက်တယ်၊ သိပ်ကြိုက်တယ်၊ အရမ်းကြိုက်တယ်လို့ ပြောရမလိုပါပဲ။ ကြည့်လေ “မင်းက ဘာကို လိုချင်တာလဲ၊ မင်းက မင်းဘာကို လိုချင်မှန်းတောင် မသိသေးပါလား“တဲ့။ ကောင်းရော…။ နောက်တစ်ခါ မင်းသမီးကပဲ “မင်း ငါ့ကို လိုတဲ့အခါ ဆက်သွယ်လိုက်လေ“တဲ့။
ဘာလိုမှန်း မသိတဲ့သူကို မင်းလိုတဲ့အခါ ဆက်သွယ်လိုက်လေဆိုတော့ ကျွန်တော်လည်း သိပ်တော့ နားမလည်ပါဘူးလေ။ ဒါပေမဲ့ အဲဒီမင်းသမီး သရုပ်ဆောင်တာ သိပ်ကောင်းတာပဲ။ တကယ်တမ်းကျတော့ ဖျပ်ဖျပ်လူးသွားတာ ယောက်ျားပါလားဆိုပြီး ကျွန်တော်ကတော့ သင်ခန်းစာတစ်ခုယူပါတယ်။
နောက်တစ်ခုကတော့ ဂျော့ရှ် ကလူနေး ညီမ မင်္ဂလာဆောင်မဲ့နေ့ကျမှ သူ့ခင်ပွန်းလောင်းက မယူတော့ဘူးဆိုပြီး လုပ်လို့ သူ့ညီမကလည်း တငိုငို တရီရီဖြစ်၊ သူက သူ့ယောက်ဖတော် အလောင်းအလျာကို သူ့ညီမယူဖို့ စည်းရုံးရတော့မယ်၊ သူ့ကိုယ်တိုင်က အခုထိ လူပျိုကြီးတစ်ကိုယ်တည်း၊ လည်သလိုစားလာသူ၊ အခုတော့ သူဘယ်လို စည်းရုံးမှာလဲ၊ သူ့ယောက်ဖပြောတာ အရင်နားထောင်ကြည့်ပါ။
“မင်း စဉ်းစားကြည့်ကွာ၊ အခု မင်း ညီမကိုယူမယ်၊ လုပ်ကျွေးရမယ်။ ခဏနေ ကလေးရမယ်၊ တစ်ယောက်ရမယ်၊ နှစ်ယောက်ရမယ်၊ သူတို့ကို လူဖြစ်အောင် မွေးရမယ်၊ ငါ အလုပ်ပိုလုပ်ရမယ်၊ ငါ အိုလာမယ်၊ ၀ လာမယ်၊ ခေါင်းမွေးပြောင်လာမယ်၊ နောက်တော့ ကလေးတွေ ထွက်သွားကြမယ်၊ ပြီးရင် ငါသေမယ်၊ ဘာလုပ်မှာလဲကွာ၊ အဆုံးထိမြင်နေမှတော့ ငါ ဒါကို ဘာဖြစ်လို့ စလုပ်နေမှာလဲကွ“တဲ့။ ဟား ဟား ဟား၊ ကိုယ့်အတွေးနဲ့ မင်းသားယောက်ဖ စကားနဲ့ကွက်တိပဲ။
ဒီ ဒါရိုက်တာ(အမေရိကန် ဒါရိုက်တာ)က ဒီလို အတွေးမျိုး ဘာဖြစ်လို့တွေးပါလိမ့်လို့ ကိုယ်စဉ်းစားလို့ မရဘူး။ မြန်မာဆန်နေတာကိုး၊ ကြုံတုန်းလေး ဖောက်သည်ချရရင် ဒီဇာတ်ကားရဲ့ဝတ္ထုနာမည်ကလည်း Up In The Air ပဲ၊ ၂၀၀၁ ခုနှစ်က ထွက်တာတဲ့၊ စာရေးဆရာတွေများ တော်လိုက်တာလို့ တွေးမိတယ်၊ နောက် ၁၀ နှစ်လောက်မှာ ဖြစ်လာမဲ့ကိစ္စတွေကို သူက ကြိုတွေး၊ ကြိုရေးထားတာ၊ သိတယ်ဟုတ်၊ ၂၀၀၁ မှာ စာအုပ်ထွက်တယ်ဆိုတော့ အဲဒီမတိုင်ခင်ကတည်းက သူကြိုတွေးမိ၊ ကြိုရေးခဲ့တာလေ။
ဒါရိုက်တာကလည်း ဒီဝတ္ထုစာအုပ်ကို အသည်းအသန်ကြိုက်တယ်၊ ၂၀၀၂ ခုနှစ်လောက်ကတည်းက ဇာတ်ညွှန်းစခွဲနေပြီ၊ မနေနိုင်တော့ဘူး၊ ရိုက်ချင်နေပြီ.. ဆတ်ဆလူး ထနေပြီ။ ၂၀၀၈ ခုနှစ်မှာမှ ဇာတ်ညွှန်းပြီးတယ်၊ ငုံပြီးစိမ်ပြီးရေးနေတာကိုး…သူတို့ ကမ္ဘာကျော်တာကို မအံ့သြတော့ပါဘူး၊ အလုပ်ကို သေချာမြှုပ်နှံပြီး လုပ်တာကိုးဗျ၊ ဟိုးရှေးရှေးခေတ်က မြန်မာရုပ်ရှင်ဒါရိုက်တာကြီးတွေလည်း သူတို့လိုပဲ ဇာတ်ကားတွေကို စိမ်ပြေနပြေရိုက်ခဲ့တယ်လို့ သိရပါတယ်။
ဝတ္ထုဆရာက Walter Kirn ၊ ဇာတ်ညွှန်းက Sheldon Turner နဲ့ ဒါရိုက်တာ Jason Reitman ပေါင်းရေးတာ၊ အမယ် ဒါရိုက်တာလုပ်တဲ့ Jason Reitma က ကိုယ့်ညီထက် ၄ ရက်ပဲ ကြီးတာဗျ၊ အမယ်လေး ငယ်ငယ်လေးနဲ့ တော်နေလိုက်တာများ၊ ကြောက်စရာပါလား။ ၂၀၀၇ ခုနှစ်က နာမည်ကျော် Juno ကားကိုလည်း သူပဲ ရိုက်ခဲ့တာပဲ။
ပြန်ပြောရရင် ယောက်ဖဖြစ်သူက အဲဒီလိုပြောလိုက်တော့ ဂျော့ရှ် ကလူနေး မတတ်သာတော့ဘူး၊ သူ့ယောက်ဖပြောတာတွေက သူယုံကြည်တာနဲ့ကွက်တိပဲ၊ ကန့်ကွက်ရန် မရှိ၊ ထောက်ခံပါ၏ လုပ်ရတာပေါ့။ မင်းပြောတာ ဟုတ်တယ်ကွဆိုပြီး ခုန ဒီဆောင်းပါးအစက စကားကို သူပြောတာပါပဲ၊ အပြင်က ကြည့်နေတဲ့ သူ့အစ်ကတော့ ဟာ…သွားပြီဆိုပြီး အကြီးအကျယ်စိတ်ညစ်သွားတာပေါ့။ ပြောခိုင်းတာက ကိုယ့်ညီမကို မယူ ယူအောင် ပြောခိုင်းတာလေ…။
အော် တကယ်တမ်း အိမ်ထောင်ပြုဖို့ကျတော့ တကယ် အသေအကျေ မယူခင် မိနစ်ပိုင်းအထိ စဉ်းစားကြတာ၊ စဉ်းစာရတာက ယောက်ျားတွေပါလားဆိုပြီး ထပ်သဘောပေါက်ရပြန်တယ်၊ သင်ခန်းစာ ၂၊ ဒီကားကတော့ တန်ပြီးရင် တန်ဆိုသလိုဖြစ်နေပါပေါ့လား။
လာပြီ၊ စကားပရိယာယ်ဆိုတာ ဒါကိုပြောတာထင်ပါရဲ့၊ ဂျော့ရှ် ကလူနေးဟာ ယောက်ဖလောင်းပြောဆိုတင်ပြတာတွေကို သူကိုယ်တိုင် ဘယ်လောက် ယုံကြည်နေပါလေစေ၊ မင်္ဂလာဝတ်စုံကြီးဝတ်ပြီး မျက်ရည်ရွှဲရွှဲနဲ့ ထိုင်စောင့်နေတဲ့ ညီမဖြစ်သူကိုတော့ သူ ကယ်တင်မှ ဖြစ်တော့မယ်ဆိုတာကို သူသိတယ်၊ ဒါနဲ့သူက ဒီလိုပြောလိုက်တယ်။
“မင်းပြောတာတွေက ဟုတ်ပါတယ်ကွ၊ ငြင်းဆန်စရာလည်း ဘာမှမရှိပါဘူးကွာ၊ ဒါပေမဲ့ ညက မင်းဘယ်မှာ အိပ်သလဲ (သူ့ယောက်ဖက ငါ့အိမ်မှာ အိပ်တာပေါ့လို့ ပြန်ဖြေတယ်) ကဲ..မင်း အထီးမကျန်ဘူးလား(မရယ်ပါနဲ့ တစ်ကိုယ်လည်းဖြစ်မနေဘူးလား၊ lonely မဖြစ်ဘူးလားလို့မေးတာကို သူ့ယောက်ဖ ငမိုက်သားကလည်း ဖြစ်တာပေါ့လို့ ပြန်ဖြေပါတယ်)၊
အဲဒါပဲကွ၊ ဟေ့ကောင် မင်းအထီးမကျန်ချင်ရင် ဘ၀ခရီးကို ထိန်းကျောင်းမောင်းနှင်ဖို့ အကူပဲ့ထိန်း(သူက co-pilot လို့ သုံးတာပါ) တစ်ယောက်တော့ လိုတယ်ကွ၊ ငါပြောချင်တာ ဒါပါပဲ“
ငမိုက်သားလည်း ဒါရိုက်တာနဲ့ ကြိုဇာတ်တိုက်ထားတယ် ထင်ပါရဲ့၊ ဂျော့ရှ် ကလူနေးရဲ့ ညီမဆီကို တန်းပြေးတော့တာပါပဲ။ အချစ်အဘိဓမ္မာဆရာကြီးလည်း ယောက်ဖနဲ့ ညီမတို့ကို ကြည့်ပြီး အဲဒီတော့မှ သက်ပြင်းချနိုင်ပြီး စိတ်အေးသွားပါတော့တယ်။ ဇာတ်က လှတာကိုးဗျနော်၊ အခုထိတော့ ဒီဇာတ်ကားနဲ့ ရုပ်ရှင်ဇာတ်ကားဆု၊ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ မင်းသား ဂျော့ရှ် ကလူနေးနဲ့ ဇာတ်ပို့မင်းသမီး နှစ်ယောက်အပါအ၀င်တို့ဟာ ကမ္ဘာကျော် ရုပ်ရှင်အနုပညာဆု တစ်ဆုဖြစ်တဲ့ Golden Globe Award ရွှေကမ္ဘာလုံးဆု စကာတင် ၆ ဆု ၀င်နေတယ်လို့ သိရပါတယ်။
နောက်မင်းသမီးငယ်ကလေးကတော့ အငုံလေးပေါ့လေ၊ သူ့နာမည်က Anna Kendrick ပါ။ Twilight: New Moon ဇာတ်ကားကြည့်ပြီးသူတွေတော့ သူ့ကိုသိမှာပေါ့၊ သူက ပြီးခဲ့တဲ့နှစ် ၂၀၀၉ ခုနှစ်ထဲမှာ ဇာတ်ကားတွေ အများကြီး ရိုက်ထားတယ်။ အလားအလာအလွန်ကောင်းတဲ့ မင်းသမီးပဲ၊ ကိုယ်က Twilight: New Moon လည်း မကြည့်ရသေးတော့ ပိုတန်သွားတယ်၊ ဒီကားထဲမှာ နှစ်ယောက်စလုံးကို တပြိုင်နက်ထဲ အ၀ကြည့်လိုက်ရတယ်။
အင်နာကတော့ ဒီကားမှာ ဂျော့ရှ် ကလူနေးရဲ့လက်ထောက်ပုံစံ၊ လူငယ်ငတက်ကြွမလေးပုံစံ သရုပ်ဆောင်သွားတယ်၊ သူလည်း တော်တယ်၊ အင်းလေ… ဒီလိုတော်ကြလို့လည်း ကမ္ဘာကျော်တွေဖြစ်လာကြတာပေါ့။
ဇာတ်ကားကိုတော့ လေကြောင်းခရီးသွားမိုင် ၁၀ သန်းပြည့်သွားတဲ့ ဂျော့ရှ် ကလူနေး ကို ခရီးတစ်ခုသွားနေတုန်းမှာပဲ လေယာဉ်ပေါ်မှာ အထူးကတ်တစ်ခုကို အခမ်းအနားနဲ့ ချီးမြှင့်တယ်၊ သူ့လက်ထောက်ကောင်မလေး အင်နာ အလုပ်က ထွက်သွားတယ်၊ သူအလုပ်တွေ ဆက်လုပ်ရမယ်၊ ဒါနဲ့ပဲ ပြီးပါတယ်။
Up In The Air ဇာတ်ကားဟာ 15 အဆင့် (၁၅ နှစ်နှင့်အထက်ကြည့်) ဇာတ်ကားဖြစ်ပြီး ပြသချိန် ၁၀၉ မိနစ်ရှိပါတယ်။
Up In The Air ဇာတ်ကားဟာ အမေရိကမှာတော့ ပြီးခဲ့တဲ့လကတည်းက ပြခဲ့တာဖြစ်ပေမဲ့ လန်ဒန်မှာကတော့ ဒီလမှပဲ စပြတာပါ၊ ကဲ…ရန်ကုန်မှာပြရင်လည်း မလွတ်တမ်းသွားရောက်ခံစားကြည့်ပါလို့ ပြောရုံမှတပါး တခြားဘာကိုမှ မပြောလိုတော့ပါခင်ဗျာ။
ဆုံကြသေးတာပ။
ဇန်န၀ါရီလ ၂၅ ရက်၊ ၂၀၁၀ ပြည့်နှစ်။ ည ၁၀ နာရီ။
အရေးအသားကောင်းလိုက်တာ။
ဇာတ်လမ်းကြည့်နေရသလိုပဲ။
ကျေးဇူးပါ။
co-pilot ဆိုတာလေးတော့ သဘောကျတယ်ဗျာ။ ဘယ်သူမှတော့ အထီးကျန် မနေချင်ကြပါဘူး။ ဒါပေမယ့် ဒါကြောင့် အိမ်ထောင်ပြုရမယ်လဲ မဆိုလိုဘူး။ နောက်တဖက်ကြည့်ရင် အိမ်ထောင်ရေးကို ဘောင်တွေ တံတိုင်းတွေ ကာစီးထားတဲ့ အရာလို့ လဲ မမြင်ဖို့ လိုတယ် ထင်တယ်ဗျ။ အဲဒီဆို George Clooney ရဲ့ ဇာတ်လမ်း အဖွင့်စကား theme တခုပေါ် ပြောင်းသွားနိုင်ပါတယ်။ အိမ်ထောင်မပြုချင်ရင်တော့ George Clooney နည်းလမ်းတွေ့  လေ့လာပေတော့ဗျာ..။ 😀 ဘာပဲဖြစ်ဖြစ် ဒီကားတော့ ကြည့်ဦးမယ်ဗျို့ ။
ကောင်းသားပဲဗျ
ခရီးဆောင်အိပ်တစ်လုံးနဲ့နေနိုင်အောင် လုပ်ရမယ်ဆိုတာကိုတော့ သဘောကျတယ်ဗျ
ကျွန်တော်လည်းကျောပိုးအိပ်တစ်လုံးထဲမှာ ရှိတာ အကုန်ထည့်ပြီးလျှောက်သွားနေလို့လေ။
ကျွန်တော်လည်းပဲ ဒီဇတ်ကားကို ကြည့်ဖြစ်အောင်ကြည့်လိုက်ဦးမယ်။
ဒီမှာတော့ ရုံမတင်သေးဘူးထင်တယ်