“သူရဲဘောကြောင်သူများသာ ချောင်းကြည့်သည်“ အနောက်တိုင်းစကားပုံတစ်ခု။ ကိုယ်သန်သလို ဘာသာပြန်ပစ်လိုက်ပြီး ကြိုက်လိုက်သမှ သိပ်ကြိုက်၊ အသည်းထဲအထိခိုက် ကြိုက်၊ ဒါပေမဲ့ ချောင်းတဲ့အလုပ်ကို အလွန်ဝါသနာပါသည်။ မစွန့်လွှတ်။

“မနာလိုမဖြစ်နဲ့ ၀န်မတိုနဲ့ ရင်ပူမယ်၊ ရန်ထူမယ်“အလွန်ကြိုက်၊ တကယ်ကြိုက်၊ လှိုက်လှိုက်လှဲလှဲကြိုက်၊ အပြည့်အ၀ထောက်ခံပြီးကြိုက်။ ဒါပေမဲ့ မနာလိုဖြစ်မြဲ၊ ၀န်တိုစိတ်ကြီးဆဲ။

“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား“ဘုရားဟော တရားဒေသနာတော်တွေကို ဒီစာသုံးကြောင်းတည်းနဲ့ အနှစ်ချုပ်လိုက်တာ၊ ပြီးရော။ သြ၀ါဒ ပါတိမောက်ဆိုပြီး ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်တွေနားမှာ ကျောက်စာရေးထိုး စိုက်ထူထားတတ်တယ်၊ ကောင်းလိုက်တာ၊ တန်ဖိုးကြီးလိုက်တာ၊ ကြိုက်လိုက်တာ မပြောပါနဲ့တော့။ ဒါပေမဲ့ စိတ်ပုပ်ဆဲ၊ မကောင်းတာတွေ လုပ်နေမြဲ၊ ကောင်းမှုတွေနည်းနေဆဲ။

ငယ်စဉ်ကတည်းက လူကြီး မိဘ ဆရာသမားတွေ ဆုံးမတိုင်း နာယူ၊ တွေဝေ၊ စဉ်းစား၊ မျက်ရည်တွေတွေကျ၊ ဒီအက်တင်တွေက အသေတောင်ရနေပြီ၊ ဒါပေမဲ့ ပြီးတော့လည်း ကိုယ်ထင်ရာလုပ်မြဲ၊ ဆိုးဆဲ မိုက်ဆဲ၊ လူမိုက်ကလေးဖြစ်နေဆဲ။

အခုထိထက်တိုင် ငါ ဟာ မရင့်ကျက်သေးပါကလား၊ နုနယ်နေဆဲပါတကား၊ အတော်အသုံးမကျပါတကားတို့နဲ့ သံဝေဂနယ်ထဲ ခဏလေးတိုးဝင်လိုက်၊ အချိန်မဆိုင်းဘဲ တစ်ခါ အမှားတွေ တရစပ်ကျူးလွန်လိုက်နဲ့ ပျော်တစ်ခါ မဲ့တစ်လှည့် အကယ်ဒမီဆု အဆု နှစ်ဆယ်လောက် ရထားတဲ့ပုံနဲ့ မိုက်နေ ရိုင်းနေလိုက်တာများ နောက်ကလေးတွေ အားကျရင် မှားမယ်လို့ လူကြီးသူမတွေက ကိုယ့်ကိုကြည့်ပြီး ပြောတတ်ကြတယ်။

ဟန်ဆောင်ခြင်းဆိုတာက ကိုယ့်ရဲ့မွေးရာပါ အရည်အချင်းတစ်ခုလား၊ ဖုံးကွယ်မှုတွေကို မိန်းကလေးတစ်ယောက်ထက် ပိုကျွမ်းကျင်နေတာ ဘာကြောင့်လဲ။ တော်သူတွေကို အထင်ကြီးအားကျတတ်၊ သူတို့ကို အရည်အချင်းကော အသွင်အပြင်ပါ လိုက်အတုခိုး၊ ဒါပေမဲ့ ပြီးတော့လည်း ပြီးသွားတာပါပဲ။ ၀ါသနာ ဗီဇဆိုတာ ဖျောက်ရခက်တဲ့ အမျိုးပေတကား။

ကောင်းတာဆို အလွန်ကြိုက်၊ ကောင်းတာကိုမှစား၊ ပိုက်ဆံဆို ရေလိုသုံးချင်၊ အပျော်အပါး အပြုအစု သူမတူအောင် ကြိုက်တဲ့သူ။ ဒီလိုလူမျိုး တိုးတက် ထောင်ထွက် သွားဖို့ဆိုတာ ငှက်မွှေးကို အပ်ချည်ကြိုးနဲ့ချည်၊ ပြီးတော့ ခဲ(ဂဲ)ကြီးကြီးနဲ့ ဆွဲထားသလိုမျိုးပ။ ထောင်ထောင်သာ လွှင့်မယ်၊ တကယ်က အပေါ်မတက်နိုင်ပါဘူးဆိုတာ သူကိုယ်တိုင်သိပါရက်နဲ့ မိုက်နေပုံများ….။

သူကိုယ်တိုင်က သူ့စတိုင်လ်ကို အသည်းခိုက်အောင် ကြိုက်နေပေမဲ့ လွဲလိုက်သမှဆိုတော့ လူကြီးမိဘတွေက “သနားစရာလေးပါကွာ“ ဆိုတဲ့ ဂရုဏာမျက်လုံး အပြုံးမျက်နှာတွေနဲ့ ကြည့်နေတာကို ဒီမောင်တစ်ယောက်တော့ ခံစားမရနိုင်တော့တာ ညပေါင်းများစွာ။ ။

ဇန်န၀ါရီလ ၂၅ ရက်၊၂၀၁၀ ပြည့်နှစ်။ ည ၈ နာရီ ၁၀ မိနစ်။