ပြီးခဲ့တဲ့လကတော့ ခရစ္စမတ်လျှော့ဈေး ကြော်ငြာကောင်းချက်ကြောင့် ဈေးဝယ်ထောင်ချောက်ထဲ သက်ဆင်းမိခဲ့ပြီး ဈေးဝယ်ကောင်းလိုက်တာ ဘဏ်ကတ်မှာ အနုတ်ပြသွားလို့ ဒီလဆန်းမှာ ငြိမ်ချက်သားကောင်းခဲ့ရပါတယ်။

လ၀က်ကျော်တာနဲ့တပြိုင်နက် လက်နက်ပြည့် တပ်ဆင်ပေးထားခံရတဲ့စစ်သားလို တက်ကြွပြီး ကြည့်ကောင်းနေလိုက်တာ ပြောမနေပါနဲ့တော့။ ရုံးမှာက လစာကို လ၀က် ၁၅ ရက် ရောက်တာနဲ့ပေးပါတယ်။ ငွေလေးရှိနေရင် လူက ငြိမ်ငြိမ်မနေနိုင်လောက်အောင် ဖြစ်လာတာနဲ့ လမ်းထွက်ပါတော့တယ်။

ထုံးစံအတိုင်း ဈေးဝယ်ခြင်းကို ၀ါသနာထုံသူမို့ စားချင်တာတွေ အရင်ဝယ်ထားဖို့ Marks & Spencer ကို ဒိုးဖို့ မြောက်ကြွမြောက်ကြွနဲ့ ထွက်လာခဲ့ပါတယ်။ လူတွေများ ပိုက်ဆံရှိနေရင် အားရှိတတ်ပါလားလို့လည်း အတွေးပေါက်မိခဲ့ပါတယ်။

Marks & Spencer ရှိတဲ့ အိမ်နားက Brent Cross Shopping Center ကို ထွက်လာခဲ့ပြီး ၀င်ပေါက်မှာပဲ ခေါင်းတလားပုံစံ နှစ်ခုချထားတာကို တွေ့ပါတယ်။ ခေါင်းတလားတွေက အပြာရောင်နဲ့ အဖြူရောင်ရောစပ်ထားပြီး သစ်လွင်နေတာမို့ ကြည့်ကောာင်းပါတယ်။ ဘာများပါလိမ့်ဆိုပြီး သေချာစောကြောကြည့်တော့မှ ရေဖိအားသုံးပြီး နှိပ်တဲ့စက် Aqua Massage ဖြစ်နေတော့တယ်။

တလောကပဲ လူသားတွေနဲ့ အဲဒီလူသားတွေက စွမ်းအင်သယံဇာတတွေကို လိုချင်လို့ နာဗီလို့ခေါ်တဲ့ အပြာရောင် ဂြိုဟ်သားတွေ နေထိုင်တဲ့ သာယာလှိုက်မောဖွယ် ကောင်းတဲ့ ပင်ဒိုရာကမ္ဘာကို ၀င်တိုက် လုယက် ဖျက်ဆီးတဲ့အကြောင်း ရိုက်ထားတဲ့ Avatar ရုပ်ရှင်ဇာတ်ကားကို သုံးဘက်မြင် (သရုပ်ဆောင်တွေကို ရှေ့တည့်တည့်က မြင်ရရုံတင်မဟုတ်၊ အလုံးအထည်ပါမြင်ရ) 3D နဲ့ ကြည့်ထားသူမို့

အဲဒီဇာတ်ကားထဲမှာ သရုပ်ဆောင်မင်းသားက ဒီလိုပဲ ခေါင်းတလားကြီးထဲဝင်ပြီး ခလုတ်နှိပ်လိုက်ရင် နာဗီဖြစ်သွားပြီး ပင်ဒိုနာဆီရောက်သွားတော့ နာလည်း အဲဒီလိုခေါင်းတလားထဲမျိုး ၀င်ခွင့်ရရင် သိပ်ကောင်းမှာပဲလို့ တွေးခဲ့ပါတယ်။ သာယာလှိုက်မောဖွယ်အရပ်ကို ရောက်ချင်တာကိုး၊ မကြာမတင် ခေါင်းတလားတစ်ခုထဲ ၀င်ရမယ်ဆိုတာကိုတော့ သိပါတယ်၊ အဲဒါကတော့ သာယာလှိုက်မောဖွယ် ဖြစ်ချင်မှဖြစ်မှာပေါ့လေ၊ ဟုတ်ဘူးလား။

ဆိုတော့ ခုနဈေးဝယ်စင်တာဝင်ပေါက်က ခေါင်းတလားနှစ်ခုကို စိတ်ဝင်တစားနဲ့ အနီးကပ်လေ့လာကြည့်တော့ ဈေးဦးပေါက်သေးပုံမရတဲ့ တာဝန်ခံဝန်ထမ်းက ကိုယ့်အနားကပ်လာပါတယ်။ မင်း စမ်းကြည့်မလားလို့ မေးလာတယ်၊ ကောင်းတယ်ကွလို့လည်း ပြောပါတယ်။ ဒါနဲ့ အချိန်ဘယ်လောက်ကို ပိုက်ဆံဘယ်လောက် ပေးရမလဲဆိုတာကို စနည်းနာကြည့်တော့ အမယ် ၁၀ မိနစ်စာကို စတာလင် ၁၀ ပေါင်ပေးရမယ်လို့ ဆိုလာပါတယ်။ သူ့စက်ရဲ့သဘောက အနှိပ်ကျွမ်းကျင်သူ တစ်ယောက် အချိန်တစ်နာရီနှိပ်ပေးတာမျိုးကို ဒီစက်နဲ့ဆိုရင် ၁၅ မိနစ်နှိပ်တာနဲ့ အတူတူပဲလို့ ဆိုပါတယ်။

ခုနပြောသလို ငွေယားလေးကလည်း ရှိတော့ လုပ်မယ်ကွာဆိုပြီး စိတ်ထဲဆုံးဖြတ်လိုက်တယ်၊ အဲဒီအချိန်မှာပဲ ဘီးတပ်ကုလားထိုင်နဲ့ဈေးလာတဲ့ ဆရာတစ်ယောက် ကလည်း သူအရင် လုပ်မယ်၊ အနှိပ်ခံမယ်။ သူ့မိန်းမလာရင် ပိုက်ဆံပေးမယ်တဲ့။ ဟာ ပိုင်ပါ့ဗျာ၊ ကိုယ့်မှာက တစ်ယောက်တည်းဆိုတော့ သူ့ကိုအရင် အနှိပ်ခံဖို့ လုပ်ပေးနေတုန်း ပိုက်ဆံသွားထုတ်ထားမှဆိုပြီး ဈေးဝယ်စင်တာထဲက ငွေထုတ်စက် Cash Machine မှာ ငွေသွားထုတ်လိုက်တယ်။

(ဒီမှာက မသန်စွမ်းတွေကလည်း ဘီးတပ်ကုလားထိုင် ကိုယ်တိုင်တွန်းပြီး ဘတ်စ်ကား၊ မြေအောက်ရထား စီးတယ်၊ ဈေးဝယ်ထွက်တယ်၊ ရုပ်ရှင်ကြည့်တယ်၊ မထူးဆန်းဘူး။ လူကြီးတွေဆို သူတို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ကားပုံစံလို ခလုတ်တွေနှိပ်ပြီး မောင်းလို့ရတဲ့ တစ်ယောက်ထိုင် စက်ခုံနဲ့ သွားတယ်လာတယ်၊ လှေကားတက်တယ် အဲဒါတွေနဲ့ သွားလာနေကြတယ်၊ လူကြီးတွေဆိုတော့ လက်အားမသန်တော့လို့ ဘီးတပ်ကုလားထိုင်နဲ့ မသွားကြဘဲ စက်နဲ့မောင်းတဲ့ ခုနပြောတဲ့စက်ခုံနဲ့ သွားလာနေကြတာပဲ၊ နိုင်ငံချမ်းသာတာဟာ သိပ်ကောင်းတယ်၊ မြန်မာနိုင်ငံကိုလည်း သိပ်ချမ်းသာစေချင်တယ်။)

အမယ် ကိုယ်ပြန်လာတော့ ဘီးတပ်ကုလားထိုင်ဆရာသမားက အခေါင်းထဲ(အဲ ခေါင်းတလားထဲ)တောင် ရောက်နေပါပကော၊ သူ့မိန်းမဖြစ်သူကတော့ ခေါင်းတလား ခေါင်းရင်းလေးမှာထိုင်ပြီး ယောက်ျားဖြစ်သူကို အကြင်နာအပြည့်နဲ့ စောင့်ပေးနေတယ်။ ဈေးဝယ်စင်တာဝင်ပေါက်ဆိုတော့ လူတွေကလည်း ၀င်လာတာနဲ့တွေ့ပြီး ၀ိုင်းကြည့်နေကြတာပေါ့။ သူ့ဟာက လူမြင်ကွင်းကြီးမှာကိုး၊ ကိုယ်ကလည်း လူအများကြည့်နေတဲ့ကြားမှာပဲ ဟန်ပါပါနဲ့ အခေါင်းထဲဝင်ဖို့ စပြင်ဆင်ပါတော့တယ်။

အနှိပ်စက်ရဲ့သဘောက ရေဖိအားနဲ့နှိပ်တာပါ၊ လူကို ရေမစိုဘူး(အခြောက်နှိပ်ပေါ့၊ အခြောက်မတွေ နှိပ်တာကို ပြောတာမဟုတ်ပါ)။ ခေါင်းတလားလို စက်ထဲကို မှောက်ရက်အိပ်၊ မျက်နှာထားဖို့ ခွက်ကလေးပါတယ်။ နှာခေါင်းလေ၀င်လေထွက်ကောင်းအောင်(အသက်ရှုသွင်းရှုထုတ်လို့ရအောင်) မျက်နှာထည့်ထားတဲ့ ခွက်ကလေးထဲမှာ လေ၀င်လေထွက်အပေါက်လေးတွေ ပါပါတယ်။

လက်နှစ်ဘက်ကို ပခုံးဘေးကနေ ဦခေါင်းနဲ့ယှဉ်ပြီး တစ်ဘက်တစ်ချက်မှာထား၊ လက်ထားစရာနေရာလေးလည်းပါတယ်။ ခြေထောက်တွေက တောင့်တောင့်ဖြောင့်ဖြောင့်ဆန့်ထား၊ ပြီးရင် စိတ်လက်ပေါ့ပါးစွာနဲ့ လျှော့ထား၊ ဒါဆိုရပြီပဲ။ ကိုယ်နားလည်စရာလည်း မလိုပါဘူး။ ခုနတာဝန်ခံက အကုန်လုပ်ပေးတာပါ။

အဲ..ခေါင်းတလားထဲရောက်ပြီး အနှိပ်က စနေပြီ၊ ကိုယ်က မကြိုက်ရင် မခံနိုင်ရင်တော့ ဘယ်ခလုတ်ကို နှိပ်ဆိုပြီးပြတယ်၊ ဘယ်ဘက်လက်အောက်က ခလုတ်ပါပဲ။ ညာဘက်မှာလည်း ခလုတ်တစ်ခုကိုတော့ ပေးထားတယ်။ သူပြောတာကို ကိုယ်သေချာနားမလည်လိုက်ဘူး၊ ကိုယ်ထင်တာကတော့ ရေပြင်းအား အတိုးအလျှော့ လုပ်ဖို့ ထင်တာပဲ။ ကိုယ်က အတွင်းထဲ မှောက်ရက်ကြီးရောက်နေပြီဆိုတော့ စကားပြောလို့ မကောင်းတော့ဘူး။

တာဝန်ခံဆရာသမားကိုတော့ နာ အထဲဝင်နေတုန်းမှာ အမှတ်တရဓာတ်ပုံလေးတွေရိုက်ပေးထားကွာလို့ ပြောထားလိုက်တယ်၊ ဟုတ်တယ်လေ ကိုယ်က သူ့ကို ဈေးဦးဖောက်ပေးတဲ့သူတစ်ယောက်ပဲ၊ ခုနပြောခဲ့တဲ့ ဘီးတပ်ကုလားထိုင်ဆရာသမားကတော့ တော်တော်အကြိုက်တွေ့ပြီး နောက်ထပ် ၁၅ မိနစ်ထပ်ယူပုံပဲ။ စုစုပေါင်း ၂၅ မိနစ်ဆိုရင် ဒါ အကောင်းဆုံးဆက်ရှင်တစ်ခုဖြစ်သွားတာပေါ့လေ၊ ၂၅ ပေါင်တော့ ပေးရလိမ့်မယ်။ ကိုယ်ကတော့ စမ်းသပ်ကြည့်ရုံဆိုတော့ ၁၀ ပေါင်လောက်တော်ပါပြီဆိုပြီး ထားလိုက်တယ်။

စစချင်း အပေါ်ကုတ်အကျီထည့်ဖို့၊ ခါးပတ်ချွတ်ဖို့၊ နောက်တစ်ခါအတွင်းကခံဝတ်ထားတဲ့ ဆွယ်တာအကျီချွတ်ဖို့ပြောတယ်၊ ရှပ်အကျီချွတ်ရဦးမလား၊ အထဲမှာ စွပ်ကျယ်လက်ရှည်(တီရှပ်လက်ရှည်)၀တ်ထားသေးတယ်ဆိုတော့ တော်ပြီ၊ ဒီလောက်ဆိုရပြီဆိုတော့ စွပ်ကျယ်လက်ရှည်နဲ့ ရှပ်အကျီင်္ကိုဝတ်ထားတယ်။

အခေါင်းထဲ မ၀င်ခင် ဘွတ်ဖိနပ်ကို ချွတ်ရတယ်။ ပစ္စည်းတွေထည့်ထားတဲ့တံခါးလေးကို ပိတ်လိုက်တယ်၊ သူ့ကို ကင်မရာပေးလိုက်တယ်။

ဝန်ဆောင်ခပိုက်ဆံကို ဘဏ်ကတ် Debit card နဲ့လည်း ပေးလို့ရတယ်၊ သူက ကတ်နဲ့ပေးမယ်မှတ်လို့ စက်ဖွင့်ပြီး ယူမလို့လုပ်ပြီးမှ ကိုယ်က ငွေစက္ကူပေးဖို့ လုပ်တာတွေ့တော့ ပြီးမှပေးလည်း ရတယ်ပြောတာနဲ့ ဒါဆိုလည်း ပြီးမှပဲပေးမယ်လို့ ပြောလိုက်ပါတယ်။

မှောက်ရက်အိပ်ပြီး ခဏနေ စက်စဖွင့်တော့ ရေအရှိန်နဲ့ ခြေဖ၀ါး၊ ခြေသလုံးဖက်ကနေ စနှိပ်ပါတယ်။ ပထမပုံမှန်၊ နောက်တော့ နည်းနည်းဖိအားများလာတယ်။ ပေါင်ရင်း၊ တင်ပါး၊ ခါး၊ ကျောပြင်၊ ပခုံး၊ လည်ပင်း သေသေချာချာကို ရေဖိအားနဲ့နှိပ်နေတော့တယ်၊ ရေစိုစရာမလိုပါ။ dry massage အခြောက်နှိပ်တာပါ။

မှောက်ရက်အိပ်နေတုန်း(စက်မဖွင့်ခင်က) မင်း music နားထောင်မလားမေးတော့ ကိုယ်က ခေါင်းငြိမ့်ပြလိုက်တော့ နားကြပ် Head Phone တစ်ခုကို သူက စွပ်ပေးတယ်။ ငြိမ့်ညောင်းတဲ့ သီချင်းသံလေးတွေပါ၊ ရန်ကုန်က ဟိုတယ်ကြီးတွေသွားရင် ဧည့်ခန်းနဲ့ ခန်းမတွေထဲမှာ ဖွင့်ထားတတ်တဲ့ သီချင်းသံမျိုး၊ ငြိမ့်ငြိမ့်ညောင်းညောင်းလေးပေါ့၊ ဂီတနဲ့စိတ်ကိုလျှော့ချလိုက်တာပေါ့။

ကိုယ်ကတော့ ဒီရေအနှိပ်ကို သိပ်သဘောကျတယ်၊ မျက်လုံးလေးမှိတ် သီချင်းလေးနားထောင်ပြီး ဇိမ်ခံနေတာ မသိရင် ရေသူမလေးက ကိုယ့်ကျောပြင်ကြီးကို ဖိပေးပွတ်သပ်ပေးနေသလိုပါပဲ၊ တကယ်ကောင်းတယ်။

ပြောရရင် အနှိပ်ခံတာကို အဖွားအမေ ဘွားတော်ကြီးက သိပ်ကြိုက်တယ်၊ ငယ်ငယ်ကဆို တစ်ခါတလေ နှိပ်ပေးရတယ်၊ များသောအားဖြင့်တော့ သူ့မြေးဖြစ်တဲ့ အမေက နှိပ်ပေးရတာပေါ့၊ ဘွားတော်ကြီးဆိုတော့ ကိုယ်တို့နဲ့ကျ အသက်သိပ်ကွာသွားတာပေါ့။ ဘွားတော်ကြီးက အသက် ၉၀ နီးမှဆုံးတယ်။

ကိုယ့်အဖွားကျတော့ သူ့အသားထိလို့ မရဘူး၊ ယားတယ် ယားတယ်ဆိုပြီး နှိပ်ပေးလို့ မရဘူး၊ အမေကျတော့ ကြိုက်ပြန်ရော၊ ရန်ကုန်မှာဆို နေ့တိုင်း အမေ့ကို နှိပ်ပေးရတယ်။ ကိုယ်နဲ့ကိုယ့်ညီကလည်း အနှိပ်ခံရတာကို သဘောကျတယ်၊ အငယ်မကတော့ သိပ်အကြိုက်ကြီး မဟုတ်ဘူး။ အဖေလည်း မကြိုက်ဘူးထင်တယ်။

ကိုယ်က နဂိုကလည်း အနှိပ်ကြိုက်သူ၊ စူးစမ်းချင်သူ၊ ပြီးရင်စာရေးပြီး ပြန်ကြွားမဲ့သူဆိုတော့ ၀င်စမ်းလိုက်တာပါပဲ၊ ၁၀ မိနစ်အနှိပ်ခံပြီးတော့ လူက တော်တော်ပေါ့ပါးသွားတာကို တွေ့ရတယ်။ အရသာရှိတယ်လို့လည်း ထင်မိတယ်၊ အိမ်ကျယ်ကျယ်နဲ့နေရပြီး ဒီစက်ကြီးဝယ်ဖို့တတ်နိုင်ရင် အိမ်မှာတစ်လုံးလောက် ၀ယ်ထားမယ်လို့ စိတ်ကူးမိတယ်။

စက်ဝယ်ဖို့ဈေးကို ဂူဂဲလ်လုပ်ကြည့်လိုက်တော့ စက်တစ်လုံးဈေး(အခေါင်းတစ်လုံးဈေး)က အမလေး မြန်မာငွေ သိန်း ၁၅၀ ကနေ ၂၀၀ ကြားလောက်ရှိပါပေါ့လား။ ရန်ကုန်မှာ အနှိပ်ခန်းတွေကို ဒါကြောင့် လူလုပ်အားနဲ့ပဲ ဖွင့်နေတာပါလားလို့ သဘောပေါက်သွားတယ်။

တကယ်တော့ ရန်ကုန်သားက လန်ဒန်မှာ အခုမှ ဒီစက်နဲ့အနှိပ်ခံဖူးပေမဲ့ ဒီစက်က အမေရိကန်ထုတ်ဗျ၊ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက စထုတ်ခဲ့တာကလား၊ ဒါတောင် အနှစ် ၂၀ လောက်နေမှ လန်ဒန်ရောက်လာလို့ အနှိပ်ခံနိုင်တာပဲ။

ကိုယ် အနှိပ်ခံခဲ့တဲ့စက်က Aqua Massage XL 250 ထင်ပါတယ်။ မိုက်တာတော့ တော်တော်မိုက်တယ်၊ အမေ့တောင်တစ်လုံးဝယ်ပေးလိုက်ချင်တယ်။ ဒါပေမဲ့ စက်က ကွန်ပျူတာနဲ့တွဲဖက်ထိန်းချုပ်ထားပြီး လျှပ်စစ်နဲ့ဆက်သွယ်ရဦးမှာမို့ ရန်ကုန်မှာ မီးမှန်မှပဲ ၀ယ်ပေးလို့ရမယ်ထင်ပါရဲ့လို့ တွေးမိပြန်တယ်။

အမယ် ဈေးဝယ်စင်တာဝင်ပေါက်ကြီးမှာ အနှိပ်ခံနေတာဖြစ်တော့ ဈေးဝယ်ဈေးလာတွေက ကိုယ်နှိပ်နေတုန်းကော၊ အနှိပ်ခံပြီးလို့ မျက်နှာကြီး ပြုံးဖြီးဖြီးနဲ့ ထွက်လာတာကိုကော ၀ိုင်းကြည့်နေကြတာဗျ၊ တော်တော်ဟုတ်တဲ့ငါပါလားဆိုပြီး သွေးနထင်တောင် ရောက်သွားသေးတယ်၊ လူကလည်း တော်တော်လန်းသွား တာကိုး။

အဲဒီမှာ ချောကလက်မမတစ်ယောက်က “ဟေ့…ဘယ်လိုလဲ မိုက်လား“လို့ ကိုယ့် လာမေးတယ်၊ သူကလည်း စိတ်ဝင်စားပုံရတယ်။ ကိုယ်က “မိုက်တယ်ဗျ၊ ကျွန်တော်တော့ ကြိုက်တယ်“လို့ ပြန်ပြောလိုက်တော့ အမယ် သူလည်း လုပ်တယ်ဗျ။ ကိုယ်က ဈေးဆက်ဝယ်တယ်၊ နောက် ဈေးဝယ်ပြီးလို့ ပြန်ထွက်လာရင်း လှမ်းကြည့်လိုက်တော့ အမယ် အခေါင်း ၂ ခုထဲမှာ လူက အပြည့်…အခေါင်းထဲ ထပ်ဝင်ဖို့ စောင့်နေ၊ ကြည့်နေသူတွေကလည်း ရှိသေးသဗျ။ ဟ ဟာ ဟား အရသာရှိတဲ့ သစ်လွင်တဲ့ အခေါင်းကျတော့ လူတွေက မကြောက်ကြပါလားဟရို့။

စက်အကြောင်းသေချာသိချင်ကြည့်ချင်ရင် ဒီမှာလေ့လာကြည့်ပါ….http://www.aquamassage.com/index.htm

ဇန်န၀ါရီလ ၁၆ ရက်၊ ၂၀၁၀ ပြည့်နှစ်။ မွန်းလွဲ ၄ နာရီ။