တကယ်တော့ ဒီခေါင်းစဉ်ကို ရေးရတာ စိတ်တောင် မသန့်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် သူငယ်ချင်းတွေအတွက် သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်ပြီလို့ မယူဆထားလို့ပါပဲ။

မိတ်ဆွေဆိုတဲ့သဘောကလည်း အပြန်အလှန်ကောင်းရတာမျိုး မဟုတ်လား၊ ဒီတော့ သူငယ်ချင်းကောင်းတွေရချင်ရင် သူငယ်ချင်းတွေအကြောင်း ရင်းရင်းနှီးနှီး ပြောချင်ရင် ကိုယ်ကိုယ်တိုင်ကလည်း သူငယ်ချင်းကောင်းတစ်ယောက် အရင် ဖြစ်ရမယ် မဟုတ်လား။

တကယ်တော့ ကျွန်တော်ကိုယ်တိုင်က သူငယ်ချင်းကောင်း မဟုတ်ခဲ့ပါဘူး။

ငယ်ငယ်ကတည်းက သူငယ်ချင်းများများစားစား မရှိခဲ့သလို သူငယ်ချင်းများများနဲ့ ရုံးစုရုံးစုနေထိုင်ရတာမျိုးကိုလည်း မနှစ်သက်ခဲ့ပါဘူး။ ဆိုလိုတာက လိုအပ်တာထက် သူငယ်ချင်းကို ပိုမခင်ခဲ့ဘူး၊ သူငယ်ချင်း မမင်တတ်ဘူးလို့ ပြောချင်တာပါ။ အထီးကျန်နေရတာကိုလည်း နှစ်မျို့ပြီး တွေးနေ၊ ငေးနေရတာမျိုးကို ကြိုက်ခဲ့သူပါ။

ညီဖြစ်တဲ့သူကတော့ ပြောင်းပြန်ပါ၊ သူက သူငယ်ချင်းတွေအပေါ် အလွန်ကောင်းသလို သူငယ်ချင်းတွေကလည်း သူ့ကို ချစ်ကြပါတယ်။ ကိုယ်ကတော့ ညီငယ်လောက်ကို သူငယ်ချင်း မခင်တတ်ဘူးဆိုတာကို ငယ်ငယ်ကတည်းက ရိပ်စားမိခဲ့ပါတယ်။

နောက်တစ်ခုကတော့ ကိုယ့်ရဲ့ပင်ကိုယ်စရိုက်လို့ ဆိုရမယ်ထင်ပါတယ်။ ကိုယ်က အပြန်အလှန်လေးစားတာမျိုးကို သဘောကျပါတယ်။ ပညာတတ်တွေ အပြန်အလှန်လေးစားသလိုမျိုးပေါ့။ ကွယ်ရာမှာ မကောင်းပြောချင်ပြောမယ်၊ ညစ်ပတ်မယ်၊ ဒုက္ခပေးမယ်၊ ရှေ့တင်ကျတော့ မျက်နှာလေး ပြုံးရွှင်ပြီးသကာလ အလွန်ယဉ်ကျေးတဲ့ ပုံစံမျိုးပေါ့၊ သိပ်ကြည့်လို့ကောင်းတာပဲလို့ ငယ်ငယ်ကတည်းက သဘောကျခဲ့ပါတယ်။

ဒါပေမယ့် ပညာတတ်တွေရဲ့လေးစားတာ ယဉ်ကျေးတာကိုပဲ ယူပါတယ်။ ပညာပြတာ၊ ပညာတတ်ညစ် ညစ်တာတွေကိုတော့ မယူခဲ့ပါဘူး။ ကိုယ့်ကို အဲဒီလို လုပ်လာရင်လည်း အလွယ်တကူ သိတတ်၊ ခံစားတတ်ပြီး စိတ်မကောင်းဖြစ်လို့ နေတတ်ပါတယ်။

သူငယ်ချင်းတွေ ရုံးစုရုံးစုလုပ်၊ ပြောချင်တာပြော ဆိုချင်တာဆို၊ နေချင်သလိုနေ၊ သိပ်ပွင့်လင်းကြ။ ဒီခေတ် အိုင်တီခေတ်မှာ ပိုဆိုးတာပေါ့၊ သူငယ်ချင်းဆိုပြီး အီးမေးလ်အကောင့် လဲသုံးတယ်၊ ယောက်ျားလေး မိန်းကလေး နေထိုင်ပုံက ရည်းစားမက ပုံစံဖြစ်နေတယ်။ မဟုတ်တာမှန်သမျှ အကုန်လုပ်တယ်။ ထင်ရာမြင်ရာ စွတ်ပြောတာ မဟုတ်ရပါဘူးဗျာ၊ မျက်မြင်ရယ်၊ ကိုယ်တွေ့ရယ်ပေါင်းပြီး ပြောတာပါ။

ခက်တာက ကိုယ်ကိုယ်တိုင်ပါပဲ။ သူများတွေ အဲဒီလိုနေတာကို မကြိုက်သလို ကိုယ်တိုင်လည်း မနေတတ်တော့ သူငယ်ချင်းတွေနဲ့ သိပ်ပွင့်လင်းမှု မရှိဘူးလို့ ၀န်ခံရမှာပါ၊ နောက်တစ်ခုက ကိုယ့်ကိုလေးစားမှုလျော့လာတယ်လို့ ခံစားလိုက်တာနဲ့ တပြိုင်နက် အဲဒီသူငယ်ချင်းကို ခပ်တန်းတန်းနေပစ်တော့တာပါပဲ။

ဒီတော့ ကျွန်တော့်မှာ သူငယ်ချင်းနည်းတယ်ပေါ့ဗျာ၊ မူလတန်းကနေ ကောလိပ်ပြီးတဲ့အထိ သူငယ်ချင်းက လက်ချိုးရေလို့ရတဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။ အဲ…ကောလိပ်ပြီးလို့ အလုပ်လုပ်တော့ စာရေးဆရာ/အယ်ဒီတာ လုပ်ဖြစ်တော့တာပါပဲ။ အဲဒီမှာကျတော့ အလုပ်သဘောကိုက မိတ်ဆွေတွေ များလာပါတော့တယ်။

ကိုယ့်တိုက်ကို စာမူလာပေးတဲ့သူတွေနဲ့ တဖြည်းဖြည်းခင်လာရသလို ကိုယ်က သူများတိုက်မှာ ရေးချင်လို့ ရေးပြီးလို့ စာမူသွားပေးတဲ့အခါမှာလည်း တခြားတိုက်က ဆရာတွေ ဆရာမတွေနဲ့ ခင်လာတော့တာကလား၊ နောက်ပိုင်း သတင်းစာဆရာဖြစ်လာတော့ ပြောဆိုဆက်ဆံရသူတွေ ပိုများလာတာပေါ့လေ။

ငယ်တော့ သူငယ်ချင်း၊ ကြီးတော့ မိတ်ဆွေပေါ့လေ။ ရှေ့ကပြောခဲ့သလိုပါပဲ၊ သူငယ်ချင်းတို့ မိတ်ဆွေတို့ဆိုတာက အပြန်အလှန်ပေါင်းသင်းရတာမျိုးပါ၊ တစ်ဖက်သတ်သွားလို့ မရပါဘူး။ ကိုယ့်လိုဘက်ကြီးပဲ သွားလို့မရသလို သူ့ကိုချည်းပဲလည်း ကိုယ်က အမြဲတမ်းဖြည့်ဆည်းပေးနေနိုင်တာ မဟုတ်ပါဘူး။ ဟိုသီချင်းထဲကလို သူငယ်ချင်းချစ်သူလေးရာ…ဆိုရင်တော့လည်း မသိပေဘူးပေါ့ဗျာ။ ကိုယ်ကချည်း အမြဲဖြည့်ဆည်း နေမလားပါပဲ။

ဒီတော့ ကျွန်တော်နဲ့သူငယ်ချင်းတွေရဲ့ ဆက်ဆံရေးက လေးစားမှုပေါ် အခြေတည်တယ်၊ တည်ငြိမ်မှုကို ဇောင်းပေးတယ်။ ခံစားမှုကို ရှေ့တန်းမှာ ထားတယ်။

လူဆိုတာက ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်တောင် အမြဲတမ်း အစေးကပ်တာမဟုတ်တာမို့၊ မိဘကတောင် သားသမီးကို တစ်ခါတလေ စိတ်တိုင်းမကျတဲ့အခါ မကျေနပ်တာမို့ သူငယ်ချင်းဆိုတာနဲ့လည်း အမြဲတမ်းတော့ အဆင်ပြေနေတာမျိုး မဟုတ်ပါဘူး။

ကိုယ်က စိတ်ကြည်လင်နေတဲ့အချိန် သူက စိတ်ကြည်လင်ချင်မှ ကြည်လင်မယ်။ ကိုယ်အားနေတဲ့အချိန် သူက အလုပ်တွေ ရှုပ်ချင်ရှုပ်နေမယ်။ ဒါကို သိရပါမယ်၊ သူ့စည်းကိုယ့်စည်း၊ သူ့နဲ့ကိုယ် အပြန်အလှန်လေးစားမှုရှိရပါမယ်။ မဟုတ်ရင်တော့ ကြာရှည်ခံတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ မဟုတ်တာကို သတိထားရပါတယ်။

မီဒီယာအလုပ်လုပ်တဲ့အခါ သူငယ်ချင်း မိတ်ဆွေတွေရဲ့ ယုံကြည်မှု၊ လေးစားမှုက ပိုအရေးကြီးလာပါတယ်။ ယုံကြည်လေးစားမှု အခြေခံမှ အလုပ်ဖြစ်မယ့် အနေအထားဖြစ်နေတာကိုး။ နောက်တီးနောက်ချာလုပ်ခဲ့တယ်ဆိုရင် ဘယ်လိုမှ လေးစားမှုက ပေါ်လာမှာ မဟုတ်တော့ပါဘူး။

ဒီမှာတစ်ခုပြောစရာရှိတာက လေးစားတိုင်းလည်း နှစ်ဖက်ဆက်ဆံရေးကောင်းတာတော့ မဟုတ်ပါဘူး၊ ခုနပြောခဲ့သလို အပြန်အလှန် စောင့်ရှောက်ကူညီမှု၊ နှုတ်အား၊ လူအား၊ အကြံဥာဏ်အားဖြင့် အားပေးမှုတွေကလည်း လိုပါသေးတယ်။ ဒါမှသာ ရေရှည်ကောင်းတဲ့ ခိုင်ခံတဲ့ ဆက်ဆံရေးဖြစ်မှာပါ။

လူ့လောကမှာ အထူးသဖြင့် ဒီကနေ့ခေတ်မှာ မိတ်ဆွေ သူငယ်ချင်းကောင်းတွေရှိနေတာ သိပ်ကို အကျိုးများပါတယ်။ နိုင်ငံတကာကူးလူးဆက်ဆံမှုတွေကလည်း များလာတဲ့အခါ နည်းပညာအထောက်အပံ့တွေ ကောင်းလာတဲ့အခါ မိတ်ဆွေတွေရဲ့ ဆက်ဆံရေးဟာ ပိုရင်းနှီးခွင့် ပိုမိုကောင်းမွန်ခွင့်များလာပါတယ်။

ဒီနေ့ခေတ်လို မိတ်ဆွေတွေအချင်းချင်း သတင်းတွေ၊ ပညာရပ်တွေ၊ ခံစားချက်တွေ ဖလှယ်ဖို့၊ ဆွေးနွေးဖို့၊ တိုင်ပင်ဖို့ကောင်းတာ အဆင်ပြေတာ ဘယ်ခေတ်ကမှ ရှိခဲ့တာမဟုတ်ပါဘူး။

အခုတော့ ကိုယ်ကိုယ်တိုင်လည်း သူငယ်ချင်းကောင်း/မိတ်ဆွေကောင်း ဖြစ်အောင် ကြိုးစားနေပြီး မိတ်ကောင်းဆွေကောင်းတွေကိုလည်း တမ်းတနေမိတတ်တော့ တာပါကလားခင်ဗျာ။

ဇန်န၀ါရီ ၁၅၊ ၂၀၁၀။ ည ၉ နာရီခွဲ။