လန်ဒန်မှာက ခရစ္စမတ်နေ့ပြီးနောက်တစ်ရက်ဖြစ်တဲ့ Boxing Day (ယူကေအပါအ၀င် ကမ္ဘာ့နိုင်ငံတချို့မှာ ခရစ္စမတ်နေ့ပြီး နောက်တစ်ရက်ကို အများပြည်သူ အားလပ်ရက်၊ ဘဏ်ပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်) က စပြီး ၅ ရက်ကြာဈေးရောင်းပွဲကို လူတွေက စောင့်နေကြတာ လနဲ့ချီပြီ။

High Street လို့ ဒီမှာခေါ်တဲ့ ဈေးတန်းလမ်းမှာ စတိုးဆိုင်ကြီးတွေ၊ ကုန်တိုက်တွေအများကြီးရှိတယ်။ ကုန်တိုက်တွေကလည်း ၀ယ်သူတွေကို အမြဲဆွဲဆောင်ရတယ်။ ဖောက်သည်ရှိမှ ဈေးသည်ဆိုတာ ဈေးရောင်းရတာကိုး။ ဒီတော့ ဈေးက အမြဲလျှော့နေရတာပဲပေါ့။

ဒါပေမယ့် အမြဲလျှော့တာ၊ ၀န်ဆောင်မှုကောင်းကောင်းပေးတာက တပိုင်း၊ ဒီလို ခရစ္စမတ်ဆေးလ်(sales)လို့ခေါ်တဲ့ ဈေးရောင်းပွဲကတော့ အပြီးအပြတ်ကို လျှော့ရောင်းပစ်လိုက်တာ၊ နှစ်ပေါက်အောင် သိုလှောင်ရောင်းချတဲ့ပစ္စည်းတွေထဲက မကုန်သေးတဲ့ပစ္စည်းတွေကို ထုတ်ပစ်လိုက်တာပေါ့။ ပထမ တစ်နှစ်လုံး ရောင်းပြီးသလောက်ထဲမှာပဲ ကိုယ်လိုချင်တဲ့ အမြတ်အစွန်းက ရပြီးသားလေ၊ ဒီတော့ လက်ကျန်ပစ္စည်းတွေလည်း ထွက်သွားအောင်၊ ကိုယ့်ဖောက်သည် တွေလည်း ပျော်အောင်၊ ကိုယ်လည်း နောက်ထပ်အရင်းအနှီး ပြန်ရသလို ပစ္စည်းသစ်တွေ ထပ်တင်ဖို့ နေရာလည်း ထွက်လာတာပေါ့။ တစ်ချက်ခုတ် သုံးလေးချက် ပြတ်ကိန်း။

မကြာခင်စတင်တော့မယ့် နှစ်သစ်ဘက်ကို နှစ်ဟောင်းက ဒီဇိုင်းတွေ၊ ပစ္စည်းတွေကို ယူမသွားတော့တာပေါ့။ ဒါပေမယ့် အများစုကတော့ အ၀တ်အထည်တွေနဲ့ အိမ်အသုံးအဆောင်တွေပဲများပါတယ်။ လက်ဝတ်ရတနာလို၊ နာရီလိုဟာကျတော့ တချို့လည်း လျှော့တယ်၊ တချို့လည်း မလျှော့ပါဘူး။

တန်ဖိုးရှိပြီး ရှားပါးတဲ့ပစ္စည်းမျိုးတွေကျတော့ ထားရောင်းလို့လည်း ဘာမှမဖြစ်ဘူးလေ၊ ကြိုက်ရင်ဝယ်ကြမှာပဲ။ လက်ဝတ်ရတနာဒီဇိုင်းတွေမှာ တချို့ဒီဇိုင်းတွေက အ၀တ်အစားတွေလို ဒီဇိုင်းတစ်ခုကို အထည်အများကြီး ထုတ်တာမှ မဟုတ်တာ၊ နာရီဆိုလည်း ဒီလိုပါပဲ၊ နာရီအက်ဒစ်ရှင်(ဒီဇိုင်း၊ ပုံစံ)တစ်ခုဆို ဆယ်ဂဏန်းလောက်ပဲထုတ်တာ၊ တချို့နာရီတွေဆို ၀ယ်သူမှာမှ ထုတ်ပေးတာဆိုတော့ စောင့်ရပါတယ်။ ပြောချင်တာက ခုလိုပစ္စည်းတွေကျတော့ ခရစ္စမတ်ဆေးလ်မှာ မျှော်လင့်ချက်ထားလို့မရနိုင်ပါဘူး။

နောက်တစ်ခုက ခရစ္စမတ်ဆေးလ်လို ကုန်တိုက်အပြောင်ရှင်းရောင်းတာမျိုးက အ၀တ်အထည်ရယ်၊ အိမ်ထောင်ပရိဘောဂရယ်၊ အိပ်ခန်းနဲ့မီးဖိုချောင်သုံးပစ္စည်းတွေ က အများစုဖြစ်ပြီး တစ်နှစ်ကို နှစ်ကြိမ်လောက်ပဲရောင်းတာမျိုးပါ။

High Street ပေါ်မှာပဲ အမြဲကို ၇၀ ရာခိုင်နှုန်းလျှော့ရောင်းတဲ့ ဆိုင်တွေလည်း ရှိပါတယ်။ အဲဒါတွေကတော့ နိုင်ငံခြားသားတွေကို ရိုက်တဲ့ဆိုင်တွေပေါ့လေ။ လန်ဒန်မှာ အကုန်ဈေးကြီးတယ်ဆိုပေမယ့် ခုနလို ၇၀ ရာခိုင်နှုန်းအမြဲလျှော့တဲ့ဆိုင်တွေက ၀ယ်ရင် ဈေးက တော်တော်ကြီးသက်သာနေပါတယ်။ အဲ..တစ်ခုပါပဲ၊ အရည်အသွေး(quality)ကတော့ လုံးဝမကောင်းပါဘူး။

လန်ဒန်ရောက်တုန်း ခဏတဖြုတ်လိုအပ်လို့ (ဥပမာ အနွေးထည်လုံလုံလောက်လောက် ယူမလာလို့၊ ဖိနပ်အဆင်မပြေလို့) ၀ယ်လိုက်တယ်၊ ခဏပဲ(တစ်ခေါက်ပဲ) သုံးမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ သူက မြန်မာပြည်မှာ Branded လို့သိကြပြီး ဒီမှာတော့ Designer လို့ခေါ်တဲ့ ပေါက်ပြီးအမှတ်တံဆိပ် အရည်အသွေး လိုမျိုး အရည်အသွေးတော့ ဘယ်လိုမှ မပေးနိုင်ပါဘူး။

Branded ရော၊ ခုနပြောတဲ့ ပစ္စည်းတွေရော နှစ်မျိုးစလုံးက တရုတ်နိုင်ငံလုပ်ချင်း အတူတူပေမယ့် အရည်အသွေးကတော့ ကွာပါတယ်။ သူတို့ဆိုင်မှာဝယ်ရင် Designer တံဆိပ်တွေက အကုန်ကပ်လို့ တပ်လို့ရပေမယ့် သူတို့ရောင်းတဲ့ဈေးကြောင့် အရည်အသွေးကတော့ ဘယ်လိုမှကောင်းမှာ မဟုတ်ပါဘူး။ ဒါက ၇၀ ရာခိုင်နှုန်းအမြဲလျှော့နေတဲ့ဆိုင်တွေပါ။

ဒီဆိုင်တွေကို တစ်ခါတခါ ၀င်ကြည့်မိတဲ့အခါ ရန်ကုန်က ဈေးပြောင်းကပ်ပြီးမှ ပြန်လျှော့တဲ့ဆိုင်တွေကို သတိရပါတယ်။ ရန်ကုန်က လျှော့တာကျတော့ တစ်မျိုးပေါ့လေ၊ ရန်ကုန်က ဆိုင်တွေကလည်း ၁၂ ရာသီကို လျှော့နေတာပဲလေ။

ဒီမှာက ခုနပြောသလို နှစ်လယ်ပိုင်း ဇူလိုင်လထဲလောက်မှာ တစ်ခါလျှော့၊ အခုနှစ်ကုန်ပိုင်းမှာ တစ်ခါလျှော့၊ တစ်နှစ်ကို နှစ်ခါလောက်တော့ ဈေးလျှော့ရောင်းပါတယ်။ ဒါပေမယ့် အီလက်ထရောနစ်ပစ္စည်းတွေက သိပ်မပါပြန်ဘူး။

ကိုယ်က ကွန်ပျုတာဝယ်ဖို့ရှိတော့ ခရစ္စမတ်ဆေးလ်စောင့်မယ်ဆိုပြီးနေတာ ကွန်ပျူတာတိုင်းကို လျှော့မှာတော့ မဟုတ်ဘူး၊ လျှော့ချင်တဲ့အလုံးမှ လျှော့မှာဆိုတော့ မဖြစ်ဘူး၊ သူလျှော့တဲ့အလုံး ကိုယ်မကြိုက်ရင် မဖြစ်ဘူးလို့ တွေးမိပြီး ပြီးခဲ့တဲ့လကတည်းက ကွန်ပျူတာအသစ်ကို ၀ယ်လိုက်တယ်။

မိန်းကလေးတချို့လို ဈေးပေါပေါနဲ့ရလို့ ဈေးသက်သာလို့ဆိုပြီး မလိုဘဲဝယ်မိရင် ပိုက်ဆံကုန်တာသာ အဖတ်တင်မှာမဟုတ်လား။ ယောက်ျားလေးတွေကျတော့ သူတို့ကြိုက်လို့ရှိရင် ဈေးကြီးပေးရလည်း ၀ယ်တတ်ကြသတဲ့။ ကိုယ်ကတော့ ကွန်ပျူတာလိုချင်တာနဲ့ ချက်ချင်းကောက်ဝယ်၊ ချက်ချင်းကို သယ်ချလာပြီး သုံးတော့တာပါပဲ။

အမှန်က ဒီမှာက ဈေးဝယ်ရင် အွန်းလိုင်းက၀ယ်တာက ဈေးသက်သာတယ်၊ ဒါပေမယ့် ပစ္စည်းလာပို့ဖို့ အနည်းဆုံးတစ်ရက်ကနေ လေးငါးရက်လောက်အထိတော့ စောင့်ရတာပေါ့လေ။ ခက်တာက ကိုယ်က ဆိုင်ကိုသွား ပစ္စည်းတွေအများကြီးကိုကြည့်၊ အဲဒီထဲကမှ ကိုယ်မျက်စိကျတာကို ၀ယ်ရတာကို သဘောကျတယ်။

အွန်လိုင်းက ၀ယ်တာမျိုးကတော့ ကိုယ်ဘာကိုလိုတယ်ဆိုတာကို သေချာသိမယ်၊ ဘယ်အချိန်လိုတယ်ဆိုတာကို သေချာသိမယ်၊ ၀ယ်နေကျလည်းဖြစ်တယ် ဆိုရင်တော့ ကောင်းပါတယ်။ ကွန်ပျူတာကျွမ်းကျင်သူက ကွန်ပျုတာတစ်လုံးကို အွန်လိုင်းက ၀ယ်လိုက်တာမျိုးကတော့ ဘာအမှားအယွင်းမှ မရှိနိုင်ပါဘူး။ သူလိုချင်တာကို သူက သေချာနားလည်ပြီး ၀ယ်တာကိုး၊ ဒါတောင် ပစ္စည်းလာပို့ချိန်မှာ အိမ်ကတစ်ယောက်ယောက်က လက်ခံယူပေးနိုင်အောင်တော့ စီစဉ်ထားဖို့လိုပါတယ်။ လက်ခံသူမရှိရင် ပြန်ယူသွားမှာဖြစ်ပါတယ်၊ တချို့ဝန်ဆောင်မှုတွေကတော့ သုံးကြိမ်အထိကို လာပေးတယ်၊ လုံးဝလက်မခံရင်တော့ လာပို့ခကို ကိုယ့်ဘဏ်စာရင်းက ဖြတ်လိုက်တယ်လို့ သိရတယ် (ပစ္စည်းဖိုးတော့ မယူပါဘူးတဲ့၊ အေးလေ ကိုယ်မှ သူ့ပစ္စည်းကို မရသေးတာ)။

အဲ..ဒီမှာ နောက်တစ်ခုကောင်းတာက နာမည်ကြီးကုန်တိုက်တွေက ဘာပဲဝယ်ဝယ် ကိုယ်က စိတ်ပြောင်းသွားလို့ မလိုချင်တော့ဘူးဆိုရင် ပြန်ပေးလို့ရတယ်။ ပိုက်ဆံပြန်လိုချင်လည်း ပိုက်ဆံပြန်ရတယ်၊ ပစ္စည်းချင်းလဲချင်လည်း ရတယ်။ တချို့များ တစ်လလောက်အထိကို လဲခွင့်၊ ပြန်ပေးခွင့်ပြုထားတယ်။ တစ်ခုတော့ ရှိတာပေါ့လေ။ သူ့ပစ္စည်းကိုတော့ သွားဝတ်လိုက်တာ၊ သွားသုံးလိုက်တာတော့ မလုပ်ရဘူးပေါ့။ အသစ်အတိုင်းပဲထားပြီး ပြန်ပေးလိုက်လို့ရတယ်။ ၀ယ်ပြီးမှ ချီတုံချတုံဖြစ်တတ်တဲ့သူတွေအတွက် အဆင်ပြေတာပေါ့။

ပြောရင်းနဲ့ဘေးချော်သွားတယ်၊ ပြောချင်တာက ဒီကနေ့ဈေးဝယ်ထွက်တဲ့အကြောင်းပါ။ ရုံးမှာက မမကြီးတွေရှိတော့ ဘယ် Designer လောက်ဆိုဝတ်၊ ဘယ်ဆိုင်မှာဝယ်၊ ဘယ်အချိန်မှာဝယ် စသဖြင့်ပြောပြတတ်တယ်။ ကိုယ်ကလည်း ငယ်ငယ်ကတည်းက အမေနဲ့ဈေးပတ် ဈေးဝယ်လိုက်ရသူမို့ ဈေးဝယ် ၀ါသနာပါတယ်၊ ဈေးဝယ်တတ်တယ်(ထင်တာပဲလေ၊ လူဆိုတာ ထင်တစ်လုံးနဲ့မို့လား၊ ၀ယ်ပြီးမှ ခံလိုက်ရတာမျိုးလည်း ရှိဖူးပါတယ်)။

အခုလေး မမကြီးတို့ပြောတော့ နားထောင်ရတာပေါ့လေ၊ ခရစ္စမတ်ဆေးလ်ကြရင်တော့ အနွေးထည်ကောင်းကောင်းတစ်ထည်၊ လက်ပတ်နာရီတစ်လုံးနဲ့ တန်တယ် ထင်တဲ့ဟာတွေဝယ်မယ်လို့စိတ်ကူးထားတယ်။

ညစောစောအိပ်ပြီး မနက်စောစောထ ဈေးဝယ်သွားမယ်လို့ တွေးပြီး ဘယ်ကုန်တိုက်မှာ ဘာတွေ ဈေးလျှော့ရောင်းလဲဆိုတာသိရအောင် ညမအိပ်ခင် အွန်လိုင်းကနေ ကုန်တိုက်တွေရဲ့ဝက်ဘ်ဆိုက်တွေကိုသွားတော့ အမယ် အင်တာနက်က မနှေးစဖူး နှေးနေတယ်၊ နောက်မှ ပြန်တွေးမိတာက နာ့လို အကြံတူတွေ အကုန်လုံး ကုန်တိုက်တွေရဲ့ဝက်ဘ်ဆိုက်ကို ချင်းနင်းဝင်ရောက်နေပြီထင်တယ်လို့ တွေးမိတယ်။ ဒါနဲ့ မထူးပါဘူး၊ ငါလည်း သေချာကြည့်နိုင်မှာမဟုတ်၊ မနက်မှပဲ သွားပါမယ်လေဆိုပြီး စိတ်တုံးတုံးချလို့အိပ်တယ်။

မနက်စောစောနိုးတော့ သတင်းကြည့်လိုက်တာ အမယ် High Street က ကုန်တိုက်တွေမှာ မနက် ၂ နာရီကတည်းက တန်းစီသူတွေရှိနေပြီတဲ့၊ အမလေး ကဲလိုက်တာလို့ တွေးလိုက်မိတယ်။ အိပ်ရေးပျက်ခံပြီး ဈေးဝယ်ကြတယ်။ အင်း တကယ်ဈေးဝယ်ဖို့ လောဘကြီးနေရင် နာလည်း ဒီလိုပဲလုပ်ဖြစ်မှာပါပဲလေလို့ ပြန်တွေးရတယ်။

ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အပျော်သဘော၊ အတွေ့အကြုံသဘော ဒီလိုလုပ်ကြတာလည်းဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ မနက် ၂ နာရီကတည်းက စောင့်နေကြတယ်ဆိုပေမယ့် သတင်းထောက်ကို ပြန်ဖြေနေတဲ့အချိန်(မနက် ၇ နာရီလောက်တော့ရှိပြီပေါ့)မှာ တက်တက်ကြွကြွ ပြုံးပြုံးရွှင်ရွှင် ဖြစ်နေကြတယ်။

သူတို့ကြည့်ပြီး ကိုယ်လည်း ခဏနေတော့လစ်မှဆိုပြီး တွေးမိပေမယ့် တကယ်ထွက်ဖြစ်တော့ ၈ နာရီတောင်ခွဲနေပြီ။ ပုံမှန်ဆို တစ်နာရီလောက်အတွင်း မြို့ထဲ (High Street) ဘက် ရောက်ပေမယ့် ဒီနေ့ကတော့ စနေနေ့မို့(စနေ၊ တနင်္ဂနွေဆို ရထားလမ်းပြင်တာ၊ ရထားဘူတာက စက်လှေကားပြင်တာနဲ့ ရထားလည်း မထွက်ဘူး၊ ဘူတာလည်း ပိတ်တတ်တယ်) ရထားလိုင်းပိတ်၊ ဘူတာပိတ်နေတာနဲ့ ကားတစ်တန် ရထားတစ်သွယ်နဲ့မှ တစ်နာခွဲလောက်ကြာပြီးမှ ရောက်တယ်။

(high street ဆိုတာ အပေါ်မှာ ပြောခဲ့သလို ဈေးတန်းပါပဲ၊ ရပ်ကွက်ထဲမှာလည်း high street ရှိတာပေါ့၊ ရန်ကုန်မြို့လယ်ဆို ဖရေဇာလမ်းလို့အရင်ကခေါ်တဲ့ အနော်ရထာလမ်းဟာ high street ပါပဲ၊ ရန်ကုန်ကျာက်မြောင်းရပ်မှာဆို ကျားကွက်သစ်လမ်းမဟာ high street ပါပဲ။ အခုပြောတဲ့ လန်ဒန်ရဲ့ High Street ကတော့ Oxford Street ကို ခေါ်တာပါပဲ၊ လန်ဒန်ရောက်သူတိုင်း ရောက်အောင်သွား၊ ၀ယ်ကြခြမ်းကြ၊ ကြည့်ကြရှုကြတဲ့ နေရာပါပဲ။)

ပထမ High Street ကို အရင်မသွားဘဲ အီဂျစ်သူဌေးကြီး မိုဟာမက် အယ်လ်ဖာရက်ပိုင်တဲ့ Harrods ကုန်တိုက်ကို အရင်သွားကြည့်လိုက်ပါတယ်။ ဒီသူဌေးကြီးရဲ့သား ဒိုဒီအယ်လ်ဖာရက်နဲ့ ဒိုင်ယာနာမင်းသမီးနဲ့ကြိုက်ကြပြီး ပြင်သစ်နိုင်ငံက မြေအောက်လိုဏ်ခေါင်းထဲမှာ ပါပါရာဇီလို့ခေါ်တဲ့ သတင်းမုဆိုးတွေကိုရှောင်ပြေးရင်း ကားမှောက်လို့ ချစ်သူနှစ်ဦးသေပွဲဝင်ကြပါရောလား။

Harrods ပိုင်ရှင် အီဂျစ်ကုလားသူဌေးကြီးကို အခုထက်ထိ ဗြိတိသျှနိုင်ငံသားအဖြစ်လက်မခံသေးပါဘူး။ နိုင်ငံကူးလက်မှတ်ထုတ်မပေးသေးဘူးလို့ သိရပါတယ်။

Harrods ကိုလည်း လန်ဒန်ရောက်သူတိုင်းလာကြည့်ကြပါတယ်၊ အဲဒီက ပစ္စည်းတွေကတော့ အလွန်ကို ဈေးကြီးပါတယ်။ Harrods ကုန်တိုက်ဟာ အလွန်ကို လှပါတယ်။ အပြင်ဘက်ကကြည့်ရင်တော့ အုတ်နီခဲအရောင် အနီရောင်တိုက်ဟောင်းကြီးပါပဲ။ အတွင်းမှာတော့ တကယ့်ကို ပြင်ဆင်ထားတာက အီဂျစ်နန်းတော်ငယ် လေးထဲရောက်သွားသလိုဖြစ်အောင်လုပ်ထားပါတယ်။

အီဂျစ်က ဖာရို(Phero)ဘုရင်ရုပ်ပုံတွေ၊ ပန်းပွတ်ပန်းချွန်းတွေ၊ ဒိုင်ယာနာနဲ့ သူ့သားဒိုဒီတို့အတွက် အမှတ်တရနေရာလေးတွေ၊ ဖာရိုဘုရင်ပုံစံက သူဌေးပုံကို လုပ်ထားတာနဲ့တူပါတယ်။ သူ့ကိုယ်တိုင်းအတိုင်းအရုပ်တစ်ရုပ်လည်း ထည့်ထားပါသေးတယ်။

aနာက်ပြီး ၀ရံတာတွေကနေ ဘုရင်မင်းကြီးကို ဖျော်ဖြေပေးတဲ့ သဘင်သည်တွေလိုပေါ့ (ဒီမှာတော့ Ballad singer လို့ခေါ်ပါတယ်၊ အသံအားပြုသီဆိုသူတွေပေါ့၊ သူ့အသံဟာ အလွန်ကောင်းပြီး သူ့အသံကြားနေရတာက ဇာတ်လမ်းတစ်ပုဒ်ပါပဲ၊ ပြဇာတ်တွေမှာလည်း ဒီ Ballad သီချင်းသည်တွေ သီဆိုကြပါတယ်။)

နောက်ခံတီးလုံး ပျော့ပျော့းလေးနဲ့ဆိုနေတာများ ပထမဆုံးရောက်ဖူးတဲ့တစ်ခေါက်က ဟာ ဒီအရုပ်ကြီးကနေ အသံတွေထွက်နေပါလားလို့ ထင်ဖူးပါတယ်။ သူက အဖြူရောင်ဂါဝန်(evening dress)နဲ့ ပါးစပ်လေးလှုပ်ပြီး လက်ကတော့ အရုပ်လိုပေါ့ ကော့ထားတယ်၊ အမှန်က လက်က အားယူထားတာ၊ လည်ပင်းကို အသံအားရောက်အောင် တစ်နေရာကိုတော့ ညစ်ထားရမှာပေါ့လေ။

အသံကလည်း လည်ပင်းကလာတာဆိုတော့ ပါးစပ်က ဟထားသလောက်ပဲ၊ အားရပါးရ ပွင့်စရာမလိုဘူး။ ဟာ ဘယ်နှယ့်အရုပ်က အသံထွက်ပါလားပေါ့၊ နောက်ပြီး အီဂျစ်ပုံစံဆိုတော့ သိတဲ့အတိုင်း၊ ကိုယ်ကလည်း ကြားဖူးနားဝနဲ့ စိတ်ကူးပြီး စွတ်ခံစားလိုက်တာ ကိုယ့်ကိုယ်ကိုယ် ဖာရိုဘုရင်တွေကို မံမီလုပ်ပြီးထားတဲ့ ဂူထဲရောက်နေပြီး နတ်သမီးလား လူဟန်ဆောင်ထားတဲ့ သရဲမလား မသိဘူး၊ သီချင်းဆိုပြနေတယ်ဆိုပြီး ကြောက်ပစ်လိုက်တာ မပြောပါနဲ့တော့၊ ဘယ်လောက် ကြောက်သွားသလဲဆိုရင် စက်လှေကားနဲ့အတက် သူ့သီချင်းနားထောင်ပြီး အိမ်သာဆီပြေးရတော့တာပဲ။ တကယ်။

အင်း..ဒီလိုပဲ စာရေးရင် လောဘကကြီးတော့ ပြောချင်တာတွေများပြီး တောရောက်တောင်ရောက်ဖြစ်ဖြစ်သွားတယ်။ Harrods မှာ ဘာများပေါပေါလောလောရမလဲ ဆိုပြီး သွားချောင်းတာပါပဲ။ အမယ် ဟိုရောက်တော့ လူတွေက အထဲဝင်ဖို့ တန်းစီနေကြတယ်။ ဖွင့်ပွဲက ၁၀ နာရီလုပ်မှာတဲ့။ ဖွင့်ပွဲလုပ်ပြီးမှ အထဲပေးဝင်ပြီး ဈေးရောင်းပွဲ စမတဲ့။ အင်္ဂလန်ဘင်သံတွေနဲ့၊ ရထားလုံးတွေနဲ့၊ အီဂျစ်သူဌေးလည်းဖြစ်၊ အင်္ဂလန်ပြည်လဲဖြစ်ပြန်တော့ လန်ဒန်မြို့လယ်ခေါင်မှာပဲ နန်းဆန်ထည်ဝါ နေကြတာလေ။

တကယ်တမ်း ၁၀ နာရီကျ ဖွင့်ပေးလိုက်လို့ ထိုးဝင်ကြည့်တော့ အလှကုန်ပစ္စည်းတွေကို တကယ့်ကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ရောင်းတာမို့ ကမ္ဘာအရပ်ရပ်ကလာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေက ရေမွှေးတွေကို အလုအယက်ဝယ်ကြတာကို တွေ့ရတယ်။ တစ်ပုလင်း ပေါင် ၅၀ တန် ရေမွှေးက ၁၅ ပေါင်၊ ပေါင် ၂၀ နဲ့ရတော့ အလွန်တန်တာပေါ့။

ရေမွှေးဘူးကလည်း သိတဲ့အတိုင်း၊ ပုလင်းကသာ သေးသေးရယ်၊ ပါကင်ထုပ်ထားတဲ့ဘူးက အကြီးကြီးမို့ တစ်ယောက်ယောက်ဝယ်ကြတာတွေက တချို့များဆို ရေမွှေးတွေဝယ်ပြီး ပိုက်ဆံရှင်းဖို့တန်းစီတဲ့အခါ မျက်နှာက ကွယ်နေပြီ။ ပြုတ်မကျအောင် ထိန်းရသယ်ရ၊ လူက တိုးရနဲ့ ဈေးသာပေါပေါရလို့ ၀ယ်နေရတယ်၊ တော်တော်ပင်ပန်းကြရတယ်။

တစ်ခုပြဿနာရှိတာက ဒီကုန်တိုက်ကြီးက ဘာမှမလျှော့တဲ့အချိန်တောင် လူက တော်တော်များတာ၊ အခုလိုဈေးလျှော့တဲ့အချိန်ကျတော့ လူတွေများတာ မပြောပါနဲ့တော့၊ ခက်တာက ကိုယ်ဝယ်ချင်တဲ့ပစ္စည်းရွေးပြီး ပိုက်ဆံပေးဖို့ကို လူကြပ်ကြပ်ကြား အကြာကြီးတန်းစီပြီး ပေးရတော့တာကလား၊ ပထမတော့ ကိုယ်လည်း အားကျပြီး ရေမွှေးလေး တစ်ပုလင်းလောက် လိုက်ဝယ်မလား စိတ်ကူးပါတယ်၊ လူတိုးရမှာရယ်၊ အချိန်ကြာမှာရယ်ကြောင့် အလှကုန်ရောင်းတဲ့ ခန်းမထဲက ထွက်ခဲ့တယ်။ ရေမွှေးကိုပဲ ကိုယ်က သေချာမြင်သာလို့ ပြောတာပါ။ ဒိပြင့်အလှကုန်တွေလည်း လျှော့မယ်လို့ ထင်ပါတယ်။

ဒါနဲ့ အမျိုးသားဝတ်အထည်တွေကိုကြည့်တော့ ထင်သလောက်မလျှော့ပါဘူး၊ အခုနည်းနည်းလျှော့ထားတာတောင် အညံ့ဆုံးဆိုတဲ့ ကုတ်(coat)အင်္ကျီ တစ်ထည်တန်ဖိုးက ၃၅၀ ပေါင်လောက်ဖြစ်နေတာနဲ့ ခပ်ကုပ်ကုပ်နဲ့ပဲ လစ်မှလို့တွေးပြီးလစ်လာလိုက်ပါတယ်။ လူတွေကတော့ ရေစီးကြောင်းကြီးစီးလာသလို Harrods ထဲဝင်သွားကြလေရဲ့။

ကမ္ဘာကြီးစီးပွားပျက်နေတာဟုတ်မှဟုတ်ရဲ့လားလို့လည်း သံသယဖြစ်လာပါတယ်။ ကိုယ့်လိုပါမွှားလေးတောင် ဈေးဝယ်ဖို့ ဒီလိုနေရာကို ရောက်လာခဲ့မှကိုး။ Harrods ထဲက မထွက်ခင်လက်ပတ်နာရီဈေးလေးကြည့်ချင်တာနဲ့ လူတွေပြည့်သိပ်ကြပ်နေတာမို့ ၀န်ထမ်းတစ်ယောက်ကို မေးပါတယ်။

လက်ပတ်နာရီတွေဘယ်နားကြည့်လို့ရမလဲခင်ဗျာလို့ မေးတော့ သူက လူပုံတစ်ချက်ဖမ်းကြည့်ပြီး fancy(နာရီ)လား၊ fine watches လားလို့ မေးပါတယ်။ လူရုပ်ရည်၊ အ၀တ်အစားက နေရာတကာ လိုအပ်ပါလားလို့တွေးမိပြန်ပါတယ်။ နောက်တော့ သူညွှန်ရာကို သွားကြည့်တော့ အမလေး တရတာပါပဲ။ အပေါဆုံးက ၁၅၀၀ လောက်ဖြစ်နေပါတယ်။ သိန်းကျော်တန်တွေအထိရှိပါတယ်။ စတာလင်ပေါင်ကိုပြောတာပါ။ ဒါနဲ့ပဲ အော် ဒီနာရီတွေက နာပတ်ဖို့ မဟုတ်ပါလားဆိုတာကို သဘောပေါက်သွားရပါတယ်။

Harrods ကနေ အောင်မြင်စွာ ဆုတ်ခွာပြီးနောက်မှာတော့ High Street ကို ပြန်ရောက်လာပါတယ်။ ဘူတာရုံကအတက် လမ်းပေါ်အထွက်မှာတော့ ဟာ လူတွေ လူတွေဆိုတာ များလိုက်တာ၊ မနည်းတိုးပြီး လမ်းလျှောက်ရပါတယ်။ ပလက်ဖောင်းပေါ် လူမဆန့်လို့ ကားလမ်းမဘေးက လျှောက်ပါတယ်။ ကားတွေကလည်း လူတွေ တအားများတော့ ဖြည်းဖြည်းပဲမောင်းကြပါတယ်။

ဒီမှာတော့ ဈေးသက်သာပါတယ်။ အရင် ကိုယ်က ပေါင် ၁၀၀ ဆို များပါတယ်၊ မ၀တ်နိုင်ပါဘူးလေဆိုတာက အခုဆို ၄၀၊ ၅၀ လောက်နဲ့ရပြီ။ အရင် ၄၀၊ ၅၀ မို့ တစ်ထည်လောက်ပဲ ၀တ်နိုင်ခဲ့တာက အခု ၁၆ ပေါင်တစ်ခု၊ ၂၅ က တစ်ခုမို့ နှစ်ထည်လုံး ၀ယ်ပစ်လိုက်ပါတယ်။ ရှပ်အင်္ကျီကောင်းတဲ့ဟာကျတော့ တစ်ထည်ကိုပဲ ၂၅ ပေါင်လောက်ဆိုတော့ ရန်ကုန်ဈေးနဲ့တူတူလောက်တော့ ဖြစ်သွားပါတယ်။ အခုလို ဈေးလျှော့ချိန်ပြောပါတယ်။

အဲ.. ဒီမှာ ပြဿနာတစ်ခုက ဆိုက်သေးဆိုရင် တော်တော်ရှာယူရတယ်၊ ရှားပါတယ်။ ကိုယ့်လိုအရွယ်တောင် အလယ်ဆိုဒ်(medium)လောက်ဝတ်မှ ပွယောင်းယောင်း မဖြစ်တာပါ။ တကယ်တမ်းကျတော့ အကျယ်(large)ဆိုဒ်လောက်ပဲ နည်းနည်းတွေ့ပြီး၊ အများစုကတော့ အ၀ကြီးတွေဝတ်တဲ့ ဆိုဒ်ကြီး(extra large, xl or xxl)တွေက များနေပါတယ်။ ဒီနေ့လိုဆိုတော့ ပိုဆိုးတာပေါ့။ ဆိုဒ်သေး၊ ဆိုဒ်လတ်ဆို တွေ့တာနဲ့ ကောက်သွားကြတာများပါတယ်။ ဒီဇိုင်းတောင် သိပ်မကြည့်အားကြတော့ပါဘူး။

လိုချင်တာလေးတွေ ဈေးသင့်တာနဲ့ဆွဲလိုက် ပတ်ကြည့်လိုက်လုပ်နေတာနဲ့ ဗိုက်လေးတော်တော်ဆာလာ၊ ၀ယ်ထားပစ္စည်းတွေ ထည့်ပေးလိုက်တဲ့ အိတ်တွေဆွဲရတာ ကလည်း လေးလာတာနဲ့ စားနေသောက်နေကြ စားသောက်ဆိုင်ကိုပြေးပြီး စားသောက်၊ ဒီကနေ့ ကန်ကြတဲ့ ချယ်လ်ဆီးနဲ့ ဘာမင်ဂမ်ပွဲကို ကြည့်ရတယ်။

သူတို့က ဘောလုံးပွဲမဖွင့်ထားလို့ ဒီနေ့ဘောလုံးပွဲမပြဘူးလားလို့ပြောမှ လိုင်းပြောင်းပေးတယ်။ အပြာရောင်ခြင်္သေ့တွေ ဒီနေ့ညံ့ကျတယ်။ လူကဈေးဝယ်လို့ ပင်ပန်းတဲ့ကြားထဲ ကိုယ့်ခြင်္သေ့တွေက အောင်ပွဲမခံတော့ သိပ်တောင် မပျော်တော့ပါဘူး။

လက်ထဲလည်း ပိုက်ဆံလေးရှိနေ၊ လိုချင်တာလေးတွေလည်း ဈေးသက်သက်သာသာနဲ့ရ၊ စားချင်စားလည်း စားရသောက်ရတဲ့အပြင် ဘောလုံးပွဲလည်း ကြည့်လိုက်ရတာတောင် လူက ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွရှိမနေတာတော့ သိပ်မကောင်းပါဘူး။

ဒါနဲ့ပဲ လူရာထောင်ချီဝင်ထွက်သွားလာပြီး ပြည့်ကြပ်နေတဲ့ ဘူတာရုံထဲတိုးဝင်ပြီး ရထားတိုးစီးလို့ အိမ်ကိုသုတ်ချေတင်ရပါတော့တယ်။ လူကတော်တော် ဒေါင်းသွားတာပဲ၊ လူတိုးရ၊ ပစ္စည်းရှာရ၊ ပိုက်ဆံပေးဖို့တန်းစီရ၊ လမ်းလျှောက်ရ၊ မတ်တပ်ရပ်ရ၊ အို ဒုက္ခတွေချည်းပါလားလို့တွေးမိတယ်။

အမေနဲ့ဝေးနေလို့ အမေ့နောက်တကောက်ကောက်လိုက် ဈေးမပတ်ဖြစ်ပေမယ့်လည်း တစ်ခါတခါတော့ ၀ါသနာက တားမတာရကြောင့် ဘယ်လိုပဲ ဒုက္ခလို့ပြောပြော မောတယ်ပန်းတယ် သဘောမှာမထားဘဲနဲ့ ဈေးတော့ သွားဖြစ်ဝယ်ဖြစ်နေဦးမှာပါပဲ။ အထူးသဖြင့် ဒီလိုလျှော့ဈေးလေးတွေ ရတဲ့အခါမျိုးမှာပေါ့။ နော်။

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်၊ ညဥ့်သန်းခေါင်။