ကျွန်တော်ရေးတာတွေကို တကယ်လားလို့ မေးလာတဲ့သူငယ်ချင်းများသို့ အမှတ်တရ…။

ရေဒီယိုမှာ အလုပ်လုပ်နေပေမယ့် စာရေးချင်စိတ်ဖျောက်မရလို့ အချိန်အားလေးရှိတဲ့အခါ ရေးပါတယ်၊ ဖတ်ပေးတဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်တယ်။ ရေးအားရှိတာပေါ့။ မဖတ်လည်း ရေးမှာပါပဲ၊ ရေးချင်လွန်းလို့ ဆိုသူလေးကိုး။

တချို့များကျပြန်တော့ ဖတ်ပြီးပေမယ့် မကျေနပ်နိုင်သေးဘူး၊ ဒီလူကြီး ဒါမှမဟုတ် ဒီချာတိတ်ကို တစ်ခုခုတော့ ပြောမှတော်မယ်ဆိုပြီး သင့်မသင့်၊ တော်မတော်၊ ရှော်တာတွေရောပေါ့ မှတ်ချက်ပြုသွားတော့လည်း ၀မ်းသာရပြန်တယ်။

ပရိသတ်ရဲ့ လက်ခုပ်သံတစ်ချက်ဟာ ကျွန်တော်တို့ အနုပညာသမားတွေအတွက် အားဆေးတစ်ခွက်ပါပဲ၊ ဘာညာနဲ့လဲ ဘ၀င်လေမုန်တိုင်း မတိုက်ချင်ပါဘူး။ “အမှန်က ဟိုက သူ့ဟာသူ ခြင်ရိုက်တာ၊ ကိုယ်က ကိုယ့်ဟာကိုယ် ကြားပြီး သူ့အတွက်ပဲ လက်ခုပ်တီးသလိုလို ဘာလိုလို လုပ်ယူလိုက်တာပေါ့“။

ကျွန်တော်က အဲဒီလိုမျိုးလည်း ကြံဖန်ပြီး ဂုဏ်မယူတတ်ပါဘူး၊ ညံ့သကွာလို့ ထောက်ပြဝေဖန်တာမျိုးကိုပဲ ပိုကြိုက်တဲ့သူပါ။ ကြုံတုန်းလေး နှိမ့်ချသလိုလိုနဲ့ ကြွားတယ်လို့ထင်လည်း ဒီမောင်မတတ်နိုင်ပါဘူး။

အဲဒီတော့ ရေးတာတွေ တကယ်လားလို့ တစ်နေ့က သတင်းစာထဲပါတဲ့ အမျိုးသားစာပေဆုရတဲ့ စာရေးဆရာကြီးတွေကို မေးသလို မေးလာရင်ဖြင့်…

အရင်ကလည်း သူငယ်ချင်းတစ်ယောက်မေးလို့ ဖြေဖူးတာက “ဒီလိုရှိတယ်ကွ၊ စာရေးတယ်ဆိုတာ ဖတ်ထားတာနဲ့ အတွေ့အကြုံပေါင်းရေးကြတာ များတယ်၊ စိတ်ကူးစိတ်သန်းကတော့ ကွန့်မြူးရတာပေါ့မောင်၊ ဒါမှလည်း လူက ဖတ်ချင်မှာပေါ့ကွ၊ ဖတ်ထားတာတွေပဲ စွတ်ရေးရင် အသားတွေချည်းပါပြီး အာလူးမပါတဲ့ အရသာမဲ့ ဆီလုံပြုတ်(ဆီတွေများလွန်းနေလို့)ဟင်းလို စားချင်မှာ မဟုတ်ဘူး၊

ဒီလိုပဲ အတွေ့အကြုံချည်းရေးတော့လည်း အစပ်အဟပ်နဲ့ အဆာသေချာမထည့်ဘဲ သုပ်ထားတဲ့ ရှောက်သီးသုပ်လို မြင်ရုံနဲ့ သရေကျပေမယ့် တကယ်စားတော့ “ဖူး“ဆိုပြီး ထွေးထုတ်ချင်ထုတ်၊ ဒါမှမဟုတ် မျက်လုံးကြီးပြူးပြီး မြိုချချင်မြိုချ အဲဒီလိုဖြစ်တယ်ပါတယ်ကွာ၊

ဒီတော့ အကောင်းဆုံးကတော့ လက်သုပ်သုပ်တာပဲဖြစ်ဖြစ်၊ ဟင်းချက်တာပဲဖြစ်ဖြစ် သုပ်သူလုပ်သူကိုယ်တိုင်က ကိုယ်သုပ်တာ ကိုယ်ချက်တာကို စိတ်လေးဝင်စား၊ စားတဲ့သူတွေ ကြိုက်ကြပါစေ၊ ပျော်ရွှင်ပါစေဆိုတဲ့ စိတ်ကလေးထည့်ပြီး တီထွင်ဖန်တီးမှုလေးနဲ့ စိတ်ကူးကောင်းရင်ကောင်းသလို ပေါင်းစပ်လိုက်မှ ကောင်းတဲ့ အသုပ်ကလေး၊ ဟင်းကလေးတစ်ခွက် ရတာပေါ့ကွာ “လို့ ရှည်ရှည်ဝေးဝေး ရှင်းပြလိုက်တော့…

ပိုရှုပ်သွားပုံရတဲ့ သူငယ်ချင်းမျက်နှာရိပ်ကို ကိုယ်က ဖမ်းမိလိုက်ပေမယ့် ရိုးသားမှု သိပ်မရှိတဲ့ သူငယ်ချင်းကတော့ နားလည်သွားတဲ့ ဂိုက်အပြည့်ဖမ်းပြီး “အေး…မင်း ရှင်းပြတော့လည်း ဂလိုပါလားလို့ သိသွားတာပေါ့“ဆိုပြီး လုပ်လာတော့ ကျွန်တော့်မှာ သူရှက်သွားမှာစိုးလို့ ရယ်ချင်စိတ်ကို မြိုသိပ်ပြီး မျက်နှာပိုး သပ်ထားရုံမှတစ်ပါး ဘာများတတ်နိုင်ပါမလဲခင်ဗျာ။

(လက်ဖက်သုပ်တစ်ပွဲကိုလည်းကြည့်ဗျာ၊ လက်ဖက်ကလည်း ကောင်းမယ်၊ အညွှန့်လေးတွေက အဖန်အနေတော်၊ ငရုတ်သီးက စပ်ရုံလေး၊ အချဉ်အနေတော်လေးနဲ့ နှပ်ထားတာ၊ အချိုမုန့်လေးက ပါတယ်ဆိုရုံ၊ ထည့်မဲ့အဆာတွေကလည်း ကြွပ်ကြွပ်ကလေးတွေ၊ နှစ်ပြန်ကြော်ဆိုလည်း ကြော်ပေါ့၊ ပဲဆီသန့်ကောင်းကောင်းလေး သုံး၊ ပုဇွန်ခြောက်က အရောင်ကော အချိုကော ကောင်းတာလေးသုံး၊ ကြက်သွန်ဖြူနဲ့ ရေနွေးကြမ်းကိုလည်း လုပ်ထားဗျာ၊ အချဉ်ကြိုက်သူ အလွန်အစပ်ကြိုက်သူ အတွက် သံပုရာစိတ်နဲ့ စပ်ရုံငရုတ်သီး အပွတောင့်ကိုသုံးထားမယ်။

တီထွင်တယ်ဆိုတာကတော့ ခရမ်းချဉ်သီး အစိမ်းသုံးမလား၊ အနီသုံးမလား (ကျောက်စိမ်းသုပ်လား၊ ပတ္တမြားသုပ်လား)၊ ဂေါ်ဖီ ဘယ်အရွယ် လှီးမလဲ၊ ဘဲဥပြုတ် လှီးထားတာ ထည့်သုပ်မလား၊ အပေါ်က တင်မလား ဆိုတာတွေပေါ့၊ အဲဒီလို စေတနာအပြည့်နဲ့ ပြင်ထား၊ သုပ်ထား၊ ဖန်တီးထားတဲ့ လက်ဖက်သုပ် လူမနှိုက်တော့ ကြိုက်သလိုပြောဗျာ။ မဟုတ်ဘူးလား။ စားချင်တာတွေ ထည့်ရေးလိုက်တာပါ၊ လက်ဖက်သုပ်နည်း သင်ပေးတာတော့ မဟုတ်ပါဘူးဗျာ။)

အခုဖတ်နေသူ သူငယ်ချင်းလည်း ကျွန်တော့်ကို စိတ်ထဲက ကြိတ်ပြီးသာ တစ်ချက်လောက်ဆဲရေးလိုက်ပါ၊ ကျွန်တော်ရှင်းပြတာကို မကြိုက်ခဲ့ရင်လေ…။

ပြန်ဆက်ရရင် အခုလည်း လာပြန်ပါပြီ။ ကျွန်တော့်သူငယ်ချင်းမတစ်ယောက်က ကျွန်တော့်ကို အခုလိုမေးလာပါတယ်။

“ဟိုတစ်ပုဒ်က တကယ်မှတ်လား“

“တစ်ဝက်မှန်ပါ“

“ဒါဆို တကယ်ပေါ့“

“အတွေးတော့ နည်းနည်းထည့်ရတာပေါ့“

“ဟ…အတွေးဆို တကယ်ပေါ့“

“ဟင်“

“ဟုတ်တယ်လေ၊ အတွေးဆိုတာ တကယ်ဖြစ်တာကို တွေးကြတာပဲ“

သူ့အတွေးနဲ့ ကျွန်တော့်အတွေး မတူပါလားဆိုတာပဲ ကျွန်တော်နားလည်လိုက်တော့တယ်။ သူငယ်ချင်းမကတော့ သူ့ဟာသူ နိုင်အောင်ပြောသွားခဲ့တာကလား။

ကြုံတုန်းကြွားရရင်ဖြင့် ကျွန်တော် ကံကောင်းတယ်လို့ ပြောရမယ်။ ကျွန်တော့်မှာ စကားပြောဖော် သူငယ်ချင်းမတွေ (အွန်လိုင်းမှာ) ရှိတယ်၊ ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြတယ်၊ ယောက်ျားလေး သူငယ်ချင်းတွေနဲ့လည်း ပြောပါတယ်။ ဒါပေမယ့် သဘာဝအရ ဆန့်ကျင်ဘက်လိင်ချင်းက စကားပြော ပိုဖြောင့်တယ်ဆိုတဲ့ သဘာဝအတိုင်းပဲ သူငယ်ချင်းမတွေနဲ့ ကျွန်တော်လည်း စကားပိုပြောဖြစ်တယ်။ နောက်တစ်ချက်ကလည်း အမျိုးသမီးတွေက စကားပိုပြောကြတယ်ဆိုတဲ့ သိပ္ပံနည်းကျ အချက်ကလည်း ရှိသေးတယ်မဟုတ်လား။

အမျိုးသားချင်းကြတော့ ခင်တော့ခင်တယ်၊ ခပ်တည်တည်ပဲ(ပုံမှန်ပဲ) ရှိတတ်ကြတဲ့ သဘာဝက ရှိတယ်မဟုတ်လား။ ယောက်ျားချင်းကျတော့ မဟုတ်တာလုပ်မှသာ ရင်းနှီးတတ်ကြတာကိုးဗျ။ တလွဲမတွေးကြပါနဲ့ဦးခင်ဗျ၊ အရက်အတူတူသောက်၊ ကြက်အတူတူတိုက်(ဘောပွဲအတူတူရှုံးလို့ပြောရင် ခေတ်နဲ့များ ရင်ပေါင်(ဘောင်မဟုတ်)တန်းမလား မသိဘူး၊ စာရေးတယ်ဆိုတာ ခေတ်ကိုလည်း ကြည့်ရသေးတာကိုးဗျ၊ ခေတ်နဲ့ မျက်ခြည်(ချေမဟုတ်)ပြတ်လို့မှ မရတာလေ၊ နော့။

အဲဒီလို သူငယ်ချင်းမတွေနဲ့ စကားပြောပေမယ့် ကျွန်တော်က ချော့မပြောပါဘူး၊ မြှောက်လည်း မပြောပါဘူး။ ကိုယ်ထင်ရာ ကိုယ်မြင်ရာ ကိုယ်ခံစားရာသာ ပြောတတ်တာမို့ သူတို့တွေနဲ့လည်း အမြဲအဆင်ပြေတာတော့ မဟုတ်ပါဘူး။ တချို့သူငယ်ချင်းမ လေးငါးဆယ်ယောက်ဆို ကျွန်တော်နဲ့ စကားမပြောကြတော့ပါဘူး။ သူတို့ကလည်း အထအနကောက်တဲ့အချိန် ကိုယ်ကလည်း ဒုတ်ဒုတ်ထိပြောမိသွားချိန်မှာတော့ သူငယ်ချင်းချင်း အဖုအထစ်လေးတွေ ဖြစ်တတ်ကြတာကလားဗျာ။

သောကြာသားလား မသိဘူး၊ စကားများတယ်လို့တော့ မထင်ပါနဲ့။ တကယ်လည်း စကားတော့ များသလိုဖြစ်နေခဲ့ပါပြီ။

တကယ်တော့ ကျွန်တော်ဟာ ပုံပြောသူတစ်ယောက်သက်သက်မျှသာပါ။

ပုံဆိုမှတော့ အမှန်စင်စစ်လို့ ဘယ်လိုပြောနိုင်တော့မှာလဲခင်ဗျာ။ မဟုတ်ဘူးလား။

ဒါပေမဲ့ တစ်ခုသိထားရမှာက အစစ်အမှန်တွေကို ရှေ့လူတွေက ပြောပြခဲ့လို့ နောက်လူတွေက ပုံလို့ မှတ်လိုက်ကြတာလည်း ရှိသေးတယ်ဆိုတာပါပဲ။

ကျေးဇူးတင်ပါတယ်။

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်၊ နံနက် ၁ နာရီ။
၃၃၃၃ သိပါစေသား။