ပြီးခဲ့တဲ့တစ်ပတ်ကတော့ အာဆင်နယ်-ချယ်လ်ဆီး ပရီးမီးယားလိဂ်ဘောလုံးပွဲကို ပါ့ဘ်(ဘီယာဆိုင်)မှာ ကြည့်မယ်ဆိုပြီး ထွက်လာခဲ့ပြီးနောက်မှာမှ စနေနဲ့ တနင်္ဂနွေ အမှတ်မှားသွားလို့ အိမ်က ထွက်လာခဲ့ပြီးနောက်တော့ မထူးပါဘူးဆိုပြီး ရုပ်ရှင်ဝင်ကြည့်ဖြစ်တယ်။

(ကိုယ်အားပေးတဲ့ အပြာရောင်ခြင်္သေ့တွေက သူများကွင်းမှာ ၀-၃ နဲ့ အောင်ပွဲခံနိုင်ခဲ့တာ ၀မ်းသာလို့မဆုံးဘူး။ ဒီတစ်ပတ်တော့ မန်စီးတီးကို ၂-၁ နဲ့ ရှုံးသွားပြန်လို့ စိတ်မကောင်းဖြစ်ရပြန်တယ်။ တစ်ပတ်ပျော်လိုက် တစ်ပတ်စိတ်မကောင်းဖြစ်လိုက်နဲ့ လောကတံထွာဓမ္မတာကို ကိုယ်တွေ့ခံစားနေရတော့တယ်။)

ထားပါ။ ကြုံတုန်း ပရီးမီးယားလိဂ်မှာ ကိုယ်က ဘယ်အသင်းအားပေးတယ်ဆိုတာ ပြောလိုက်တာပါ။ ရုပ်ရှင်ကြည့်မယ်လို့ ဆုံးဖြတ်ပြီးနောက် ပထမတော့Twilight Saga: New Moon ကြည့်မယ်ဆိုပြီး စိတ်ကူးခဲ့ပေမယ့် ရုပ်ရှင်ရုံရောက်တဲ့အချိန်နဲ့ အဆင်ပြေတဲ့ ကားကိုကြည့်လိုက်တော့ Law Abiding Citizen ပဲ ရှိနေလို့ အဲဒီကားကို မထင်မှတ်ဘဲ ကြည့်ခဲ့တာပါ။ 18 အဆင့် သတ်မှတ်ထားတဲ့ကားဆိုတော့လည်း ဘာများ ထူးထူးဆန်းဆန်း ကြည့်ရမလဲဆိုပြီး ၀င်ကြည့်ခဲ့တာလည်း ပါတာပေါ့လေ။

UK မှာက ရုပ်ရှင်ဇာတ်ကားတွေကို ရုံအလိုက် ကြည့်နိုင်တဲ့ ပရိသတ်ခွဲထားတာ ရှိတယ်။ မိသားစုလိုက်ကြည့်နိုင်တာ၊ ကလေးတွေ ကြည့်နိုင်တာ၊ လူငယ်တွေ ကြည့်နိုင်တာ၊ လူကြီးတွေသက်သက်ပဲ ကြည့်နိုင်တာဆိုပြီး ရုပ်ရှင်ဇာတ်ကားတွေကို အမျိုးအစားအကြမ်းခွဲနိုင်တယ်။

The British Board of Film Classification (BBFC) လို့ခေါ်တဲ့ ဗြိတိသျှရုပ်ရှင်အမျိုးအစားခွဲခြားရေးဘုတ်အဖွဲ့ရဲ့ပြဌာန်းချက်အရတော့ ရုပ်ရှင်၊ ဗီဒီယိုနဲ့ ဗီဒီယိုဂိမ်းတွေကို…

၁။ U လို့အတိုကောက်ခေါ်တဲ့ Universal၊ သူက အသက် ၄ နှစ်အထက်ကလေးကနေ ဘယ်သူမဆို ကြည့်လို့ရတယ်၊ မိသားစုလိုက်ကြည့်လို့ရတဲ့ ကားတွေ၊ ဂိမ်းတွေပေါ့လေ။ အခုနောက်ပိုင်းက ဂိမ်းတွေကို ကလေးတွေ၊ လူငယ်တွေသာမက လူကြီးတွေကပါ ကစားလာကြတာမို့ လူကြီးကြိုက်ဂိမ်းတွေလည်း အများကြီး ထွက်လာပြီးနောက်မှာ ဂိမ်းကိုလည်း အခုလိုပဲ အဆင့်တွေ၊ အမျိုးအစားတွေ ခွဲထားပါတယ်။

၂။ PG လို့ အတိုခေါ်ဝေါ်တဲ့ Parental Guidance၊ သူကျတော့ မိသားစုတော့ ကြည့်လို့ရတယ်၊ ဒါပေမဲ့(မယ့် မဟုတ်ပါ၊ မယ့်က အသံထွက်ကို စာလုံးလိုက်ပေါင်း ပြီး ရေးရာကနေ အများလိုက်နာ သုံးစွဲလို့ အသုံးတွင်ပြီး အမှန်လိုဖြစ်နေတာလို့ ယူဆရပါတယ်၊ မြန်မာအဘိဓာန်မှာ ဒါပေမဲ့လို့ အမှန်ကို ဖော်ပြထားပါတယ်) ကလေးကို မိဘက ဟဲ့ ဟဲ့..ဒီအခန်းတော့ မကြည့်နဲ့ဆိုပြီး လမ်းညွှန်ဖို့လိုရင် လမ်းညွှန်ရမယ်၊ ပြောရမယ်။ နဂိုကတည်းကလည်း ရုပ်ရှင်ရိုက်သူတွေက ဘယ်ပရိသတ်အတွက် ရိုက်တာလဲဆိုတာ ခွဲခြားပြီးတော့ ဖြစ်ပါတယ်။

၃။ 12 A လို့ခေါ်တဲ့ 12 Accompanied/Advisory၊ ဒါကတော့ အသက် ၁၂ နှစ်နဲ့ အထက်တွေမှ ကြည့်သင့်တဲ့ကားမျိုး၊ သူ့မှာက အများယုံကြည် လက်ခံထားတာတွေကို ဆန့်ကျင်တဲ့ အတွေးအခေါ်တွေ ပါချင်ပါနေတတ်တာမို့ အသက် ၁၂ နှစ်အောက် တစ်ယောက်က ကြည့်မယ်ဆိုရင်တော့ လူကြီးပါမှ ကြည့်လို့ရမှာ ဖြစ်ပါတယ်။

၎။ နောက်တစ်ခုကတော့ 12၊ သူကျတော့ ခုနလိုပဲ အသက် ၁၂ နှစ်ကနေ အထက်တွေ ကြည့်လို့ရတယ်။

၅။ 15၊ အသက် ၁၅ နှစ်ပြည့်ပြီးမှ ကြည့်လို့ရမယ်၊ ၁၅ နှစ်မပြည့်သေးရင် 15 လို့ သတ်မှတ်ထားတဲ့ ကားတွေ ကြည့်လို့မရဘူး။

၆။ 18၊ ဒါကတော့ အသက် ၁၈ နှစ်နဲ့အထက်၊ အသက် ၁၈ နှစ်ပြည့်ပြီး လူကြီးလို့ သတ်မှတ်ခံထားရတဲ့ သူတွေမှ ကြည့်လို့ရမှာဖြစ်တယ်၊ ၁၈ နှစ်အောက်ဆိုရင် ကြည့်လို့မရဘူးလို့ ယေဘူယျ ပြဌာန်းထားတယ်။ လူကြီးဖြစ်မှ ဆင်ခြင်တုံတရား အပြည့်အ၀ရှိမှာမို့ ရုပ်ရှင်က ပြတဲ့၊ ပေးတဲ့ အမြင်နဲ့ အတွေးအခေါ်ကို ဆန်းစစ်ဝေဖန်နိုင်မှာဖြစ်ပါတယ်။ အနုပညာဆိုတာ စွမ်းဆောင်အား(စွမ်းရည်) မြင့်မားတတ်တာမို့ အတုယူလွဲမှာစိုးလို့ အခုလို ကန့်သတ်ပုံရပါတယ်။

မြန်မာနိုင်ငံမှာ ဒီလို 18 ဆိုပြီး ခွဲပြရင် မိန်းကလေးတွေကော ၀င်ကြည့်ကြပါ့မလားလို့ စဉ်းစားမိသေးတယ်၊ ယဉ်ကျေးမှုတွေဘာတွေက ရှိသေးတာကိုးနော်။

ဒီမှာကတော့ ယောက်ျားမိန်းမ တန်းတူအခွင့်အရေး ရှိတာကိုပဲ ပြတာလား၊ လိင်မှုဆိုင်ရာနဲ့ အကြမ်းဖက်ပြကွက်တွေဆိုတာ လူကြီးဖြစ်သူတိုင်း ထိန်းထိန်းသိမ်းသိမ်း ခံစားနိုင်ပြီလို့ ယူဆလို့လားတော့ မသိ၊ မိန်းကလေးတွေ လာကြည့်တာတွေ့ရပါတယ်။

အတွဲနဲ့လာကြသူတွေကတော့ ကြောက်စရာပြကွက်ပြရင် ကောင်မလေးက ချစ်သူရင်ခွင်ထဲ ခေါင်းဝပ်ချလိုက်တာပေါ့လေ၊ သူကောင်းသား(သဂေါင့်သား)ကလည်း သူရဲကောင်းကြီးလို ထွေးထွေးပွေ့ပွေ့လေး နှစ်သိမ့်လို့ တွေ့ခဲ့ရတယ်။ ရုပ်ရှင်ကြည့်ရင်း သူများ မနာလိုစိတ်တွေ ဖြစ်ခဲ့ရတယ်။

ကိုယ့်မှာတော့ သူရဲကောင်းလုပ်ခွင့် ဘယ်တော့များမှ ကြုံရပါ့မယ်လို့တွေးရင်း သူရဲကောင်းလုပ်မဲ့သူမှာ မျက်ရည်လေးတောင် ရစ်ဝိုင်းလာသလို၊ လွမ်းသလိုလို ဆွေးသလိုလိုဖြစ်လာတယ်။ 18 ကားကြည့်ပြီး 18 feeling ထလာတယ်ထင်ပါ့ဗျာ။ ကြော်ငြာ…။

၇။ R 18 လို့အတိုကောက်ခေါ်တဲ့ Restricted 18၊ ဒါကတော့ လူကြီးကြိုက်ကားတွေ ပြတာပေါ့လေ၊ လိင်ဆိုင်ရာ နည်းပညာနဲ့ ခံစားမှု ရုပ်ရှင်တွေပေါ့။ R 18 တွေကို အဲဒါပြဖို့ လိုင်စင်ယူထားတဲ့ ရုံတွေမှာပဲ ပြလို့ရတယ်လို့ ဆိုတယ်။

အပြာရောင်ရပ်ကွက်တွေ(လန်ဒန်မှာတော့ ဆိုဟို Soho လို့ ခေါ်တဲ့ရပ်ကွက်ပေါ့လေ)မှာ ရှိတဲ့ လိင်မှုဆိုင်ရာ ပစ္စည်းတွေနဲ့ စာအုပ်စာတမ်း၊ ဓာတ်ပုံမဂ္ဂဇင်းတွေ ရောင်းတဲ့ဆိုင်တွေမှာ အဲဒီလိုင်စင်ယူထားရတယ်။ ၁၈ နှစ်နဲ့အထက်မှ ၀င်ခွင့်၊ ၀ယ်ခွင့်၊ ကြည့်ခွင့်ရတယ်လို့ဆိုတယ်။

ဒါကတော့ စည်းကမ်းပေါ့လေ၊ ဒါပေမဲ့လည်း နည်းပညာခေတ်မို့ အွန်လိုင်းဆက်သွယ်ထားတဲ့ မိုဘိုင်းလ်ဖုန်းတွေ၊ နက်ဘုတ်တွေ၊ နုတ်ဘုတ်တွေ အလွယ်တကူ သုံးနိုင်တဲ့နိုင်ငံမှာ ကြိုက်သလို အလွယ်တကူလေ့လာနိုင်၊ စူးစမ်းနိုင်တာမို့ ဒီမှာက တချို့လူငယ်တွေဆို ၁၄/၅ နှစ်မှာပဲ လိင်ဆိုင်ရာ စူးစမ်းမှုတင်မကဘဲ လက်တွေ့ပါ စမ်းသပ် လုပ်ကိုင်ပြီးဖြစ်သလို ၁၆ နှစ်လောက်မှာပဲ ကလေးတစ်ယောက် မွေးလိုက်ပြီးသူတွေတောင် ရှိတဲ့အကြောင်း ရုပ်မြင်သံကြားအစီအစဉ်မှာ မကြာခဏပြနေလို့ သိနေရပါတယ်။

မိဘတွေကလည်း မြန်မာနိုင်ငံမှာလို အချိန်ပြည့်မထိန်းသိမ်းနိုင်တော့ ခုနလို သက်ဆိုင်ရာက ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဒီကလူငယ်တွေဟာ ကိုယ့်ဘာသာ ကိုယ် မလိုက်နာဘူးဆိုရင် ပျက်စီးဖို့ အလွန်လွယ်တဲ့ ပတ်ဝန်းကျင်ဖြစ်ပါတယ်။

အင်တာနက်ကတော့ မြန်မာနိုင်ငံမှာလည်း အလွယ်တကူ သုံးချင်သုံးနိုင်နေပြီမို့ (တစ်နာရီ ကျပ်ရာဂဏန်းမို့ ရုပ်ရှင်တစ်ကားကြည့်မလား၊ ရုပ်ရှင်တစ်ပွဲစာအချိန်ကို အင်တာနက်သုံးမလား ဆုံးဖြတ်လို့ ရနိုင်တာကို ပြောတာပါ) ဒီမှာလို ရုပ်ရှင်ဆိုင်ရာ စည်းကမ်းတွေ မရှိသေးပေမဲ့လည်း ပျက်စီးနိုင်ကြောင်း စဉ်းစားမိပါတယ်။

ပြောချင်ရေးချင်တာတွေက များများနေတတ်လို့ လိုရင်းက ပျောက်ပျောက်သွားတယ်။

ခုန “ဥပဒေလိုက်နာသော နိုင်ငံသား“ Law Abiding Citizen ရုပ်ရှင်အကြောင်း ပြန်ပြောရမယ်ဆို 18 အဆင့် ဆိုပေမယ့် လိင်ဆိုင်ရာ အခန်းတွေ ကိုယ်ထင်သလို မပါဘဲ ကြမ်းကြမ်းတမ်းတမ်း သတ်ဖြတ်လိုက်တဲ့အခန်းတချို့ သွေးသံရဲရဲရိုက်ပြ ထားတာလောက်သာ ပါတာကို တွေ့ပါတယ်။ ဒါတောင် သေချာပြတာမျိုး မဟုတ်ပါဘူး။ ကြောက်တဲ့စိတ်ခံစားမှုဖြစ်ရုံလောက်ကိုပဲ ရုပ်ရှင်ပညာနဲ့ အလင်းအမှောင်၊ အရောင်၊ အသံနဲ့ ကစားပြီး ရိုက်ပြတာပါ။ လက်တွေ့ကျကျ သတ်ဖြတ်တာမျိုးကိုတော့ ကျန်ရစ်သူယောက်ျားက သူ့ကို ထိန်းသိမ်းထားတဲ့ထောင်ထဲမှာ အတူနေအခန်းဖော်ကို သတ်ဖြတ်လိုက်တဲ့ အခန်းတစ်ခန်းပဲ သေချာပါတာကို တွေ့ပါတယ်။

ဇာတ်လမ်းက အဖွင့်မှာပဲ မိသားစုတစ်စုအိမ်ကို လူဆိုးတစ်အုပ်က ၀င်စီးတယ်၊ ယောက်ျားကို သတ်၊ မိန်းမကို ယောက်ျားနဲ့ သမီးငယ်လေးရှေ့တင်ပဲ အဓမ္မကျင့်ပြီး သတ်၊ ကလေးကိုလည်း သတ်၊ ယောက်ျားက ကံကောင်းတော့ မသေဘူး။

တရားလိုလုပ် အမှုစွဲတင်တဲ့ တရားစွဲအရာရှိက တရားခံအဖြစ်စွပ်စွဲခံရသူ(တရားခံမှန်းသိနေပါသော်လည်း သူသတ်ကြောင်း တရားရုံးက အမိန့်တစ်စုံတရာ မချမှတ်မချင်း တရားခံအဖြစ်စွပ်စွဲခံရသူလို့သာ သုံးနှုန်းရမယ်လို့ စာနယ်ဇင်းပညာမှာတဲ့ ကျင့်ဝတ်က ဆိုပါတယ်) သတ်ကြောင်း သက်သေခိုင်ခိုင်လုံလုံနဲ့ ရုံးတော်ကို မတင်ပြနိုင်တော့ စွပ်စွဲခံရသူက ပြစ်ဒဏ်နည်းနည်းပဲ ချမှတ်ခံရပြီးနောက် နှစ်အတန်ကြာတော့ လွတ်သွားတယ်။

အသက်မသေဘဲ ကျန်ရစ်တဲ့ယောက်ျားက တရားစွဲအရာရှိကို တွေ့ပြီး တရားခံအဖြစ်စွပ်စွဲခံရသူကို ပြစ်ဒဏ်များများ ချမှတ်နိုင်ရေး ကြိုးစားဖို့ ပြောပေမယ့် မတတ်နိုင်ဘူးဖြစ်သွားတယ်။ ဒီတင် သူက မကျေနပ်ဘဲ ကလဲ့စားချေ(ဂလဲ့စားချေ)တာပါပဲ။

ဇာတ်လမ်းကတော့ ရိုးရိုးဇာတ်လမ်းလို့ ပြောလဲရပါတယ်။ အဲဒီတရားစီရင်ရေးစနစ်ကို မုန်းတဲ့ ကျန်ရစ်သူယောက်ျားက တရားစီရင်ရေး စနစ်မှာပါတဲ့သူတွေကို အကုန်သတ်ပစ်တော့တာပါပဲ။ တရားစွဲအရာရှိက လွဲလို့ပေါ့လေ။ သူနဲ့တော့ အမြဲတွေ့ စကားပြောနေရလို့လား မသိပါဘူး။

သူ့မိန်းမကို အဓမ္မကျင့်ပြီး သူ့ကလေးကို သတ်ဖြတ်ခဲ့သူ၊ ထောင်တွင်းမှာ အတူနေအခန်းဖော်၊ တရားစွဲအရာရှိရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ တရားစီရင်တဲ့ တရားသူကြီးစသူတွေကို တစ်ယောက်ပြီးတစ်ယောက် စနစ်တကျ သတ်တော့တာပါပဲ။

ကျန်ရစ်သူ ယောက်ျားက သူ့မျက်စိရှေ့တင် သူ့မိန်းမနဲ့ ကလေးကို သတ်တာသိပါရက်နဲ့ တရားစီရင်ရေးက ထိရောက်တဲ့ ပြစ်ဒဏ်ကို မပြဌာန်းနိုင်တော့ ငါကိုယ်တိုင် ပြဌာန်းတယ်ကွာဆိုတဲ့ သဘောမျိုး ဒါရိုက်တာက ပြောချင်ပုံရပါတယ်။

သက်သေအထောက်အထား ခိုင်လုံမှ တရားစွဲဆိုခံရသူတွေကို ထိုက်သင့်တဲ့ပြစ်ဒဏ် ချလို့ရတယ်လို့ ဥပဒေက ပြဌာန်းထားတာကိုး။ ဒီယောက်ျားကလည်း ကဲ..မင်းတို့လည်း သက်သေပြကွာ၊ ငါတော့ စိတ်ကြိုက်သတ်မယ်ဆိုပြီး ခုနပြောသလို တရားစီရင်ရေးစနစ်မှာပါတဲ့ သူတွေကို အေးအေးဆေးဆေး(ဒါရိုက်တာ အကူအညီနဲ့ပေါ့လေ)သတ်တော့တာပါပဲ။ တချို့သတ်တဲ့ပုံစံတွေက မဖြစ်နိုင်တာမို့ ဒါရိုက်တာအကူအညီလို့ ပြောတာပါ။ ဒါဆို ဟောလီးဝုဒ်ကားတချို့လည်း မြန်မာဗီဒီယိုတွေနဲ့ သိပ်မခြားပါဘူးလို့တော့ ပြောလို့ရမယ်ထင်ပါတယ်။

တရားစွဲအရာရှိနေရာမှာ Jamie Foxx က သရုပ်ဆောင်ပါတယ်။ ခုန မိန်းမ အဓမ္မကျင့်ခံရ၊ ကလေးအသတ်ခံရတဲ့ ကျန်ရစ်သူယောက်ျားနေရာကို ရန်ကုန်မှာနာမည်ကြီးခဲ့တဲ့ 300 ထဲက မင်းသား Gerard Butler က သရုပ်ဆောင်ပါတယ်။ သူတို့နှစ်ယောက်ကပဲ အဓိကသရုပ်ဆောင်တွေဖြစ်ပါတယ်။

မင်းသားနှစ်ယောက်လုံး သရုပ်ဆောင်အလွန်ကောင်းလို့သာ သာမန်ဇာတ်လမ်းဖြစ်တဲ့ ဇာတ်ကားက ရုပ်လုံးကြွပြီး ဒါရိုက်တာပညာကြောင့် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်သွားတာပါ။ မင်းသားနှစ်ယောက်မှာ ကိုယ်ကတော့ သွေးအေးအေးနဲ့ တကယ်ခံစားရသလို သရုပ်ဆောင်သွားတဲ့ Gerard Butler ကို ပိုကြိုက်ပါတယ်။ Jamie Foxx ကလည်း ဆရာကြီးဆိုတော့ ကောင်းတာကတော့ ပြောစရာ မလိုပါဘူး။

Gerard Butler တရားခွင်မှာ ကိုယ်တိုင်တင်ပြလျှောက်လဲတဲ့အခါ တရားသူကြီးကို ဆဲတဲ့အခန်းကို အလွန်ကြိုက်ပါတယ်။ တရားသူကြီးရဲ့ ဇာတ်ပို့အက်တင် (အခံမျက်နှာပေး)ကလည်း ၀ါရင့်သရုပ်ဆောင်ဆိုတော့ ကောင်းမှကောင်းပါ။

အမေရိကလို နိုင်ငံမှာတောင် တရားစီရင်ရေးစနစ်ကို မေးခွန်းထုတ်ထားတဲ့ ဒီကားဟာ တရားစီရင်ရေးစနစ်ကို ထင်သလို လုပ်နေတဲ့နိုင်ငံတွေမှာကျတော့ ဘယ်လိုလုပ်ကြမလဲလို့ ကိုယ့်ဘာသာမေးခွန်းထုတ်မိပါတယ်။

ထင်သလိုဖမ်း၊ ကြိုက်သလို ပြစ်ဒဏ်ပေး၊ လုပ်ချင်ရာ လုပ်နေတဲ့ နိုင်ငံတွေက ခုန ကျန်ရစ်သူ ယောက်ျားလို လက်စားချေကြမှဖြင့် သတ်ရမဲ့လူတွေ နည်းမှာမဟုတ်ဘူးလို့ တွေးမိရင်း ပြီးခဲ့တဲ့တစ်ပတ်က ရုပ်ရှင်ကြည့်ပြီးနောက်မှာ ရင်ရှုပ်ကာ ရင်မောခဲ့ရသမျှကို ပြန်ပြီးမျှဝေလိုက်ရပါကောဗျာ။

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်၊ မွန်းလွဲ ၁ နာရီ။