ကြော်ငြာနေကတည်းက ကြည့်ချင်နေခဲ့တဲ့ ရုပ်ရှင်ကားဖြစ်တဲ့ 2012 ဆိုတဲ့ ကမ္ဘာပျက်တဲ့အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ကားကို ရုံတင်တဲ့ ပထမပတ်မှာပဲ ကြည့်ဖြစ်ခဲ့ပါတယ်။ ကြည့်ပြီးတာနဲ့ ချက်ချင်းဆိုသလို ကိုယ့်ခံစားချက်လေး ရေးမယ်လို့ ကြံထားခဲ့ပေမယ့် ကွန်ပျူတာက ပျက်နေတော့ မရေးနိုင်ခဲ့ပါဘူး။ အခုတော်တော်လေးကြာမှ ရေးရတာဆိုတော့ သိပ်တောင် အသေးစိတ်ရေးနိုင်မယ်မထင်တော့ပါဘူး။ ဒါပေမဲ့ ရေးလို့ရနိုင်သလောက်ကို မရေးခဲ့ရင် နောင်လည်း ရေးဖြစ်မှာ မဟုတ်တော့လို့ ရေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ အိမ်နားက ရုံမှာ သွားကြည့်တာဖြစ်လို့ ရုံဝင်ခက ၇.၈၀ ပေါင်ပဲ ပေးရပါတယ်။ မြို့လယ်မှာ ဒီကားကိုပဲ ကြည့်မယ်ဆိုရင် ၁၄.၅၀ ပေါင် ပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်လောက် မြို့ပြင်ဘက်မှာ နေနေသလဲဆိုတာ သိနိုင်ပါတယ်။ ခုနပြောတဲ့ ဈေးကြီးတဲ့မြို့လယ်ရုံကတော့ ကမ္ဘာကျော် မင်းသားမင်းသမီး တွေကိုယ်တိုင် သူတို့ဇာတ်ကားတွေအတွက် တက်ရောက်ဖွင့်လှစ်ပေးတဲ့ ပရီးမီးယားလို့ခေါ်တဲ့ ဖွင့်ပွဲအခမ်းအနားတွေ ကျင်းပတဲ့ရုံ ဖြစ်ပါတယ်။

2012 ရဲ့ဇာတ်လမ်း အကျဉ်းကတော့ အိန္ဒိယနိုင်ငံကို ရောက်လာတဲ့ အမေရိကန်သိပ္ပံပညာရှင်လေးတစ်ယောက်က ကမ္ဘာကြီးတော့ မကြာခင်နှစ်ပိုင်းအတွင်း ဆိုးဆိုး ရွားရွား ပျက်စီးတော့မယ်ဆိုတာ သိလိုက်တယ်။ သူက ဒါတွေကို သေချာနားလည်ပြီး လေ့လာနေတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ မင်းသား Chiwetel Ejiofor က သိပ္ပံပညာရှင်အဖြစ် သရုပ်ဆောင်ပါတယ်။ တော်တော်သရုပ်ဆောင်ကောင်းတာကို တွေ့ရပါတယ်။

အဲဒါ သူက ချက်ချင်းဆိုသလို အမေရိက ပြန်လာတယ်၊ သမ္မတရဲ့ လက်ထောက်ဖြစ်တဲ့ အိမ်ဖြူတော် အုပ်ချုပ်ရေးမှူးကို ချက်ချင်း သတင်းပို့တယ်။ ဇာတ်လမ်းက ၂၀၀၈ အိန္ဒိယကစပြီး ၂၀၀၉ မှာ အမေရိက ပြန်လာတာနဲ့ ပြတယ်။ သမ္မတကို သတင်းပို့ပေးဖို့ ပြောတယ်။ နောက်ခဏနေတော့ ၂၀၁၀၊ ၂၀၁၁ မြန်မြန်သွားလိုက် တယ်။

ကမ္ဘာပျက်ဖို့ အချိန်က တဖြည်းဖြည်းနီးလာနေကြောင်း လက္ခဏာတွေကို ဒါရိုက်တာက ရိုက်ပြတယ်၊ ခုန သိပ္ပံပညာရှင်လေးက သေချာစောင့်ကြည့်နေတယ်။ ၂၀၁၀ မှာတော့ ကမ္ဘာ မကြာခင်ပျက်တော့မယ်ဆိုတဲ့အကြောင်းကို အမေရိကန်သမ္မတက ကမ္ဘာဖွံ့ဖြိုးပြီးစက်မှု ၈ နိုင်ငံ G-8 အစည်းအဝေးမှာ ကျန်တဲ့နိုင်ငံ့ခေါင်းဆောင်တွေကို ထုတ်ပြောလိုက်တယ်။ စကားပြန်တွေ၊ အထောက်အကူတွေကို အစည်းအဝေးခန်းထဲကနေ ထွက်ခိုင်းပြီး ပြောပြတာဖြစ်တယ်။

သဘောကတော့ နိုင်ငံ့ခေါင်းဆောင်တွေကသာ ကမ္ဘာပျက်မယ်ဆိုတဲ့သတင်းအသေးစိတ်ကို သိနိုင်တယ်၊ ကျန်သူတွေက မသိရဘူး၊ မတော်လို့ ချက်ချင်း တိုင်းပျက်ပြည်ပျက်ဖြစ်သွားရင် ထိန်းမနိုင်သိမ်းမရဖြစ်မှာမို့ ထင်ပါတယ်၊ ဒီလိုပဲ တွေးတတ်လို့ ဒီလိုပဲ တွေးရပါတယ်။

ဇာတ်ကို အရှိန်အမြင့်ဆုံး မြှင့်တင်လိုက်တာကတော့ ၂၀၁၂ ရောက်လာပြီး ကမ္ဘာကြီး ၃ ရက် အတွင်းလို့ ပြောလိုက်တာက စတာပဲ။ အဲဒါကိုလည်း အမေရိကန် သမ္မတကပဲ ကျန်တဲ့နိုင်ငံ့ခေါင်းဆောင်တွေကို တယ်လီရုပ်မြင်ဆက်သွယ်ရေးနဲ့ ပြောလိုက်တာပဲ။

ကမ္ဘာပျက်မယ့်အကြောင်းကို အမေရိကန်ကပဲ အမြဲသေချာသိနေသလိုပဲ၊ ကျန်တဲ့နိုင်ငံတွေကတော့ အမေရိကန်ပြောမှပဲ သိရမဲ့ပုံ၊ အမေရိက ရွှေ့ချင်ရွှေ့၊ အမေရိကန်နဲ့ တည့်အောင်ပေါင်းဆိုတာကို ရုပ်ရှင်ကားထဲ ထည့်ရိုက်ပြသလို ဖြစ်တယ်လို့ ခံစားရတယ်။

ဇာတ်လမ်းကို အိန္ဒိယ၊ တရုတ်၊ ရုရှ၊ အမေရိက၊ တောင်အမေရိက စတာတွေနဲ့ သေသေချာချာ ရိုက်ပြတယ်။ ကမ္ဘာက စပျက်နေပြီ၊ လန်ဒန်မှာက အိုလံပစ်အားကစားပြိုင်ပွဲ ၂၀၁၂ ကို ကျင်းပနေတယ်။ ကမ္ဘာပျက်တော့ ပွဲစဉ်တချို့ကို ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း ရိုက်ပြတယ်။

သတင်းမီဒီယာကတော့ ဘယ်ခေတ်ဖြစ်ဖြစ် အရေးပါနေတာပဲ၊ ကမ္ဘာသာပျက်ရော သူတို့ကတော့ သူတို့အလုပ် သူတို့လုပ်နေရမှာပဲဖြစ်တယ်။

ကမ္ဘာပျက်ရင် ထွက်ပြေးကြဖို့က အစီအစဉ်တွေက ရှိသေးတယ်။ ငလျင်တွေလှုပ်လို့ မြို့ကြီးတွေက အဆောက်အအုံတွေ၊ လမ်းတွေ၊ တောတွေ၊ တောင်တွေ အကုန်ပြိုလဲ၊ ပင်လယ်ရေလှိုင်းတွေက မြို့တွေကို ဖုံးလွှမ်းသွားရင် လေထဲမှာနေရင်နေ(အဲဒါကတော့ အကြာကြီးနေလို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ဘယ်လောက်ကြီးတဲ့ လေယာဉ်ဖြစ်ဖြစ် ဆီကုန်ရင်တောင် ဆက်မောင်းလို့မရတော့ဘူးလေ)၊ မြို့ကြီးတစ်မြို့လောက်ရှိတဲ့ သင်္ဘောကြီးပေါ် တက်နေရင်နေ၊
အဲဒါမှ လွတ်မဲ့သဘောရှိတယ်။ အဲဒီအတွေးအခေါ်ကတော့ ခရစ်ယာန်ကျမ်းစာက ကောက်နှုတ်ထားပုံရတယ်။

အဲဒီသင်္ဘောကြီးသုံးစင်းက ကမ္ဘာ့ချမ်းသာတဲ့နိုင်ငံတွေက ခေါင်းဆောင်တွေ၊ ချမ်းသာသူတွေပေးတဲ့ငွေနဲ့ တရုတ်ပြည်က တာဝန်ယူဆောက်ပေးခဲ့တာကို ရိုက်ပြတယ်။

သဘောက ကမ္ဘာပျက်တာတောင် ဆင်းရဲတဲ့သူကတော့ လုံးလုံးအသက်မရှင်နိုင်ဘူး၊ ငွေရှိရင် ကမ္ဘာပျက်တောင် လွတ်နိုင်တယ်ဆိုတဲ့ အတွေးအခေါ်မျိုးကို ဒါရိုက်တာက ပေးချင်တာလားလို့တောင် တွေးမိတယ်။ အဲဒီသင်္ဘောပေါ်ကို လိုက်မယ့်သူက လက်မှတ်တစ်စောင် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်တဲ့။

ကိုယ်က ကြည့်ရင်း ၀ယ်မနေပါနဲ့တော့၊ မသေခင် ပျော်ပျော်နေပြီး အဲဒီပိုက်ဆံတွေ ကိုယ်လည်းသုံး၊ လိုသူတွေလည်း ပေးလိုက်၊ ပြီးတာပဲ။ နောက် သေတော့လည်း သေလိုက်ရုံပေါ့လို့ တွေးမိတယ်။

ကမ္ဘာပျက်တဲ့အခါ ရုရှသူဌေးကြီးတစ်ယောက် သူ့သားအမြွာနှစ်ယောက်နဲ့ ခုနပြောတဲ့ သင်္ဘောပေါ်ရောက်အောင် သွားကြတာမှာ လောဘ၊ ဒေါသ၊ မောဟတွေ ပေါ်လွင်အောင် ရိုက်ပြတော့ ဘယ်ဘာသာမဆို ကောင်းတဲ့လူ၊ မကောင်းတဲ့လူနဲ့ အရေးအကြောင်းကြရင် ကိုယ်နဲ့ ကိုယ့်မိသားစုကိုပဲ ကြည့်ကြတာကို တွေ့ရတယ်။

အမေရိက က နောက်မိသားစုတစ်စုကလည်း အဲဒီလိုပဲ လွတ်အောင်ထွက်ပြေးတာတွေ၊ တရုတ်ပြည်တိဗက်က ရဟန်းတစ်ပါးက ဆင်းရဲတဲ့ သူ့မိသားစုကို ကယ်ဖို့ လုပ်တာတွေကလည်း ကမ္ဘာပျက်တဲ့အခါမှာတောင် သံယောဇဉ်ဆိုတာ ချည်နှောင်အားကြီးဆဲမို့ ကယ်တင်ဖို့ တွေးဆတတ်ကြတဲ့အကြောင်း စိတ်မောရင်မော ကြည့်ကြရတယ်။

အရူးလို့ထင်ရသူတစ်ယောက်ကလည်း သူနိုင်တဲ့ဘက်ကနေပြီး မြို့လေးက လူတွေကို သူသိထားတဲ့အကြောင်းတွေ၊ နောက်ဆုံးသတင်းတွေကို လွှင့်ထုတ်ပေးလို့ ရတဲ့ ရေဒီယိုထုတ်လွှင့်စက်ကလေးနဲ့ ထုတ်လွှင့်ပေးနေတာကို တွေ့ရပါတယ်။

ကိုယ်နိုင်တဲ့ဘက်ကနေ လူတွေကို ကူညီတတ်ကြသူတွေဟာ ကိုယ်သေချင်သေပါစေ၊ သေတဲ့အထိ ပျော်ပျော်ရွှင်ရွှင်နဲ့ ကူညီတတ်ကြတယ်ဆိုတာ တွေ့ရပါတယ်။

အမေရိကန်သမ္မတ လူမည်းကြီးတစ်ယောက်ကလည်း အသက်ကို ပဓာန မထားဘဲ သင်္ဘောပေါ် မလိုက်ဘဲ သူ့ပြည်သူပြည်သားတွေနဲ့အတူ နောက်ဆုံးမိနစ်အထိ အတူနေပြီး သေခြင်းတရားကို အာဇာနည်စိတ်ဓာတ်နဲ့ ရင်ဆိုင်သွားတဲ့အကြောင်းကိုတော့ နည်းနည်းအသာပေးရိုက်ပေးထားတာကို တွေ့ရတယ်။

ဟောလီးဝုဒ်ကား ဆိုတော့လည်း အမေရိကဂုဏ်ကို နည်းနည်းတော့ မြှင့်ပေးရတာပေါ့လေ။ သမ္မတသမီးကတော့ ခုန သိပ္ပံပညာရှင်လေးနဲ့အတူ သင်္ဘောပေါ်လိုက်သွားတာကို တွေ့ရတယ်။

နောက်ဆုံးတော့ ကမ္ဘာပျက်ပေမယ့် သင်္ဘောသုံးစင်းပေါ်ပါတဲ့ လူတွေကတော့ လွတ်သွားတဲ့အကြောင်း စိတ်ဝင်စားဖွယ်ဖြစ်အောင်နဲ့ လူတွေရဲ့စရိုက်တွေကို ကောင်း ကောင်းဖော်ကျူးပြီး၊ ကမ္ဘာပျက်ပုံကို ကြည့်လို့ကောင်းအောင် ဂရပ်ဖ်ဖစ်တွေ၊ ဒစ်ဂျစ်တယ်နည်းပညာ ရိုက်ချက်တွေနဲ့ အသက်ဝင်အောင် ရိုက်ပြထားတယ်။

ရုပ်ရှင်ဆိုတော့ အရုပ်အသံတွေနဲ့ ကြည့်လို့ကောင်းအောင်၊ စိတ်ဝင်စားအောင်၊ ခံစားနိုင်အောင်၊ ကြိုက်သွားအောင် ရိုက်ပြနိုင်တာကိုတော့ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေ၊ အတတ်ပညာရှင်တွေကို ချီးကျူးရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သိပ်ပြီးထူးဆန်းတာ မဟုတ်ပါဘူး။ ကမ္ဘာပျက်တဲ့အကြောင်း ရိုက်တာပါပဲ။

တကယ်တော့ ကမ္ဘာပျက်ပျက် မပျက်ပျက် လူတွေ သေတာတော့ သေမှာပါပဲ။ ဗုဒ္ဓဘာသာမှာဆိုရင် ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီလို့တောင် ပြောဆိုတာတွေ ရှိပါတယ်။ အပိုမဟုတ်ပါဘူး။ တကယ်လက်တွေ့ပါ။

Final Destination လို ရုပ်ရှင်ကားကြည့်သူတွေ၊ သူတို့ သိပ်ကြိုက်တဲ့ ရုပ်ရှင်ကားလိုမျိုး အဖြစ်အပျက်တွေဟာ အပြင်မှာလည်း တကယ်ဖြစ်နိုင်ပါတယ်။ လမ်းဖြတ်ကူးရင်း ကားတိုက်သေဆုံးသွားတာ၊ တိုက်ပေါ်က အ၀တ်ခါလှန်းရင်း အရှိန်လွန်ပြီး ပြုတ်ကျသေဆုံးသွားတာတွေဟာ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ဖြစ်ပျက်သွားတာပါ။ ကမ္ဘာပျက်တဲ့အထိတောင် စောင့်စရာမလိုပါဘူး။

ကိုယ်တွေ့ကတော့ ငယ်စဉ်က အဖေက အိမ်ရှေ့ ဗာဒံပင် အကိုင်းအခက်တွေကို ခုတ်ချကြတယ်။ ညီလေးနဲ့ ကိုယ်နဲ့ကို ကားလမ်းကူးပြီးမှ ပစ်ရတဲ့ အမှိုက်ပုံကို ဆွဲယူသွားပြီး ပစ်ခိုင်းတယ်။ ညီအစ်ကိုနှစ်ယောက် ဆွဲယူသွားပြီး အမှိုက်ပုံကို ပစ်၊ ပြန်လှည့်ပြီး ကားလမ်းအကူး ကိုယ်ကတော့ လမ်းကူးနေကျအတိုင်း သွက်သွက်ပြေးကူးလိုက်ပေမယ့် နောက်က ပါလာတဲ့ညီငယ်က ဘယ်လိုဖြစ်တယ် မသိ။ “ဒုံး“ဆိုတဲ့ အသံကြားပြီး ကားတိုက်သံ၊ ကတ္တရာလမ်းမပေါ် ညီငယ် သုံးလေးပတ် လိမ့်သွားတာတွေဟာ စက္ကန့်ပိုင်းလေးအတွင်းဖြစ်သွားခဲ့ပါတယ်။ ကလေးကို နတ်စောင့်တယ် ပြောမလား၊ သေဖို့ကံ မပါသေးဘူးပြောမလား ညီငယ်ဟာ ကံကောင်းလို့ မသေတာဖြစ်တယ်။

ရန်ကုန်မှာ အယ်ဒီတာလုပ်ခဲ့တုန်းကလည်း အလုပ်မှာ ညဥ့်နက်သန်းခေါင်ကျော်တဲ့အထိ အလုပ်လုပ်၊ ခဏလေးမှေးစက်ကြပြီး နောက်တစ်နေ့မနက်ရောက်တော့ မနက်စာအဖြစ် ထမင်းကြော်ဆိုင်ကို ထမင်းကြော်စားဖို့အသွား ကားလမ်းအကူး မီးပွိုင့်မှာ ရပ်နေတဲ့ကားတွေကြားထဲအဖြတ် ကိုယ်က ခေါင်းပြူပြီး ကားလာ မလာကြည့်တုန်း၊ ကိုယ့်ဘေးက ယှဉ်လျှက်ရှိနေတဲ့ လုပ်ဖော်ကိုင်ဖက်က စကားတပြောပြောနဲ့ လောပြီး လမ်းအကူး “ဒုံး“ ဆို မြည်ပြန်ပါရော။ သုံးလေးပတ်လောက် လည်ပြီး ကတ္တရာလမ်းပေါ် ကျပြန်တယ်။ သူလည်း ကံကောင်းလို့ မသေတာပါပဲ။

ပြောချင်တာကတော့ သတိလွတ်လို့ကတော့ ပေါ့ပေါ့နေလို့ကတော့ သေမင်းက လက်တစ်ကမ်းမှာ အမြဲရှိနေတယ်ဆိုတာပါပဲ၊ ကမ္ဘာပျက်မှ သေနိုင်တာမျိုး မဟုတ်ပါဘူး။ ကြားကာလထဲမှာပဲ သာမန် မီးလောင်၊ ရေကြီး၊ ငလျင်လှုပ်၊ တိုက်ပြို၊ လေမုန်တိုင်းတိုက်လို့ သေနိုင်ပါတယ်။ နေ့စဉ်လည်း အဲဒီလိုသေနေတာတွေ နိုင်ငံတကာသတင်းတွေမှာ အမြဲလိုကြားနေကြည့်နေရပါတယ်။

ကမ္ဘာကိုပတ်ကြည့်လိုက်ရင် နေ့စဉ်ဆိုသလို ငတ်လို့ သေတယ်၊ ရောဂါဆိုးတွေရပြီး သေတယ်၊ အယူအဆအလွဲတွေကို အမှန်လို့ လက်ခံယုံကြည်ပြီး မလုပ်သင့်တာ တွေလုပ်လို့ သေတယ်၊ စစ်ကြောင့် တိုက်ပွဲတွေကြောင့် သေတယ်၊ မနေချင်လို့ သေတယ်။ အို သေပုံများ ဆန်းလို့စုံလို့ တချို့များဆို ကမ္ဘာပျက်တဲ့အထိတောင် စောင့်မနေကြတော့ပါဘူး။

ကမ္ဘာက ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဖြစ်လာခဲ့ပြီးပြီဆိုတော့ အနှေးနဲ့အမြန်တော့ ပျက်ရမှာပါပဲ၊ ဘယ်အရာမှ အကြာကြီး မဟုတ်ဘူးဆိုတာ သိရင် ကမ္ဘာပျက်မဲ့ကိစ္စကလည်း အဆန်းမဟုတ်ပါဘူး၊ အခုတောင် ကမ္ဘာက အရင်ထက်စာရင် ပူတိုက်၊ အေးလိုက်၊ နှင်းကျလိုက်၊ မိုးရွာလိုက်၊ ရေကြီးလိုက်၊ မိုးခေါင်လိုက် ထင်သလို ဖြစ်နေတာများ ကိုယ်တွေ့ရင်ဆိုင်ကြုံနေရတာပဲ ဥစ္စာ။

ပြန်ချုပ်ရရင်တော့ 2012 ရုပ်ရှင်ကားဟာ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တာရယ်၊ ကြော်ငြာကောင်းလို့ ကြည့်ချင်တာရယ်၊ ကမ္ဘာပျက်မယ် ဆိုတာကို အမေရိကန်တွေက သိပ္ပံပညာရှုထောင့်ဘယ်လိုပုံဖော်တင်ပြသလဲဆိုတာတွေကို ကြည့်ချင်လို့ကြည့်တာထက်တော့ မပိုပါဘူးလို့ဆိုချင်တာပါပဲ။ မယုံရင်တော့ အခွေငှား(၀ယ်)ပြီးပဲဖြစ်ဖြစ်၊ ရုံသွားပြီးပဲဖြစ်ဖြစ် ကြည့်ကြည့်ပေါ့ဗျာ။

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်၊ နံနက် ၂ နာရီ။