ပြောရရင်တော့ ရယ်စရာတွေ ပါကုန်မှာ သေချာပါတယ်၊ မလိုနာသူတွေကတော့ ပေါတယ်လို့ပဲ ပြောမှာပါပဲလေ။ ဟုတ်လည်းဟုတ်နေတော့လည်း ရယ်နေရုံ။

လန်ဒန်မှာက ရန်ကုန်ထက်အေးလေတယ်၊ ဒါပေမယ့် မခံနိုင်ရုံအထိတော့ ဒီဂရီက မပြင်းသေးပါဘူး။ ကိုယ့်ရှေ့က ရောက်နှင့်နေကြတဲ့ ကိုကို၊ မမတွေကတော့ ခဏနေတော့ မောင်ရင်ထိပြီပေါ့ကွယ်(ကွာ)လို့ ပြောကြတော့ “အေးဆေးပါ၊ လူများ တောသားမှတ်“လို့ စိတ်ထဲ ပြန်ပြောမိခဲ့တယ်။

ခဏနေတော့ ဘာလုပ်တယ်ထင်ပါသလဲ၊ ကိုယ့်မျက်နှာအချောအလှလေး အသားပက်ပြီး အသားအရေပျက်စီးမှာစိုးလို့ ပိုက်ဆံတွေအကုန်ခံပြီး မမတစ်ယောက်အကူအညီနဲ့ ပြင်သစ်ပြည်လုပ် ကရင်မ်တွေ လိမ်းတော့တာပါလား၊ ခဏနေပြန်တော့ တစ်မျိုးကြံပြန်တယ်၊ ကရင်မ်တွေ လိမ်းရင် ကြာလာရင် ပိုက်ဆံကုန်မယ်၊ အသားအရေကို ကာကွယ်နိုင်ပြီး မကုန်တဲ့နည်း ကြံစမ်းကွာ။

ဟား ဟား၊ နှုတ်ခမ်းမွေး(မွှေး မဟုတ်)၊ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေး(ပါးသိုင်းမွေး) ထားလိုက်ရင် ကြာလာတဲ့အခါ အသားအရေကို အမွေးအမှင်(အမျှင် မဟုတ်) တွေက ကာကွယ်လိုက်တော့ အသားအရေ ခမ်းခြောက်တာ၊ လေအေးတိုက် လေစားတာ ကြမ်းထော်တာ မဖြစ်တော့ဘူး၊ နာကလည်း ပျင်းပျင်းရှိသမို့ ခဏ ခဏ မရိတ်ရတော့ဘူးဆိုပြီး အမြော်အမြင်ကြီးမားလှစွာနဲ့ မျက်နှာတလျှောက် အမွေးအမှင်တွေကို စတင်ထားရှိလိုက်ပါတော့တယ်။

ဒီလိုနဲ့ပဲ တစ်လ၊ တော်တော်များလာပြီ။ ရန်ကုန်တုန်းကလည်း တစ်လလောက်အထိ၊ တစ်လသာသာလောက်အထိ ထားဖူးတာမို့ အဆန်းမဟုတ်။

နှစ်လ၊ တော်တော်ကြီးရှည်လာပြီ။ ကုလားကြီးတစ်ယောက်လောက်ကို ဖြစ်လာပြီ။ ရုံးက ခင်သူတချို့ကလည်း ဘာသာတရားများ ပြောင်းလဲ လိုက်စားလေသလား လို့တောင် ရုပ်ဖမ်းသံဖမ်း(ရိပ်ဖမ်းသံဖမ်း မဟုတ်) လုပ်လာကြပြီ။ ရုပ်ကြည့်ပြီး ဝေဖန်မှတ်ချက်ပြုတာကို ဆိုလိုပါတယ်။

မဟုတ်ရေးချ မဟုတ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်၊ ကိုယ့်အကြံအစည်နဲ့ကိုယ်ဆိုတော့ ပြုံးရွှင်တဲ့မျက်နှာပေးလေးနဲ့ပဲ လျှို့ဝှက်နက်နဲတဲ့ပုံ၊ ပဟေဠိဆန်တဲ့ဟန် လုပ်ထား လိုက်ရတယ်။

သမိုင်းကြောင်းပြန်လှန်

ကိုယ့်နှုတ်ခမ်းမွေးအကြောင်းကို ပြန်စဉ်းစားကြည့်မိတော့ ၁၉၉၂ ခုနှစ် (၁၆ နှစ်သား) လောက်က စတာပေါ့၊ အဲဒီတုန်းက ကိုယ်က ၁၀ တန်း၊ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကနေ ၉ တန်း၊ ၁၀ တန်းရောက်တဲ့အထိ ရှင်သန်ကျင်လည် ပညာသင်ကြားရာ ကျောက်မြောင်းရပ်ကနေ ၁၀ တန်းဆိုတဲ့ စာမေးပွဲကြီး တစ်နှစ်တည်းနဲ့ အောင်မြင်သွားဖို့ ရန်ကုန်မြို့လယ်က နာမည်အကြီးဆုံး ကျူရှင်ဆရာတွေသင်တဲ့ ကျူရှင်တွေမှာ အမေ့အစီအစဉ်နဲ့ တစ်ပတ်တစ်ခါ ဆိုသလို လှည့်လည်သင်ကြား နေချိန်က စခဲ့သကိုးဗျ။

လွစ္စလမ်း(ဆိပ်ကမ်းသာလမ်း)အောက်ဘက်မှာတဲ့ ဆရာဦးသိန်းဆွေ ဓာတုဗေဒကျူရှင်မှာ တက်တော့ ဒီလိုပဲ ကြာတဲ့အခါ ရန်ကုန်အရပ်ရပ်က လာတက်ကြတဲ့ ဘော်ဒါအုပ်စုလေးတစ်စုဖြစ်လာတာပေါ့။ ကျူရှင်ကို နည်းနည်းစောရောက်တတ်တဲ့ ကိုယ်တို့ သုံးလေးယောက်အုပ်စုက အရှေ့က ကျူရှင်တစ်တန်း မလွှတ်သေးတဲ့ အခါ ဆရာ့ကျူရှင်ရှေ့က ရ-၀-တ ရုံးရှေ့မှာ စောင့်ရတာပေါ့။

အဲဒီမှာ နှစ်ကျအစ်ကိုကြီးတစ်ယောက်နဲ့ ဆုံပါတယ်၊ ကုလားကပြားပါပဲ၊ ၁၀ တန်းကို ၁၀ နှစ်လောက်ဖြေနေပုံရတဲ့သူက နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး၊ ပါးမုန်းမွေး(ပါးသိုင်းမွေး)တွေနဲ့ တော်တော်ကြည့်ကောင်း ပါကလားလို့ ထင်မိတယ်။ ယောက်ျားပီသတယ်လို့လည်း ထင်တယ်။ အစ်ကိုကြီးက ဗလတောင်တောင့် မဟုတ်ပေမယ့် ခပ်ဖြောင့်ဖြောင့် အစားထဲကလို့ ဆိုရပါမယ်၊ မုတ်ဆိတ်တွေရှင်းနေအောင် ရိတ်လာလည်း ကြည့်ကောင်းတယ်၊ အသားလတ်သူဆိုတော့ ပါးမုန်းမွေးလေးတွေက မိုးတွင်းမှာထွက်တဲ့ ရွက်နုသစ်လေးတွေလို စိမ်းစိုနေတာပါပဲ။ အဲ…သူ မအားလို့လား၊ အချိန်မရလို့လား မသိ၊ အမွေးအမှင်တွေ မရိတ်လာနိုင်ဘဲ ကျူရှင်လာခဲ့ရင်လည်း အဲဒီအမွေးအမှင်တွေနဲ့ သူ့မျက်နှာဟာ ကြည့်ကောင်းနေတာပါပဲ။

လူငယ်ဆိုတာ တလွဲဆံပင်ကောင်းတတ်တယ်၊ တလွဲအားကျတတ်တယ်။ စာအကြောင်း ဆွေးနွေးမယ်၊ ဆရာသင်တာတွေ နားလည်လား၊ နားမလည်ဘူးလား၊ ဘာ တော့ ကျက်ပြီးပြီဆိုတာမျိုးထက် မဟုတ်ကဟုတ်ကကို ပိုစိတ်ဝင်စားတတ်တယ်၊ အဲဒီအချိန်ကတော့ စာကလွဲလို့ အကုန်စိတ်ဝင်စားတဲ့အချိန်ပါ၊ ကျောက်မြောင်းရပ် ကနေ မြို့ထဲလာရသူဆိုတော့ အင်မတန်လည် အင်မတန်တတ်လုပ်ချင်တာကိုးဗျ။ အဲဒီတုန်းက ကျောက်မြောင်းဘက်ကလည်း အခုလောက် မဟော့သေးတော့ မြို့ထဲလောက်ကမှ အမြင်ဆန်း အသွင်ဆန်းတွေ တွေ့ရတတ်တာကိုးဗျနော်။

ဘာဖြစ်လို့မှန်းမသိ၊ အဲဒီတုန်းက မြို့ထဲက ကောင်မလေးတွေ အလွန်လှတယ်ချည်း ထင်မိတာပဲ၊ နောက်ပိုင်းကျတော့လည်း ကျောက်မြောင်းဘက်က မော်ဒယ်လ် တွေ၊ မင်းသမီးတွေ ထွက်ကြ၊ နေကြတဲ့နေရာဖြစ်သွားပါလေရော။ ထားပါတော့၊ လိုရင်းပြန်ဆက်ရရင် ကိုယ်က ၁၆ နှစ်၊ အင်မတန် လူကြီးဖြစ်ချင်နေပြီ၊ လူငယ် ဘ၀ကို စိတ်ကုန်စ ပြုနေပြီ (အခုတော့ အဲဒီအချိန်ကို ပြန်သွားချင်ပြန်ရော၊ ခက်တယ်နော်၊ လူ့အလို နတ်မလိုက်နိုင်ဆိုတာ ဒါမျိုးဖြစ်မယ်)၊ အဲဒီတော့ ငါ့မှာ ဒီအစ်ကိုကြီးလိုသာ မျက်နှာမှာ အမွေးအမှင်တွေရှိရင် တော်တော်ခန့်မှာလို့ တွေးမိတယ်။

ဒီတော့ ဘာလုပ်တယ်ထင်ပါသလဲ၊ ဂျာနယ်လစ်ဥာဏ်က အဲဒီတည်းက ပါတယ်ထင်ပါရဲ့။ “အစ်ကိုကြီး၊ အစ်ကိုကြီးက ရေလည်မိုက်တယ်ဗျ၊ ပါးသိုင်းမွေးတွေနဲ့ တော်တော်ချောတယ်၊ ကျွန်တော်တော့ အဲဒီလို ပါးသိုင်းမွေးတွေနဲ့ဆို တော်တော်ခန့်တယ်လို့ ထင်တယ်ဗျ၊ လုပ်စမ်းပါ အဲဒီလိုအမွေးတွေထွက်အောင် ဘယ်လို လုပ်ရသလဲ“။ ဟဲ ဟဲ၊ နည်းနည်းမြှောက်ပြီး ဗျူးရတာပေါ့ဗျာ။

အစ်ကိုကြီးက စိတ်ပျက်တဲ့ မျက်နှာပေးနဲ့ (ဒီကောင်လေးကတော့ ခပ်ကြောင်ကြောင်ပဲဆိုတဲ့ အထာနဲ့လို့ ဒီဘဲကြီး တွေးပုံရတယ်လို့ အဲဒီတုန်းက ကိုယ်က ထင်ခဲ့မိတယ်၊ တကယ်က အဲဒီတုန်းက သူက တကယ်စေတနာရှိနေတာကိုး၊ ကိုယ်ကမသိခဲ့) “မလှပါဘူးကွာ၊ မလုပ်ချင်စမ်းပါနဲ့၊ အလုပ်ရှုပ်ပါတယ်၊ အမြဲသန့်ရှင်းနေရတာကွ၊ မမိုက်ပါဘူး“လို့ ပြန်ပြောခဲ့ပါတယ်။ ကိုယ်ကတော့ အဲဒီအချိန်က စွတ်ကြိုက်နေတဲ့သူဆိုတော့ “လုပ်စမ်းပါ၊ နည်းရှိရင် ပြောစမ်းပါဗျာ“လို့ ထပ်ပူဆာတော့ “ငါတို့တုန်းကတော့ အမွေးသန်ချင်လို့ ခဏ ခဏ ရိပ်ရတာပဲ၊ နောက်ပြီး ရိတ်ပြီးရင် ကြက်သွန်နီကို ထက်ခြမ်း ခြမ်းပြီး ပွတ်ပေးရတယ်“ လို့ အစ်ကိုကြီးက အတည်လား၊ နောက်တာလားတော့မသိ ပြောပြခဲ့တာကို ကိုယ့်မှာတော့ တကယ်အဟုတ် လိုက်လုပ်ခဲ့ဖူးကြောင်းပါ။

ဗီဇလေးလည်း ပါပါမှ

အမွေးအမှင်ရှိတယ် များတယ်ဆိုတာက ဗီဇလေးကလည်း လိုသေးတာကလား၊ ကိုယ်က ဗီဇကတော့ ပါလာတယ်လို့ ပြောရမှာပေါ့။ အဖေ့ဘက်ကတော့ မဟုတ်၊ အမေ့ဘက်က ပါလာတာပါ။ အဖေကတော့ ဗမာအစစ်မို့ မျက်နှာမှာ နှုတ်ခမ်းမွေးလောက်နဲ့ မုတ်ဆိတ်နည်းနည်းလောက်ပဲ ပေါက်ရှာပါတယ်။

အမေ့အဖေကတော့ အိန္ဓိယ-ပါကစ္စတန်နယ်စပ် ပန်ဂျပ်ပြည်ကနေ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကျိုက်ထိုမြို့ကို လာရောက်ခဲ့တဲ့ ဆစ်ခ်ပန်ချာပီမို့ ခေါင်းပေါင်းထုပ်၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး အရှည်တို့နဲ့ အလွန်ထောင်းမောင်းတဲ့ လူကြီးတစ်ဦးဖြစ်ပါတယ်။

ကျိုက်ထိုမှာ အဖွားနဲ့အိမ်ထောင်ကျ၊ ရန်ကုန်တက်လာပြီး အမေ့ကိုတော့ ရန်ကုန်မှာပဲ မွေးတာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်က မျိုးဗီဇဆင့်ခုန်ကျော်လို့ အဖိုးဆီကနေ အရပ်ထောင်မောင်းတာနဲ့ အမွေးအမှင်ကို ရလိုက်တယ်လို့ ပြောရပါမယ်။ အဖေ့လိုဆို ကိုယ့်ဆန္ဒ ပြည့်မီမှာမဟုတ်ပါဘူး။

ကိုယ့်တသက် အဖေ့ကို နှုတ်ခမ်းမွေးအရှည်နဲ့ တစ်ခါလားပဲ တွေ့ဖူးခဲ့ပါတယ်။ မျိုးဗီဇကို အဖိုးဆီက မြေးဦးကပဲ အကုန်လုံးလောဘတကြီး ယူလိုက်သလားတော့ မသိပါဘူး။ ညီငယ်ကျတော့ အဖေ့လောက်တောင် မျက်နှာမှာ အမွေးအမှင်မများဘူးလို့တောင် ပြောလို့ရပါတယ်။

သားလေးမှာ စိတ်ရောဂါ ရှိရှာတယ်

၁၀ တန်းလောက်ကတည်းကနေ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတွေ ခပ်ထူထူနဲ့ လူကြီးပုံဖမ်း လူကြီးလုပ်ချင်ခဲ့ပေမယ့် အမွေးအမှင်က အများကြီးတော့ မသန်ခဲ့ပါဘူး၊ တစ်လတခါလောက်တောင် ရိတ်မနေရပါဘူး၊ ဒါပေမယ့်လည်း အမွေးအမှင်သန်ချင်တော့ အစ်ကိုကြီးပြောတဲ့အတိုင်း ခဏ ခဏတော့ ရိတ်ကြည့်ခဲ့တာပါပဲ။

သူ့အချိန်ရောက်တော့ အမွေးအမှင်သန်လာတာပေါ့လေ၊ အရင်တစ်လမှ တစ်ခါလောက်ရိတ်ရတဲ့ မျက်နှာက အမွေးအမှင်က ၃ ရက်တစ်ခါ ၄ ရက်တစ်ခါ ဆိုသလို ရိတ်လာရပြီ၊ ဒါနဲ့တောင် လောဘက အတော်မသပ်နိုင်သေးဘူး၊ မနက်တိုင်းရိတ်ရတာကွလို့ ပြောတဲ့သူငယ်ချင်းတွေ တွေ့ရင် လေးစားအားကျမိတုန်း၊ နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားတွေထဲ မင်းသားက ရေချိုးခန်းထဲ မုတ်ဆိတ်ရိတ်ခန်းပါရင် အားကျငေးမောစိတ်နဲ့ ကြည့်လို့မ၀ဖြစ်တာပေါ့လေ၊ ရူးသွပ်တာများ ပြောပါတယ်။

တပြိုင်နက်မှာပဲ အမွေးအမှင်ကို မရိတ်ဘဲ ထားကြည့်ချင်တဲ့စိတ်ကလည်း ဖြစ်ဖြစ်လာတတ်တယ်။ ဒါနဲ့ပဲ တစ်ခါတလေ သုံးလေးပတ်လောက် မရိတ်ဘဲ ထားကြည့်တယ်၊ သူငယ်ချင်းတွေက ရိတ်လိုက်စမ်းပါကွာ၊ ကြည့်မကောင်းပါဘူးလို့ပြောရင် “ဟာ..တော်တော် တောကျတာပဲ“လို့ အထင်သေးစိတ်နဲ့ တွေးလိုက်တတ်မိတယ်၊ တကယ်က ကိုယ်က တောကျနေတာပါ၊ ဒါပေမယ့် ပထမတော့ မသိသေးဘူး။ ဆက်ပြောပြပါ့မယ် ဘယ်လိုတောကျနေသလဲဆိုတာကို။

ကိုယ်က အမွေးအမှင်ထားတဲ့ နိုင်ငံခြားမင်းသားတွေ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ကြည့်ထားတာကိုး၊ မြန်မာမင်းသားတွေထဲမှာတော့ ဟိုဘက်ခေတ်ကဆိုရင် မောင်မောင်မြင့်က မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးနဲ့ တော်တော်ကြည့်ကောင်းတယ်၊ ဒါပေမယ့် ကိုယ်လုံးက လိုက်ဖက်အောင် ကြီးမနေတော့ မခန့်ဘူးဖြစ်နေတယ်။

ကောင်းကောင်းမမီလိုက်ပေမယ့် သိနေတာက ၀င်းဦး၊ ဇော်ခင်တို့ နှုတ်ခမ်းမွေး ထားတယ်၊ မြင့်နိုင်နဲ့ အံ့ကျော်တို့ကတော့ လူကြမ်းတွေမို့ထားတော့။ ခက်တာက အမွေးအမှင်တွေနဲ့ဆို လူဆိုးပဲ ဆိုတာကြီးကလည်း ရှိသေးတော့ နည်းနည်းတော့ ပြဿနာရှိနိုင်တာမို့ တွက်ဆရတယ်။

နောက်ပိုင်း ကျော်သူ တစ်ခါတခါ ထားတတ်တယ်၊ ကျော်ရဲအောင် ထားလာတယ်။ အဆိုတော်တွေထဲမှာတောာ့ ဇော်ဝင်းထွဋ်တို့၊ ရင်ဂိုတို့က မုတ်ဆိတ်မွေးတွေ တော်တော်ရှည်တဲ့အထိ ထားလာတယ်။ ဒီဘက်ခေတ်မှာဆို မော်ဒယ်လ် စိုင်းဘိုဘို၊ မင်းသား သူထူးစံ၊ ရဲတိုက်တို့အထိ ထားလာကြတယ်။

ကိုယ်ကတော့ သူတို့ အဲဒီလို ထားတာကို သဘောကျတယ်၊ ခန့်တယ် ဆွဲဆောင်မှုရှိတယ်၊ ယောက်ျားပီသတယ်လို့လဲ မြင်မိတယ်၊ မိန်းကလေးတွေရဲ့စိတ်ကို ကလိကလိဖြစ်အောင် အသည်းယားအောင်လုပ်နိုင်တယ်လို့ ထင်နေတာကိုး၊ မိန်းကလေးတော်တော်များများကတော့ အမွေးအမှင်ရှိတာကို သိပ်မကြိုက်လှတာကို နောက်ပိုင်းမှာ သိလာရတယ်။

ကိုယ်ကတော့ မင်းသားမှ မဟုတ်တာလေ၊ အမွေးအမှင်တွေထားလည်း မင်းသားတွေလိုတော့ ဘယ်လိုလုပ်ဆွဲဆောင်နိုင်မလဲ၊ စိုင်းဘိုဘိုလို ကြွေအောင်တော့ ဘယ်လိုလုပ် လုပ်နိုင်မလဲ။ မြင့်နိုင်တို့၊ အံ့ကျော်တို့၊ ဒီနေ့ခေတ် အောင်ခိုင်တို့ နေရာကို ရရင်တောင် ကံကောင်းလို့ ပြောရမယ်။

(မင်းသား၊ မင်းသမီး၊ စာရေးဆရာ စတဲ့ အနုပညာရှင်တွေ အကြောင်းရေးရင်၊ ခေါ်ရင်၊ ပြောရင် ဦး/ကို/မ စတာတွေ ထည့်စရာမလိုဘူးလို့ မှတ်သားဖူးတယ်၊ ရိုင်းတာ မဟုတ်ဘူး၊ ချစ်တာခင်တာကို ပြတာ၊ သူတို့ အမြဲတမ်းရှင်သန် နုပျိုနေတာကို ကိုယ်က လိုက်ပြောပေးတာ၊ သိပ်ခင် သိပ်ချစ်ကြတဲ့ အဒေါ်နဲ့တူမတွေကြည့်၊ နာမည်ရင်းပဲခေါ်ပြီး ပြောဆိုကြတယ်။ ဥပမာ စန်းစန်းမြင့်ဆိုပါတော့၊ စန်းစန်းပဲ ခေါ်တယ်၊ ငယ်ငယ်ကလည်း အဒေါ်ကို အမေက သူ့ညီမမို့ စန်းစန်းလို့ ခေါ်တာကို တူမကလည်း စန်းစန်းလို့ လိုက်ခေါ်တယ်၊ ကြီးလာတော့လည်း အဲဒီအတိုင်းဆက်ခေါ်တယ်၊ အဒေါ်နဲ့တူမ ပိုရင်းနှီးကြတယ်၊ အဒေါ်က အမြဲနုပျိုနေတယ်)

ကိုယ်က အမွေးအမှင်ထားတာကို ဘယ်လောက်ကြိုက်ကြိုက် အမေကတော့ မကြိုက်ဘူး။ ဒါပေမယ့် သူ့သားကြီးက အသက်ကလည်း ၃၀ ကျော်နေပြီဆိုတော့ သိပ် မပြောတော့ဘူး၊ မကြိုက်တာတော့ မကြိုက်ဘူးနော်၊ ဒါပေမယ့် အမေက လိုတာထက် စကားပိုမပြောတတ်တော့ မပြောတော့ဘူး။

ပြောမယ့်ပြောတောလည်း တည့်တည့်ပဲ ထိအောင်ပြောထည့်လိုက်တော့တယ်၊ ငါ့သားလေးက စိတ်ရောဂါရှိသတဲ့။

အဖြစ်ကဒီလို…ကိုယ်က ခုနပြောသလို မျက်နှာမှာ အမွေးအမှင်တွေနဲ့ဆို ပိုခန့်တယ်ဆိုပြီး ထားတယ်၊ မြှောက်ပေးကြတဲ့ သူငယ်ချင်းတချို့ကလည်း ရှိသေးသကိုး၊ နောက်တစ်ခါ ကြာတော့ “အင်း…ထားရတာလည်း ကြာတော့၊ တော်ပါပြီကွာ၊ ရိတ်လိုက်တာပဲ ကောင်းပါတယ်“ဆိုပြီး ရိတ်လိုက်ပါရော။ စဉ်းစားကြည့်လေ၊ ကြမ်းပြင်မှာ အမှိုက်တွေ၊ ဆံနွယ်တွေနဲ့ ရှုပ်ထွေးနေပြီး တံမြက်စည်းလှည်းလိုက်ရင် မပြောင်သွားဘူးလား၊ မရှင်းသန့်သွားဘူးလား၊ ကြည့်မကောင်းသွားဘူးလား။

မျက်နှာမှာလည်း ဒီလိုပဲပေါ့လေ၊ အမွေးအမှင်တွေ ရိတ်လိုက်တော့ မျက်နှာက ပြောင်ရှင်းသွားတာပေါ့။ ကိုယ်က သုံးလေးပတ်ကြာ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး အရှည်ထားပြီး ရိတ်တယ်၊ ပြီးရင် ကိုယ့်မျက်နှာကို အမေ့ဆီထိုးပြလို့“မားမား ကြည့်၊ ကျွန်တော် မချောလား“လို့ မေးတတ်တယ်။ အမေက သူ့သားကို ကြည့်ပြီး ရယ်တယ်။

ပြီးမှ “ငါ့သားက စိတ်ရောဂါလေး ရှိပုံရတယ်“လို့ အေးအေးဆေးဆေး ပြုံးပြီးပြောတယ်။ “သူ့ဟာသူ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး မရိတ်ဘဲ အကြာကြီးထား၊ ပြီးတော့ တစ်ခါရိတ်ပြီး သူချောသွားပြီဆိုပြီး သူ့ဟာသူ ထင်ရှာတယ်၊ အေးအေး ချောပါတယ် သားလေးရယ်“ဆိုပြီး ပြောတယ်။

ကိုယ့်မှာတော့ စိတ်ဆိုးရအခက်၊ ၀မ်းသာရခက်နဲ့ တော်တော်ကြီးကို မအီမလည်ခံစားရတယ်၊ အင်း..ဟုတ်မှာပါ၊ “လူတိုင်းက အရူးချည်း၊ ပုထုဇနော ဥမ္မတ္တကော“လို့ ဘုရားဟောရှိသားလို့ ကိုယ့်ဘာသာ ရသေ့စိတ်ဖြေလုပ်ရပါတယ်။ မားမားကတော့ အဟုတ်တွယ်တယ်လို့လည်း ပြုံးဖြဲဖြဲ ပြန်လုပ်ရပါတယ်။

မှန်ရှေ့က မခွာနိုင်တယ်

အမေတင် မကြိုက်တာတော့ မဟုတ်ပါဘူး။ ကိုယ်တို့ ကိုးကွယ်တဲ့ ဆရာတော်ဘုရားကြီးကလည်း မကြိုက်ရှာပါဘူး။ တစ်ခါ ကိုယ်က ဘုန်းကြီးကျောင်း တစ်လ လောက်မရောက်ဘဲ နေပြီးမှ ရောက်သွားတော့ အဲဒီလိုပါပဲ၊ တစ်လလောက် မရိတ်သင်ထားတဲ့ အမွေးအမှင်နဲ့ဆိုတော့ ကုလားကြီးလိုဖြစ်နေတာပေါ့။

ဆရာတော်ကြီးက “အင်း၊ တပည့်ရာ…အရင်တုန်းက ရှေးမြန်မာကြီးတွေလည်း မင်းလိုပဲ နှုတ်ခမ်းမွေးကြီးတွေနဲ့ တင့်တယ်ခဲ့ပေါ့ကွာ၊ ဒါပေမယ့် လူလေးရေ…မင်းက အရွယ်ငယ်ငယ် ရှိသေးတာ၊ နုနုပျိုပျို နေစမ်းပါကွာ၊ ရိတ်ပစ်လိုက်စမ်းပါကွာ“လို့ ချိုချိုသာသာနဲ့ တပည့်နားဝင်အောင် ပြောပြီး ဆုံးမ ဖူးပါတယ်။

ကိုယ်ကတော့ ငယ်သူမို့ မသိပါပေါ့၊ တအား လူကြီးဖြစ်ချင်နေခဲ့တာကိုး၊ လူကြီးဘ၀မှာ တွေ့ရမယ့် ပရိယာယ်တွေ၊ အလှည့်အဖြား၊ အကွေ့အကောက်တွေကို လည်း မသိရှာသေးကိုး။ လူကြီး မိဘ ဆရာသမားတွေက ကြိုသိနေတော့ မေတ္တာလေးထား၊ ဆုံးမပေးရှာခဲ့တာကို အမှတ်ရမိတယ်။ ဒါပေမယ့် “မစင်က လောက်၊ မစင်မှာ ပျော်“ ဆိုသလို ဒီအမွေးအမှင် သံယောဇဉ် ဘယ်လိုဖြစ်တယ်မသိ၊ ထားချင်တဲ့စိတ် ဖျောက်အားမရနိုင်တယ်ဖြစ်ရပါတယ်။

အခုတော့ နှစ်လကျော်၊ သုံးလတွင်းထိ အမွေးအမှင်ကို မရိတ်သင်ဘဲ ထားလာတော့ ဒါတွေကို ပိုလို့တောင် သံယောဇဉ်ဖြစ်လာခဲ့တယ်၊ အလကားထွက်နေတဲ့ ကိုယ့်အမွေးအမှင် ကိုယ်မရိတ်ရက်ဖြစ်နေတယ်၊ မနက်ထလိုက် မှန်လေးကြည့်လိုက်၊ အားတဲ့အခိုက် နားတဲ့အခိုက် မှန်ရှေ့ထိုင်လိုက်၊ နှုတ်ခမ်းမွေးဆွဲလိုက် မုတ်ဆိတ်မွေးပွတ်လိုက်နဲ့ မျက်နှာအိုက်တင် အမျိုးမျိုး လုပ်လို့ စတိုင်ထုတ်နေတာများ တစ်ခါတခါ မားမားပြောသလိုများ နာ တကယ်ဖြစ်နေသလားလို့တောင် ကြောက်ကြောက်လန့်လန့် တွေးတတ်ခဲ့တယ်။

ရုံးက မမတွေ၊ ကိုကိုတွေကလည်း အားမပေးပါဘူး၊ အားမပေးတဲ့အပြင် ခြိမ်းတောင်ခြောက်လိုက်ပါသေးတယ်၊ “မောင်ရင်ကလေး…ဒီတိုင်းပြည်က အကြမ်းဖက် သမားတွေကို တိုက်ဖျက်နေတာနော်၊ မောင်ရင့်ပုံကလည်း အကြမ်းဖက်သမားပုံပေါက်နေတယ်၊ လမ်းမှာ တစ်ခါလောက် အစစ်ခံလိုက်ရမှ မှတ်မဲ့ကောင်ကလေးပဲ“ လို့ ပြောကြဆိုကြပါတယ်။ ကိုယ်ကတော့“အို…စစ်မှပဲ ရိတ်တာပေါ့ကွာ၊ စစ်တော့လည်း ဘာအရေးလဲ၊ ကိုယ်မှ အမှား မလုပ်တာ“လို့ လူငယ်လေးမို့ ခုခံအတွေး တွေ တွေးတတ်ပါတယ်။

ဖေ့စ်ဘုတ်ဆိုတဲ့ လူမှုကွန်ရက်ထဲမှာ မုတ်ဆိတ်နဲ့ ကိုယ့်ပုံကိုတင်ပြီးသကာလ ကြွားလုံးထုတ်မိတော့လည်း “ဘုရား“တသူတ၊ “အကြမ်းဖက်သမားနဲ့ အမျိုးတော်သူပါပေပဲ“လို့ ဆိုသူဆို၊ “ထွက်ပြေးသွားသူတစ်ယောက် ပြန်ပေါ်လာပေသကိုး“လို့ နောက်သူနောက်နဲ့မို့ တကယ်စိန်ပိတ်(စိတ်ပိန်)ရပါတယ်။

“အို..အများမထောက်ခံလဲ ဘာအရေးလဲကွာ၊ ကိုယ့်အကြောင်းကိုယ်သိပြီးပေတာပဲ၊ ကိုယ်ကလည်း အများသူငါလို ကြမ်းကြမ်းတမ်းတမ်းကြီး မဟုတ်၊ ယဉ်ယဉ်ကလေးဥစ္စာ“လို့တွေးရင်း စိတ်ဖြေလိုက်ရကြောင်းပါ။

ခရစ္စမတ်ဘိုးဘိုး လုပ်ပြီးရင်ဖြင့်

ရုံးက အစ်ကိုတစ်ယောက်ကတော့ ကိုယ့်ကိုအတော်လေးခင်သူမို့ “မင်းကွာ၊ ထားချင်လည်း သေချာထားစမ်းပါ၊ သပ်သပ်ရပ်ရပ်လေး လုပ်ပေါ့၊ အခုဟာက ဖြစ်ချင် သလိုဖြစ်ပြီး တောထနေတာပဲ၊ ညစ်ပတ်လိုက်တာ“လို့ တွယ်ပါတော့တယ်။ “မော်ရင်ဟို (ယခင် ချယ်လ်ဆီးနည်းပြ၊ အခု အင်တာမီလန်နည်းပြ) လိုထားမလား၊ သေချာလုပ်စမ်းပါ“ဆိုပြီး ပြောဆိုလာပါတယ်။

အပေါ်မှာပြောခဲ့တဲ့ တောကျတယ်ဆိုတာ ကိုယ်က သူတို့ကို တောကျတယ် ထင်ခဲ့တာပါ၊ လန်ဒန်မြို့တော်ကြီးမှာနေပြီး ဒီလိုအမွေးအမှင်ထားတဲ့ကိစ္စကို ဘာကြောင့် ဒီလောက်များ သည်းသည်းသန်သန်ကန့်ကွက် ပြစ်တင်နေရသလဲပေါ့။ ဘရပ်ပစ်လို ကမ္ဘာကျော်ရုပ်ရှင်မင်းသားတွေ၊ ဒေးဗစ်ဘက်ခမ်းလို ကမ္ဘာကျော်ဘောလုံး သမားတွေ၊ လူလာ ဒါဆေးလ်ဗားလို ကမ္ဘာကျော်နိုင်ငံ့ခေါင်းဆောင်တွေ အကုန်လို နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေ ထားနေတာကို တွေ့ပါရက်နဲ့ ခပ်ချောချော ကိုယ့်မောင်တစ်ယောက်၊ ညီတစ်ယောက် အမွေးအမှင်ထားတာကို ဘာကြောင့်များ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင် မလုပ်နိုင်တာလဲလို့ ကိုယ်ကတွေးထားခဲ့တာ ကိုး။

အခုမှ ခုနအစ်ကိုကြီးပြောမှ ကိုယ်က လန်ဒန်ရောက်တောသားလေး ဖြစ်နေတာကိုး၊ ဒီမှာက နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးထားကြတာတော့ ဟုတ်တယ်၊ ဒါပေမယ့် ကိုယ်ထားသလို ပစ်စလက်ခတ်ထားတာမျိုး မဟုတ်ဘူး။ သေချာထားရတာကိုး၊ အမွေးအမှင်ရိတ်ရတဲ့ စက်ကတောင် တန်ဖိုးအားဖြင့် ပေါင် ၄၀/၅၀ ကနေ ၁၀၀ ကျော်အထိ ပေးရတာကိုး။

ရန်ကုန်က ဆံသဆိုင်တွေသွားရင် စက်ကတ်ကြေး(အီလက်ထရောနစ်ဆံညှပ်စက်)နဲ့ ကတုံးဆံတောက်ထိုးမယ်ဆို နံပါတ် ၀မ်းလား၊ တူးလား၊ သရီးလား ထိုးသလိုမျိုး၊ မုတ်ဆိတ်မွေးအတွက်လည်း စက်နဲ့ အဲဒီလို ထိုးရိတ်ပြီး သပ်သပ်ရပ်ရပ် ရွှိုင်းနင်းဂွိုင်းနင်း(အလှပြင်ခြယ်သ)အသေအချာ လုပ်ရတာကိုးဗျ။

အမေရိကန်ဗဟိုဘဏ်ဥက္ကဌ ဘန် ဘနခေးလို ထားမလား၊ အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းလို လုပ်မလား၊ ကမ္ဘာ့ပူပူနွေးနွေး ဟဲဗီးဝိတ်ချိန်ပီယံ ဒေးဗစ်ဟေးလ်လိုပဲ ဒီဇိုင်းထွင်မလားဆိုတာတွေကတော့ စဉ်းစားစရာပေါ့လေ။

အခုမှ သိတဲ့ တောသားလေးဟာ ခရစ္စမတ်နီးလို့ လျှော့ဈေးနဲ့ရောင်းပေးမယ်လို့ ကြော်ငြာလာတဲ့ မုတ်ဆိတ်ရိတ်ဓားပဲ ပြေးဝယ်ပြီး အနှီအနှီသော ပုဂ္ဂိုလ်တွေလို စတိုင်ထုတ်ရကောင်းမလားလို့ တွေးနေမိတော့တယ်။ မုတ်ဆိတ်ရိတ်ဓားကြော်ငြာကလည်း သင်းပါတယ်။ ခရစ္စမတ်မှာ မုတ်ဆိတ်နဲ့ကြည့်ကောင်းတာ တစ်ဦးတည်း ရှိပါတယ်တဲ့ဗျာ။ ကိုယ့်များ ဆိုလေသလားလို့ ယောင်ရမ်းတွေးမိပါသေးတယ်။ ယဉ်သေးသကိုးဗျနော်။

ဒါပေမယ့် အမေရယ်၊ ရုံးက ကိုကို၊ မမတွေရယ်ကို ကတိစကားပြောပြီး ဖြစ်တာကြောင့် လာမယ့်ခရစ္စမတ်အထိသာ မုတ်ဆိတ်တွေနဲ့ ရှိနေမှာဖြစ်ပြီး ခရစ္စမတ်လွန် နှစ်သစ်ကူးရင်ဖြင့် မျက်နှာက အမွေးအမှင်တွေကို ရိတ်ပယ်ပြီးသကာလ ကိုယ်ဟာ ခပ်ချောချော ပြန်ဖြစ်လာပြန်ကြောင်း မိခင်ကို ကြွားဖြစ်ဦးမှာ သေချာပါတယ်။

အမေကတော့ ပြုံးရယ်ရင်း ခေါင်းတညိတ်ညိတ်လုပ်နေမှာ မြင်ယောင်ပါသေးတော့။

ဆုံကြသေးတာပဗျာ။

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်။ နံနက် ၁ နာရီ ၁၁ မိနစ်။