မောင်တို့ ကွန်ပျူတာနဲ့ အကျိုးပေးပုံများကတော့ ငွေကုန်ပေါက်ပါပဲ၊ သင်ခန်းစာတွေလည်း တစ်ပွေ့တစ်ပိုက်နဲ့မို့ မှတ်လောက်သားလောက်လည်း ဖြစ်သွားပါတယ်၊ တရားသဘောနဲ့ဆင်ခြင်မိသလို ရယ်ချင်တာတွေလည်း တွေ့ခဲ့ရပါတယ်။ နောက်တစ်ခုသေချာ ထပ်သိလိုက်ရတာကတော့ သူ့အချိန်ကျ သူဖြစ်တာပါပဲ။ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန်ပျက်သဘောပေါ့။

နောက်တစ်ခု မောင်အမြဲတွေးဖြစ်တဲ့အကြောင်းကလည်း `ဘ၀ဆိုတာ ရေးပြီးသားစာတစ်အုပ်ကို လှန်ဖတ်နေတာလား` ဆိုတာကိုပါ။ ကြိုက်သလိုလုပ်၊ စိန်ခေါ်ပြီးလုပ်၊ အရူးအမိုက် လုပ်လည်း စာမေးပွဲမဖြေခင် အောင်စာရင်းကြိုထုတ်ထားသလိုမျိုး ဆိုတာကို ခဏခဏ သေသေချာချာတွေးဖြစ်ပါတယ်။ `ဟုတ်ပါတယ်၊ အဲဒီအတိုင်းပဲ`လို့ အပြတ် မပြောနိုင်ရုံတမယ်ပဲ ရှိပါတယ်၊ တော်တော်တော့ လက်ခံထားမိပြီးဖြစ်ပါတယ်။ မပျက်ပါနဲ့လို့တားလည်း ပျက်ချိန်တန် ပျက်ရတာပဲ မဟုတ်လားဗျာ။ မောင်ကကော ဘာများ တတ်နိုင်ဦးမှာလဲ။

(မောင်လို့ ကိုယ့်ကိုယ်ကိုယ် နာမ်စားသုံးတာက ကြိုက်လို့ပါ၊ နောက်ပြီး အဲဒါက ကော်ပီပါ၊ မူပိုင် မဟုတ်ပါဘူး၊ ညီ့သူငယ်ချင်းတစ်ယောက်က မိဘနဲ့ဖြစ်ဖြစ်၊ မွေးချင်းတွေနဲ့ဖြစ်ဖြစ် စကားပြောရင် အဲဒီလိုသုံးတာကို သဘောကျပြီး လိုက်သုံးဖို့ဆုံးဖြတ်လိုက်တာပါ။)

၁၉၉၃ ခုနှစ်၊ ၁၀ တန်းစာမေးပွဲဖြေပြီးကတည်းက သူငယ်ချင်းဖြစ်သူက ကွန်ပျူတာသင်ဖို့ ပြောပါတယ်။ သူငယ်ချင်းက အတန်းထဲက နံပါတ်တစ်(Role 1)ပါ။ မောင်က မင်းပဲ သင်ပါကွာ၊ မင်းက အလွန်တော်သူပါ၊ ငါက မင်းလောက်မတော်တော့ ငါနဲ့မလွယ်လောက်ပါဘူးဆိုပြီး မသင်ဖြစ်ခဲ့ပါဘူး။ ကွန်ပျူတာဆိုတာ အမြင့်ကြီး၊ အလွန်ခက်တဲ့ပညာဆိုပြီး ထင်မှတ်မှားခဲ့ဖူးပါတယ်။

ခဏနေတော့ သူငယ်ချင်းကတော့ တော်သူမို့ ကွန်ပျူတာဆရာဖြစ်သွားပါတယ်၊ ဟာ့ဒ်ဝဲပိုင်းကိုလိုက်ခဲ့တဲ့ သူငယ်ချင်းဟာ နောက်ခဏနေတော့ ကွန်ပျူတာတွေလည်း ပျက်ကြပြင်ကြရော လက်ဖျားငွေသီးခဲ့ပါတယ်။ တရုတ်သွေးပါတဲ့ သူငယ်ချင်းတို့ အကွက်မြင်ပုံများ ပြောပါတယ်။ အခုတော့လည်း အဲဒီသူငယ်ချင်းဟာ အိမ်ထောင်ကျ၊ ကလေး(ခပ်ဆိုးဆိုးသမီး)တစ်ယောက်ရနဲ့ ဆက်သွယ်ရေးမှာ အင်ဂျင်နီယာဖြစ်နေပြန်ပါတယ်။

တစ်ခါတလေတော့ ကိုယ်လည်း ၁၀ တန်းလောက် (၁၆၊ ၁၇ နှစ်လောက်)က အိမ်ထောင်ကျခဲ့ရင် ကံကောင်းမယ်ဆို အခုဆို ၁၀ တန်းအရွယ် သမီးလေး တစ်ယောက်လောက်တောင် ရနေမှာလို့ အူကြောင်ကြောင် တွေးဖြစ်ပါတယ်။ ဘာကြောင့်မှန်းမသိ၊ တစ်ခါတလေ အဲဒီအတွေး ပေါ်ပေါ်လာတတ်ပါတယ်။

၁၉၉၃ ခုနှစ်ကနေ ငါးနှစ်လောက်နေမှ ငါတော့ ကွန်ပျူတာသင်တန်း တက်မှဖြစ်မယ်ဆိုပြီး တွေးလာမိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဖတ်ရတဲ့စာတွေ၊ ကြည့်ရတဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေ၊ ကျောင်းက သူငယ်ချင်းတွေ၊ ရပ်ကွက်ထဲက ကောင်မလေးတွေ၊ အမေ့မိတ်ဆွေ သားသမီးတွေ စသဖြင့် ဖတ်ရှု၊ ရှုမြင်၊ လေ့လာ၊ စောကြောမိသလောက် တွေ့လာရတာက ကွန်ပျူတာသင်တန်းတက်ကြ၊ ကွန်ပျူတာအကြောင်း ဖတ်ကြလေ့လာကြနဲ့ဆိုတော့ ၁၉၉၈ မှာ အခြေခံကွန်ပျူတာ ပညာလို့ ဆိုကြတဲ့ စက်ဖွင့်နည်း၊ အခြေခံသုံးစွဲနည်းသင်တန်းကို စတက်ဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ ၁၉၉၉ ခုနှစ်မှာ ၀ါသနာပါရာ အလုပ်ဖြစ်တဲ့ ဘာသာပြန်အယ်ဒီတာ အလုပ်ကို စလုပ်ပါတယ်။ အဲဒီအချိန်က အိမ်လာလည်တဲ့ အမေ့မိတ်ဆွေတချို့ကတော့ အယ်ဒီတာအလုပ်၊ စာရေးတဲ့အလုပ်ကို မောင့်ရဲ့ ၀ါသနာတစ်ခုပဲလို့ထင်ပြီး အလုပ်တစ်ခုသေချာလုပ်ပါသားရယ်လို့ စေတနာထား မေတ္တာထား တိုက်တွန်းတတ်ကြပါတယ်။ အယ်ဒီတာအလုပ်ကို ၁၉၉၉ ခုနှစ်၊ ၂၀၀၀ ပြည့်နှစ်လောက်အထိကို လူမွှေးလူတောင် ပြောင်မဲ့အလုပ်လို့ လူတချို့က မထင်ကြသေးပါဘူး။

အယ်ဒီတာလုပ်တော့ ရုံးမှာ ကွန်ပျူတာကို နီးနီးကပ်ကပ်နေ့စဉ် တွေ့လာရပြီ၊ တစ်ခါတခါ ကိုင်တွယ် သုံးစွဲလာရပြီ။ စာစီစာရိုက်နဲ့ ဂရပ်ဖ်ဖစ် ဒီဇိုင်းဆရာတွေ ဒီဇိုင်းလုပ်တာကို ၀ိုင်းကူလုပ်ရင်း ကွန်ပျူတာနဲ့ ပိုပိုရင်းနှီးလာပြီ။ ကွန်ပျူတာကို ဒီထက်ရင်းရင်းနှီးနှီး ထိတွေ့ချင်လာပြီ၊ ဘာဖြစ်လို့လဲ ဆိုတော့ ရုံးမှာက အယ်ဒီတာချုပ်၊ အယ်ဒီတာတို့ဆိုတာက နည်းနည်းအဆင့်မြင့်တဲ့သဘောရှိတယ်။ စာရိုက်ချင်ရင် ရေးပြီးပေးလိုက်၊ ဒီဇိုင်းဆရာကို အကြံပေးချင်ရင် ဘေးကနေပြောလိုက်ဆိုတော့ ကွန်ပျူတာကို ကိုယ်တိုင် ကိုင်နေရတာမျိုးမဟုတ်ဘူး။

သူဌေးဖြစ်ပေမယ့် ကိုယ်တိုင်ကားမမောင်းရဘဲ ကားနောက်ခန်းကနေ ထိုင်လိုက်ရသလိုမျိုး ဖြစ်နေတယ်။ မောင်က ကားကိုယ်တိုင်မောင်းတဲ့ သူဌေးလိုမျိုး ကိုယ်တိုင်မောင်းချင်နေတာ လက်ကိုယားနေခဲ့ပြီ။ ခက်တာက အယ်ဒီတာချုပ်အပါအ၀င် ပါဝင်လှုပ်ရှားကြတဲ့ ဂျာနယ်အဖွဲ့ဝင်လူငယ်တွေက အတွေးအခေါ်တွေကသာ ဆန်းသစ်လွန်းပေမယ့် ရှေးက အယ်ဒီတာမင်းတွေလို စားပွဲကြီးမှာပဲ စတိုင်လ်ပါပါနဲ့ စာတွေချည်း လှိမ့်ရေးချင်တာမျိုးဆိုတော့ ကွန်ပျူတာဆိုတာ စာစီစာရိုက်နဲ့ ဒီဇိုင်းဆရာအတွက်သာဖြစ်ခဲ့ပါတယ်။ (အယ်ဒီတာတစ်ယောက် ကွန်ပျူတာတစ်လုံး မပေးနိုင်တာလည်း ပါချင်ပါမှာပေါ့လေ။)

အဲဒီတော့ လုပ်စရာက တစ်နည်းပဲရှိတော့တယ်၊ ကိုယ်တိုင်ဝယ်မယ်။ မားမားကို အတင်းအပူကပ်ပါတော့တယ်။ `မားမားရေ…ခေတ်ကတော့ နည်းပညာခေတ်ကြီး ဖြစ်သွားပြီဗျ၊ အိုင်တီခေတ်မှာ ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးမှ အိမ်မှာမရှိရင် မိုးဒီကြော်ငြာထဲပြောတဲ့ လိပ်ပက်လက်လှန်ထားသလို ယက်ကန်ယက်ကန်ဖြစ်မယ်၊ ကွန်ပျူတာတစ်လုံးတော့ဝယ်ပေးပါဗျာ`လို့ ပြောပြီး အနာဂတ်ကြိုမြင်တဲ့ ပညာရှိဟန်ထုတ်ပေမယ့် သားဆိုတော့လည်း တကယ်တမ်းတော့ အမေ့ကို ချွဲနွဲ့ပူဆာ ရပါတော့ တယ်။

အမေဟာ ကပ်စေးနဲပေမယ့် သားကြီးကို အင်မတန်အထင်ကြီးသူမို့ သူ့ဆရာသမားတွေ ပြောတာတွေထက်တောင် ယုံကြည်ပုံရပါတယ်။ ၂၀၀၀ပြည့်နှစ်မှာပဲ သူ့ရှိတဲ့ ရွှေတစ်ပိုင်းတစ်စလေးကိုပဲ ရောင်းချပြီး ကွန်ပျူတာဒက်စ်တော့တစ်လုံး ၀ယ်ပေးခဲ့ပါတယ်။ ၀င်းဒိုးက ME ထင်ပါတယ်။ သုံးသိန်းကျော်လောက်ပေးရပါတယ်။ နောက်ပိုင်းတော့ အဲဒီကွန်ပျူတာလေးနဲ့ပဲ ညီငယ်၊ ညီမငယ်တွေလည်း ကွန်ပျူတာတတ်သွားကြသလို အမေလည်း စာအုပ်တွေဘာတွေထုတ်နိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Window Xp ပေါ်တဲ့အခါ နောက်တစ်လုံးထပ်ဝယ်ပါတယ်။

လက်ပ်တော့ပ်ကိုတော့ အမေရိကသွားတုန်းက ၀ယ်ပါတယ်။ အမေပဲဝယ်ပေးတာပါ၊ လက်ပ်တော့ပ်ဝယ်ဖို့ ကန်ဒေါ်လာ ၅၀၀ သပ်သပ်ထည့်ပေးလိုက်ပါတယ်။ ဒီနေရာမှာ အမေ့ကို တစ်ခုကျေးဇူးတင်ရမှာက သားကို ယုံကြည်ခြင်းပဲဖြစ်ပါတယ်၊ ဒီသားဟာ မဟုတ်တာလုပ်မှာ မဟုတ်ဘူး၊ သူ တစ်ခုခုကို အားစိုက်လုပ်ချင်လို့ ဒီလိုတောင်းဆိုတာပဲဆိုပြီး ပုံအပ်ယုံမှတ်လိုက်တာပါ။ ဒီတော့လည်း သားဖြစ်သူမှာ ပြန်တာဝန်ရှိသွားပါတယ်၊ နောက်တီးနောက်ချာ မလုပ်ဝံ့တော့ပါဘူး။

ဘ၀ရဲ့ပထမဆုံးလက်ပ်တော့ပ်ကို အမေရိကရဲ့နည်းပညာမြို့တော် ဆီယက်တဲလ်က Best Buy မှာဝယ်ပါတယ်။ ကျောင်းသားတွေ ၀န်ထမ်းတွေ အားကိုးတဲ့ဆိုင်ပါ၊ ဈေးမှန်ပစ္စည်းကောင်းတွေရပါတယ်။ သူငယ်ချင်းရဲ့သူငယ်ချင်းက Lexus ကားနဲ့လိုက်ပို့ပြီး လိုက်ဝယ်ပေးပါတယ်။ ဘ၀မှာ ပထမဆုံး Lexus ကား စီးဖူးခြင်းပါ။ ၂၀၀၇ ခုနှစ်က ဖြစ်ပါတယ်။

ပါတဲ့ပိုက်ဆံနဲ့ကိုက်ပြီး ၀ယ်တော့ ငွေရောင် Sony Vaio NS စီးရီး တစ်လုံးရပါတယ်။ ၀င်ဒိုးက Vista ဖြစ်လာပါပြီ။ Build-in card reader ပါတာကို မသိတော့ သပ်သပ် ထပ်ဝယ်ပါတယ်။ လက်ပ်တော့ပ်သာ ၀ယ်တာပါ၊ တုံးပါသေးတယ်။ နောက် Microsoft wireless mouse တစ်လုံးဝယ်ပါတယ်။

တိုလီမိုလီတွေပါ ၀ယ်လိုက်တော့ ဘတ်ဂျက်ထက်ကျော်ပြီး ၆၀၀ ကျော်သွားပါတယ်။ ကိုယ်က ၅၀၀ ပဲ သုံးဖို့ ရည်မှတ်ထားသူဆိုတော့ လိုက်ပို့ပေးတဲ့ သူငယ်ချင်းက ၀ယ်သာဝယ်လိုက်ပါ၊ သူ ၁၀၀ မုန့်ဖိုးပေးမယ်လို့ပြောတော့ အလွန်ပျော်သွားပြီး တက်တက်ကြွကြွဖြစ်ခဲ့ပါတယ်။ မပြည့်စုံသူလေးမောင့်ကို သူငယ်ချင်းက ညစာ လိုက်ကျွေးခဲ့ပါသေးတယ်။

သူငယ်ချင်း ကျန်းမာချမ်းသာပါစေ။

လက်ပ်တော့သာ ၀ယ်လိုက်တယ်၊ ဒက်စ်တော့ပ်သာ ၀ယ်ဖူးသူမို့ ဆော့ဖ်ဝဲတောင်းမိတော့ သွင်းပြီးသား pre-installed လို့ အရောင်းစာရေးက ပြောပါတယ်။ ဟ..တယ်ဟုတ်ပါလားလို့ တွေးမိပါတယ်၊ ဘာမှတောင် လုပ်စရာမလိုတော့ဘူး၊ တန်းဖွင့်ရုံပဲဆိုတော့ မိုက်လိုက်တာလို့ တွေးမိပါတယ်၊ ဟိုတယ်ရောက်တာနဲ့ တန်းပြီး အင်တာနက်ချိတ်ရုံပဲဆိုပြီး အလွန်မြောက်ကြွမြောက်ကြွဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဟိုတယ်လည်း ရောက်ရော၊ လက်ပ်တော့ပ်အသစ်နဲ့ အင်တာနက် မချိတ်တတ်တာမို့ စင်ကာပူသားသူငယ်ချင်းကို အကူအညီတောင်းပြီး ကိုယ်ပိုင်လက်ပ်တော့ပ်နဲ့ အမေရိက က ဟိုတယ်မှာ အင်တာနက် မြိန်မြိန်ယှက်ယှက် သုံးခဲ့တာကို အမြဲသတိရနေပါတယ်။

အမေရိက က ၀ယ်လာတဲ့ လက်ပ်တော့ပ်လေးကို ကိုယ့်ရည်းစားလေးလို သဘောထားပြီး ကြင်ကြင်နာနာနဲ့ မထိရက်မကိုင်ရက် သုံးခဲ့ပါတယ်။ အဲဒီတုန်းက ရုံးမှာက ဒက်စ်တော့သုံးခွင့်ရတော့ ကိုယ့်လက်ပ်တော့ပ်လေးကို တစ်ခါတလေမှသာ အိမ်မှာသုံးဖြစ်ပါတယ်။ အိမ်က ဒက်စ်တော့ကြီး မဖွင့်ချင်တဲ့အခါမျိုးမှာပေါ့။

ရည်းစားလေးက ကိုယ်က ဘယ်လောက်ပဲ ကြင်နာကြင်နာ၊ သူကတော့ သစ်စိမ်းချိုးချိုးပါတယ်။ (တကယ်တော့ သစ်စိမ်းချိုးချိုးတယ်ဆိုတာကို မြန်မာအဘိဓာန်က ရုတ်တရက်မညှာမတာ အဆက်ဖြတ်သည်လို့ အဓိပ္ပာယ်ဖွင့်ဆိုပေးပေမယ့် အတွေ့အကြုံအရတော့ သစ်စိမ်းချိုးချိုးတာက ခက်ပါတယ်၊ သစ်ခြောက်ချိုးတာကမှ ထောက်ကနဲနဲ့ ကျိုးတာပါ)

လက်ပ်တော့ပ်လေးက ဘာမှလည်း သေသေချာချာ လုပ်ပါဘဲနဲ့ တစ်နှစ်တောင် မကြာပါဘူး၊ ၂၀၀၈ ခုနှစ်မှာပဲ သူ့ဘက်က စဖောက်ပါတယ်၊ Adaptor ဂန့်သွားပါတယ်။ ရန်ကုန်က လျှပ်စစ်မီးဗို့အား မမှန်လို့များလားလို့ သံသယဖြစ်ပေမယ့်လည်း အို..ပျက်ချင်လို့ ပျက်တာပဲလေလို့ပဲ စိတ်သက်သာအောင် တွေးရပါတော့တယ်။ ဘတ္ထရီလည်း ကုန်ရော၊ ရည်းစားလေး ကွန်ပျူတာက အသေကြီးလိုဖြစ်ပြီး ဘာမှ လုပ်မရတော့ပါဘူး။ ရည်းစားဦးလေးဟာ ကိုယ့်ကို စခွဲဖို့ ကြံပါပြီ။ တရားလည်း ရချင်ချင်ဖြစ်ပါပြီ၊ ပစ္စည်းက ပျက်ချင်ပျက်ပြီဆိုတာ စတင်နားလည်ပါပြီ။

အမေရိက က ၀ယ်လာပြီး မြန်မာပြည်မှာ သုံးတာဆိုတော့ Warranty တွေ၊ ဘာတွေနဲ့လည်း ပြန်ပြီးအရေးဆိုဖို့ အခွင့်အရေးတောင်းဖို့ဆိုတာက မလွယ်တာမို့ ပြည်တွင်းမှာ Adaptor ရှာရ မေးရပါတယ်။ ဒါပေမဲ့လည်း သူတို့က စင်ကာပူကနေ ပြန်မှာပေးမယ်လို့ဆိုလာတာမို့ ဂျပန်ကနေ ရန်ကုန်ပြန်လာဖို့ရှိတဲ့ သူငယ်ချင်းကို အကူအညီတောင်းပြီးနောက်မှာ Adaptor အသစ်ပြန်ရပါတယ်။ ရည်းစားဦးက သစ်စိမ်းချိုးချိုးပေမယ့် ကိုယ်က မပြတ်နိုင်ဘူးဆိုသလို ကိုယ့်လက်ပ်တော့ပ်လေးကိုလည်း သူငယ်ချင်းအကူအညီနဲ့ အသက်ပြန်ဆက်ခဲ့ရပါတယ်။

တစ်ခါ လန်ဒန်ကို လာခဲ့မယ်ဆိုတော့ လန်ဒန်က သူငယ်ချင်းကို မေးရပြန်ပါတယ်၊ လန်ဒန်ရောက်မှ လက်ပ်တော့ပ်ဝယ်မယ်၊ ရန်ကုန်ကဟာ သိပ်မမိုက်တော့ဘူးလို့ ကိုယ့်ဘာသာ တွေးပြီး မေးကြည့်တော့ သူငယ်ချင်းက မလုပ်နဲ့ကိုယ့်လူ၊ ရှိတာ ယူခဲ့၊ ဒီမှာ အလွန်ဈေးကြီးတယ် ပြောတော့ ခပ်ခွာခွာလုပ်ချင်နေတဲ့ ရည်းစားဦးလေးကိုပဲ အိတ်ထဲ ထည့်ပြီး ယူလာခဲ့ရပါတယ်။

ဒီရောက်တော့ သုံးလလောက်ဆက်တိုက် proper shutdown မလုပ်၊ sleep နဲ့ထား၊ အချိန်မရွေး ခိုင်း၊ အပြင်သွားတဲ့အခါ အခန်းကို အလုံပိတ်၊ ventilation(လေ၀င်လေထွက်)မကောင်းတဲ့အခါမှာတော့ ကိုယ့်ရဲ့ဦးဆုံးလက်ပ်တော့ပ်လေးဟာ ကိုယ့်ကို ရုတ်တရက်နှုတ်ဆက် ခွဲခွာသွားပါတော့တယ်။ အသက်မရှိ(power လုံးလုံးမ၀င်)တော့ပါဘူး၊ စိတ်မကောင်းဖြစ်လိုက် မပြောပါနဲ့တော့၊ အို…ဆိုးလှတဲ့ ကံ၊ စုတ်လှတဲ့ စက်၊ ဒုက္ခတော့ လှလှရောက်ရပေါ့လို့ တွေးပြီးရင်းတွေးလို့ ပြင်ဖို့လုပ်ရပါတယ်။

ဒီမှာက စက်ပြင်ဖို့ကလည်း အတော်ရှားပါတယ်၊ ကြာလည်း ကြာပါတယ်။ ကိုယ်နဲ့မသိရင်လည်း စိတ်က သိပ်မချရပါဘူး။ PC World လို နေရာမှာတော့ ပြင်လို့ ရပါတယ်။ ဒါပေမယ့် အဲဒါကိုလည်း လူတိုင်းကတော့ ကောင်းပါတယ်လို့ ပြောတာမဟုတ်ပါဘူး။ ၀န်ဆောင်ခယူတာလည်း တနင့်တပိုးပါ။ ကြည့်ပါဦး…ဆော့ဖ်ဝဲ သွင်းပေးတာကို ၂၅ ပေါင် ယူပါတယ်။ လက်ပ်တော့ပ် ဘယ်လိုပျက်ပျက် ပြင်မယ်ဆို ၂၂၅ ပေါင် ယူပါတယ်။ အသစ်ဝယ်ရင်တောင် အနိမ့်ဆုံးဆို ၃၅၀ ပေါင် လောက်နဲ့ရနေပါပြီ။

ဒီတော့ မောင်က PC World မသွားဘဲ Sony Center ကို အရင်သွားပါတယ်၊ စင်တာက ရောင်းပဲရောင်းတာ မပြင်ဘူး၊ ပြင်ချင်ရင်တော့ သူတို့ အသိအမှတ်ပြုတဲ့ ဆိုင်ကိုသွားဆိုပြီး ညွှန်ပါတယ်။ ရောက်သွားတော့ ရယ်ရပါတယ်။

+ လက္ခဏာဆိုင်းဘုတ်နဲ့ Digital Clinic ဆိုပြီး ရေးထားပါတယ်။ မြန်မာပြည်က ဆေးခန်းတချို့လို မှန်ပုံးလေးနဲ့ပါပဲ၊ အတွင်းမှာ မီးထွန်းထားတယ်လေ၊ ဆရာဝန်တွေက အပေါင်းလက္ခဏာကို အနီရောင်သုံးပေမယ့် အဲဒီမှာတော့ အပြာရောင်ကို သုံးထားပါတယ်။ ဆေးနံ့တောင် ရလိုက်သလိုပါပဲ၊ မောင့် စိတ်ပဲ ဖြစ်သလား၊ သူတို့ပဲ Marketing သဘောအရ ဆေးနံ့ထည့်ထားလေသလားလို့ မသိပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် မောင်ကတော့ တီထွင်ထားတဲ့ စိတ်ကူးလေးကို သဘောကျလိုက်ပါတယ်။ ဒါနဲ့တင် မပြီးသေးပါဘူး၊ လာပြင်တဲ့သူ၊ ပြင်ထားတဲ့စက် ရက်ချိန်းစေ့လို့ လာယူတဲ့သူနဲ့ လူတွေများလို့ စောင့်ရပါသေးတယ်။ ဘာနဲ့တူသလဲဆိုတော့ ရန်ကုန်က ဆေးခန်းတွေမှာ ဆရာဝန်နဲ့တွေ့ဖို့ အလှည့်ကျ စောင့်ရသလိုပါပဲ၊ မသိရင် ကိုယ့်ခွေးလေး၊ ကြောင်လေး နေမကောင်းဖြစ်လို့ သယ်ပိုးပြီး တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ သွားပြရသလိုပါပဲ။

ရယ်စရာက အခုမှလာတာပါ၊ မောင့် အလှည့်ကျတော့ ကောင်တာကို ထသွားရပါတယ်။ ကြည့်ပေးတဲ့ သူတွေက နောက်တစ်စုလည်း ရှိပါတယ်။ နှစ်နေရာခွဲ ကြည့်ပေးနေတာပေါ့လေ၊ မောင်က မောင့်စက် ဘယ်လိုဖြစ်သွားတယ်ဆိုတဲ့အကြောင်း ပြောပြလိုက်တော့ သူက ခေါင်းတဆတ်ဆတ်ညိတ်ပြီးသကာလ အင်း စမ်းကြည့်ရမှာပဲ၊ မရရင်တော့ ကြွပြီသာမှတ် ကိုယ့်လူ(ဒါတော့ သူပြောမှလား)ဆိုပြီး ဘတ္ထရီကိုဖြုတ်၊ Adaptor ကြိုးဖြုတ်ပြီးနောက် ပါဝါခလုတ်ကို တောက်လျှောက်နှိပ်ထားပြီး သူ့လက်ပတ်နာရီကို ကြည့်ပါတော့တယ်။

မောင်က ကြောင်တောင်တောင်ဖြစ်သွားပါတယ်၊ ငါ့ နောက်တာလားလို့လည်း ထင်သွားပါတယ်။ မသိရင် ကုတင်ပေါ်လှဲနေတဲ့ လူနာကို ဆရာဝန်က သွေးကြောစမ်းရင်း သူ့လက်ပတ်နာရီကို ကြည့်လိုက်သလိုမျိုးဖြစ်နေတာကိုး။ သူ့ပုံစံကလည်း ဆရာဝန်ပုံပါပဲ၊ သူ မနောက်ပါဘူး။

တစ်မိနစ်ကြာအောင် ပါဝါခလုတ်ကို နှိပ်ထားပါတယ်။ နောက်မှ ပါဝါဂန့်သွားတာပါ။ အခုတော့ ဘာမှလုပ်လို့မရတော့ပါတဲ့။ (အော် အခုမှ နောက်တာကိုး၊ ဘာမှလုပ်လို့မရတော့လို့ ရောက်တောင်လာပြီဥစ္စာ) နောက်ပြီး သူဆက်ပြောတာက အတွင်းဘက်က ပျက်တယ်လို့ယူဆကြောင်း၊ ထားခဲ့ရမယ်၊ ပေါင် ၅၀ ပေးရမယ်၊ အသေးစိတ်ထပ်စမ်းသပ်ကြည့်မယ်၊ ပြင်လို့ရရင် ပြင်ပေးမယ်၊ ပြင်ပြီးရင် တောင်းသမျှထပ်ပေးရမယ်၊ ခုန ယူထားတဲ့ ၅၀ ကိုတော့ ပြန်ခုနှိမ်ပေးမယ်လို့ ပြောလာပါတယ်။

အိုကေ…ပြင်ပေးပါလို့ ပြောတော့ အခုတော့ အလုပ်တွေ သိပ်များနေတယ်၊ နှစ်ပတ်စောင့်ရမယ်လို့ ပြောလာပါတယ်၊ ဟာ…အဲဒါတော့ မဖြစ်ဘူး၊ အဲဒီလောက်ကြာလို့ မဖြစ်ဘူးလို့ မောင်က ပြောတော့၊ စာရွက်တစ်ရွက်ထုတ်ပေးပြီး ကောင်းပြီ..ဒါဆို ဒီဖုန်းနံပါတ်ကိုဆက်၊ အဲဒါ Sony Service Center သူတို့က သူတို့ Warranty ရှိရင် စက်ကို သူတို့ကိုယ်တိုင် လာယူပေးတယ်၊ ပြင်ပေးတယ်၊ ပြန်ပို့ပေးတယ်၊ ပိုက်ဆံထပ်ပေးစရာမလိုဘူး၊ မင်းက အမေရိက က လွန်ခဲ့တဲ့ ၂ နှစ်က ၀ယ်လာတာ၊ Warranty လည်း ကျော်ပြီဆိုတော့ သူတို့ ဘယ်လိုတုန့်ပြန်မယ်တော့ မသိဘူး၊ ငါတော့ လာယူပြီး ပြင်ပေးမယ်ထင်တယ်၊ ပိုက်ဆံတော့ ပေးရမှာပေါ့ကွာဆိုပြီး မောင့်ကို ချွေးသိပ်ပြီး ပြန်လွှတ်လိုက်ပါတော့တယ်။

အဲဒီကအပြန် ကံကောင်းချင်တော့ သူငယ်ချင်းရဲ့သူငယ်ချင်းနဲ့တွေ့ပြီး နောက်ထပ် အမြန်ပြင်ဆိုင်တစ်ဆိုင်ကို ရောက်သွားပြန်ပါတယ်။ စက်ပြင်ဆရာက စက်လက်ခံ ရရှိကြောင်း ပြေစာတစ်စောင်ရေးပေးတယ်။ သူကြည့်လိုက်မယ်၊ မနက်ဖြန်ကျရင် ဘာဖြစ်တယ်၊ ပြင်ရင် ဘယ်လောက်ကုန်ကျမယ်ဆိုတာ ပြောမယ်ဆိုပြီး မောင့်ကို ပြောတယ်၊ ဈေး မကြိုက်လို့ မပြင်ချင်ဘူးဆိုလည်း စက်ပြန်ယူ၊ ကြည့်ခပေးစရာမလိုဘူးလို့ ပြောတယ်။ သူငယ်ချင်းရဲ့သူငယ်ချင်းမျက်နှာနဲ့မို့ စက်ဆရာက ဒီလိုပြောတာဆိုပြီး သူငယ်ချင်းရဲ့သူငယ်ချင်းကို မောင်အလွန်ကျေးဇူးတင်တယ်။

နောက်တစ်ရက် အကြောင်းမပြန်တော့ မောင် ထပ်လိုက်သွားတယ်၊ တစ်ခါ နောက်တစ်ရက် အကြောင်းပြန်မယ်လို့ပြောပြန်တယ်။ နောက်တစ်ရက်စောင့်ပြီးတဲ့ အခါကျတော့မှ Motherboard ကြွသွားပြီ၊ လဲမယ်ဆို ၁၈၅ ပေါင်ကျမယ်၊ ၁၀ ရက်ကြာမယ်လို့ ပြောတယ်။

ပထမတော့ ၂၀၀ လောက်တောင်ကျမယ်ဆို မပြင်တော့ဘူး၊ နောက်ထပ် ၂၀၀ ထပ်ထည့်ပြီး အသစ်တစ်လုံးဝယ်မယ်လို့ မောင် စဉ်းစားတယ်၊ ဒါပေမယ့် စက်ထဲမှာက ဓာတ်ပုံတွေ၊ ဒေတာတွေရှိနေတယ်၊ အဲဒါတွေ မဆုံးရှုံးချင်ဘူး၊ ဒီတော့ ပြင်မယ်ဗျာဆိုပြီး ပြောလိုက်တယ်။

၈ ရက်မြောက်နေ့ကျတော့ ဖုန်းဝင်လာတယ်၊ ပြင်ပြီးပြီ ကောင်းသွားပြီ၊ မင်းစက်လာယူတော့လို့ မှတ်တာ၊ ဟုတ်ဘူးဗျ။ လောလောဆယ်တော့ ပြင်လို့မရသေးဘူး၊ ၃၀၀ လောက်ကျမယ်မှန်းတယ်ဆိုပြီး လုပ်လာတော့ တော်ပါပြီဗျာ၊ စက်ကလေးသာ ပြန်ယူပါရစေဆိုပြီး သွားပြန်ယူရပါတော့တယ်။

နောက်တော့ အသစ်ဝယ်ဖို့ လုံးပန်းပြီးနောက် Sony Center ကိုပဲ ပြန်ရောက်ပြီး အဟောင်းကို ပြန်ပေး (သူတို့က ၁၀၀ ခုနှိမ်ပေး၊ စက်အဟောင်းပေးရင် ၁၀၀ ပေးတယ်၊ စက်တွေပျက်တဲ့အကြောင်း သုတေသနလုပ်မှာမို့ စက်အဟောင်းပြန်ယူတာလို့ ပြောတာပဲ၊ Sony အသစ်တစ်လုံးတော့ သူတို့ဆီမှာပဲ ပြန်ဝယ်ရတယ်၊ အွန်လိုင်းက ၀ယ်ရင် ၅၀ လောက် သက်သာတာကို ချက်ချင်းလိုချင်တာမို့ center မှာပဲ ၀ယ်ဖြစ်လိုက်တယ်) အသစ်တစ်လုံး ငွေရောင် Sony Vaio NW စီးရီး ၀ယ်ဖြစ်ပြန်တယ်။ ၀င်ဒိုးကတော့ အခုနောက်ဆုံး Window 7 ပေါ့။

မဖြစ်မနေ သုံးရမှာမို့ ၀ယ်ရပါတယ်၊ အခုတော့ ရည်းစားဦးကြောင့်မို့လား မသိ၊ ကွန်ပျူတာဆို ကန်ပစ်ချင်နေပါပြီကောဗျာ။

ဒီဇင်ဘာ ၁၊ ၂၀၀၉။ နံနက် ၂ နာရီ ၂၂ မိနစ်။