ကမ္ဘာကျော်အဆိုတော် ပေါ့ပ်ဘုရင်ဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ Thsi is it မှတ်တမ်းရုပ်ရှင်ဇာတ်ကားကို ပြီးခဲ့တဲ့ စနေနေ့ အောက်တိုဘာလ ၃၁ ရက်က ကြည့်ဖြစ်တယ်။ လန်ဒန်မှာ စပြတာက ဗုဒ္ဓဟူးနေ့ အောက်တိုဘာလ ၂၈။ အဲဒီနေ့ကတည်းက ကြည့်ဖို့ဟာ မကြည့်ဖြစ်ဘူး၊ ဒါနဲ့ ကြာသပတေးနေ့ အောက်တိုဘာလ ၂၉ ရက် ကြည့်မယ်ဆို ပြီးလုပ်ပြန်တယ်။ တကယ်ကြည့်ဖြစ်တာက ခုနပြောသလို အောက်တိုဘာလ ၃၁ ရက်၊ စနေနေ့ကျမှပဲ ကြည့်ဖြစ် တော့တယ်။
စနေနေ့က ပရီးမီးယားလိဂ် လန်ဒန်ဒါဘီပွဲ အာဆင်နယ်နဲ့ စပါးပွဲကို ကလပ်မှာ ဘီယာတစ်ခွက်နဲ့ အရင်ကြည့် လိုက်သေးတယ်။ အာဆင်နယ်က ၃-၀ နဲ့ စပါးကို အပြတ်သမတယ်။ စပါးမန်နေဂျာ ရက်နက်ခမျာ သူ့ခုံမှာ မျက်နှာကြီးရဲပြီး တုတ်တုတ်တောင်မလှုပ်နိုင်ရှာဘူး။
ဘောလုံးပွဲကနေ ရုပ်ရှင်ရုံဘက်ကူးခဲ့တာမှာ အဲဒီရောက်တော့ မွန်းလွဲ ၃ နာရီပဲ ရှိသေးတယ်။ လက်မှတ်ဝယ် လိုက်တော့ ပွဲက ၃း၄၀ မှ ပြမှာတဲ့။ ရတယ်ဆိုပြီး ၀ယ်လိုက်တာ ပြီးမှ ရုပ်ရှင်ရုံထဲ ထိုင်စရာနေရာမရှိဖြစ်နေတယ်။
လန်ဒန်မှာ မြေနေရာတွေက ဈေးကြီးပြီး ကျဉ်းတော့ အရာအားလုံးအတွက် လိုသလောက်ပဲ အတိအကျနေရာ ရှိတယ်။ ကျယ်ကျယ်ဝန်းဝန်းဆိုတာ လန်ဒန်အပြင်ဘက် ထွက်မှပဲရမယ်။ မဟုတ်ရင်လည်း အလွန်ချမ်းသာမှ ဖြစ်မယ်။
မိုက်ကယ်ကြီးတော့ အားပေးချင်တော့ မိနစ်လေးဆယ်လောက်ကို ထိုင်စရာနေရာကလည်း မရှိတော့ ခွေးကတက် (လှေကားရင်း)မှာ ဒီအတိုင်းထိုင်ချလိုက်ရတယ်။ သားအမိတစ်စုလည်း ထိုင်နေတာမို့ လှေကားရဲ့ ဟိုဘက်စွန်း ဒီဘက်စွန်းမှာ ထိုင်လိုက်ကြတယ်။
လှေကားကို အတက်အဆင်းလုပ်ကြတဲ့သူတွေကတော့ ကိုယ်တို့ကိုရှောင်ပြီး အလယ်ကနေ တက်သွားကြတာပေါ့။ တရုတ်မလေးအတွဲတစ်တွဲကတော့ ထိုင်ဖို့လည်း နေရာမရှိတော့တာမို့ ဟိုနားရပ်လိုက် နည်းနည်း ရွှေ့လိုက်၊ ဒီနားရပ်လိုက် နည်းနည်းရွှေ့လိုက်လုပ်နေကြတာကို တွေ့တယ်။ ပွဲတွေက ဆက်တိုက်ပြနေတာမို့ ရုပ်ရှင်ပြမယ့် အချိန်ထက် ၁၀ မိနစ်လောက်ပဲ စောပြီးသာ ရုံထဲဝင်လို့ရတယ်။ အဲဒီမတိုင်ခင်တော့ စောင့်သာစောင့်ပေတော့ပဲ။
လန်ဒန်မှာ ကိုယ်က ရုပ်ရှင်ကြိုက်ပေမယ့် ခုနောက်ပိုင်း သိပ်မကြည့်ဖြစ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အချိန်သိပ်ပေးရတယ်။ ကိုယ်နေတဲ့နားမှာ ရုပ်ရှင်ရုံမရှိတော့ ရုပ်ရှင်ကြည့်မယ်ဆို မြို့ထဲဘက် ပြန်ထွက်ရတယ်။ ဒီတော့ အသွားတစ်နာရီ အပြန်တစ်နာရီ နှစ်နာရီကုန်တယ်။ ရုပ်ရှင်က နှစ်နာရီကြာတယ်။ ပွဲပြချိန်အမှန်မှာ ရုပ်ရှင်က ဘယ်တော့မှ မပြဘူး။ လူစောင့်တာလား၊ ဘာသဘောလဲမသိဘူး။ နာရီဝက်လောက်ကြာမှ ပြတယ်။ ဒီတော့ ရုပ်ရှင်တစ်ကားကြည့်ဖို့ လေးနာရီခွဲ အချိန်သုံးရတယ်။ နေ့တစ်ဝက်ကုန်ရော။
ဒါတောင် ကိုယ်ကြည့်ချင်တဲ့ကား အနီးဆုံးဘယ်ရုံမှာရှိလဲ၊ အဲဒီရုံကို ဘယ်လိုသွားရမလဲ(google maps မှာ မြေပုံကြည့်ရ)၊ အဲဒီကားက ဘာအကြောင်းလဲ၊ အဲဒီကားရဲ့ အကြိုသုံးသပ်ချက်(review တို့၊ previewတို့)မှာ ဘယ်လိုရေးထားသလဲဆိုတာတွေ အင်တာနက်မှာကြည့်ရတာက တစ်နာရီလောက် အချိန်ကုန်သေးတာကိုး။
ရီဗျူးမကြည့်လို့လည်း မရပြန်ဘူး၊ မြန်မာကားတွေချာတူးလန်တယ်လို့ တချို့က ခပ်ကြမ်းကြမ်းဝေဖန်ကြတယ်။ ကိုယ်လည်း ဝေဖန်တာပဲလေ။ ဒါပေမယ့် အခုဒီမှာ သူတို့ကားတွေ(အင်္ဂလိပ်ကားရော၊ ဟောလီးဝုဒ်ကားပါ) ကြည့်မိတော့လည်း သူတို့လည်း ကားတိုင်းကောင်းတာတော့ မဟုတ်ဘူး။
ကိုယ့်စိတ်နဲ့ ဘယ်လိုမှမထိတဲ့ကား၊ ဘာမှန်းမသိတဲ့ကားတွေလည်း ရှိတာပဲဆိုတာကို သိရပြန်တော့ မြန်မာရုပ်ရှင် ဆရာတွေကို ဘာမှသိပ်မပြောချင်တော့ဘူး။ အားလုံးကြိုက်တဲ့ကား အားလုံးထိအောင်ရိုက်တဲ့ကားဆိုတာမျိုးက ရှိမှ မရှိနိုင်တာကိုး။
This is it အကြောင်းပြောမယ့်ဟာ ရုပ်ရှင်ရုံနဲ့ ကိုယ့်အကြောင်းကြွားတာက ခပ်များများဆိုသလို ဖြစ်နေတယ်။
ပြောလက်စနဲ့ ရုပ်ရှင်လက်မှတ်ခကို ဆက်ပြောလိုက်ပါဦးမယ်။ စနေပွဲကြည့်တော့ ရုံဝင်ခက ၉.၈ ပေါင် ပေးရတယ်။ ဒါတောင် ပုံမှန်(standard)လက်မှတ်ခနော်။ ပရီးမီးယား(premier)လို့ ခေါ်တဲ့ ရုပ်ရှင်ရုံထဲက မြင်ကွင်းအကောင်းဆုံးဆိုတဲ့ နေရာမှာထိုင်ကြည့်မယ်ဆိုရင်တော့ အဲဒီထက်ပိုတယ်(၁၂ ပေါင်)။
ဈေးသက်သက်သာသာနဲ့ ကြည့်ချင်ရင်တော့ weekdays လို့ခေါ်တဲ့ တနင်္လာ-သောကြာကြား ညနေ ၆ နာရီ မထိုးခင်ပွဲတွေကြည့်၊ ခုနလက်မှတ်ခက ၇.၄ ပေါင်ဖြစ်သွားတယ်။ ဒါက အရွယ်ရောက်ပြီး လူကြီးတစ်ယောက် အတွက် ဈေး(လက်မှတ်ခ)ကို ပြောပြတာ။
အသက် ၁၅ နှစ်အောက်ရယ်၊ စီနီယာနိုင်ငံသား(senior citizen)လို့ ခေါ်တဲ့ အသက် ၆၀ အထက်လူကြီးတွေ ရယ်၊ ကျောင်းသားရယ်ဆို ဈေးက ထပ်ပြီးသက်သာသေးတယ်။ ကဲ ကဲ…This is it ကြစို့။ This is it ကို မြန်မာလို့ပြန်ရရင်တော့ “ဒါပဲ“လို့ ဆိုရမယ်ထင်ပါတယ်။
====================================
မိုက်ကယ်ဂျက်ဆင် လန်ဒန် O2 areana ဇာတ်ရုံမှာတင်ဆက်ဖို့ ဇာတ်တိုက်လေ့ကျင့်နေခဲ့တယ်။ အဲဒီလို ပြင်ဆင်နေတုန်းမှာပဲ အသက် ၅၀ အရွယ်မှာ ဆုံးတယ်။ လော့စ်အိန်ဂျလိစ်မှာ ကွယ်လွန်တာပါ၊ နှလုံးရောဂါနဲ့ ဆုံးတယ်လို့ဆိုတယ်။ နာကျင်သက်သာဆေး painkiller တွေ သုံးစွဲတာလွန်လို့ သေတယ်လို့ဆိုကြတယ်။
မိုက်ကယ်ဂျက်ဆင်ကို ငယ်ငယ်ကတည်းက ကြိုက်ခဲ့တာက သူ့အကတွေကို သဘောကျခဲ့လို့ပဲ။ ကပ္ပလီကုလား လေးဟာ အကသိပ်ကောင်းတယ်။ Jackson 5 လို့ဆိုတဲ့ သူတို့ညီအစ်ကိုငါးယောက်ဟာ အတွဲညီပြီးကျော်ကြား ခဲ့ကြတယ်။ မိုက်ကယ်ကတော့ ဆရာကြီးဖြစ်သွားတာပေါ့လေ။
ငယ်ငယ်တုန်းက လမ်းထဲမှာ ဘရိတ်ဒန့်စ်ကတဲ့အခါ မိုက်ကယ်ဂျက်ဆင်အကွက်တွေ ကကြတာပေါ့။ ကိုယ့်ညီက ဘရိတ်ဒန့်စ်ကတာ သိပ်တော်တယ်။
This is it အကြောင်းပြောရမယ်ဆို မိုက်ကယ်ဂျက်ဆင်တို့ လန်ဒန်မှာတင်ဆက်မယ့် ပွဲပေါင်း ၅၀ တင်ဆက်ဖို့ ပြင်ဆင်နေတာတွေကို မှတ်တမ်းရိုက်ထားတာ၊ သူဆုံးတော့ အဲဒါတွေကို မှတ်တမ်းအနေနဲ့ ပြန်ပြတာပဲ။
ဇာတ်ကားက တစ်နာရီနဲ့ ၅၂ မိနစ်ကြာတယ်။ မိုက်ကယ်ပြင်ဆင်နေတာတွေကို တည်းဖြတ်မှုကောင်းကောင်းနဲ့ တည်းဖြတ်ပြီး ပြန်ပြထားတာ။ ပွဲကိုတင်ဆက်ဖို့လုပ်နေတဲ့ ဖန်တီးမှုဒါရိုက်တာက အခုတော့ ရုပ်ရှင်ဒါရိုက်တာ ပြန်ဖြစ်သွားတာပေါ့လေ။
လန်ဒန်မှာတင်ဆက်မယ့်ပွဲတွေအတွက် လက်မှတ်တွေက ရောင်းထားပြီးသား၊ ပထမဆုံးပွဲက ဇူလိုင် ၁၃ စမှာ၊ သူက ဇွန် ၂၅ ကြာသပတေးနေ့မှာ ဆုံးသွားတယ်။ ပွဲမကြည့်ရတဲ့သူတွေအတွက်တော့ ဒီမှတ်တမ်းကားက အလွမ်းပြေကြည့်ရတာပေါ့လေ။
ကိုယ်ကလည်း မိုက်ကယ်ဂျက်ဆင်ကြိုက်တဲ့သူဆိုတော့ သွားကြည့်ဖြစ်တာပဲ။ စနေနေ့ကြည့်တယ်ဆိုပေမယ့် လန်ဒန်အနောက်မြောက်ပိုင်းက Swiss Cottage က လူ ၆၀၀ လောက်ဆံ့တဲ့ ဇာတ်ရုံဟောင်း ရုပ်ရှင်ရုံထဲမှာ မိုက်ကယ့်ပရိသတ်က ၂၀ လောက်ပဲရှိခဲ့တယ်။
မိုက်ကယ်က ၅၀ သာဆိုတယ်၊ ပိန်ပိန်ပါးပါးနဲ့ တော်တော်သွက်တုန်းပဲ။ တချို့ကလည်း အသက် ၅၀ အရွယ်မှာ လန်ဒန်မှာ ပွဲ ၅၀ ဖျော်ဖြေနိုင်ပါတော့မလားဆိုပြီး စိတ်ပူကြတယ်။ အခုတော့ တကယ်မဖျော်ဖြေခင်မှာပဲ တိမ်းပါး သွားခဲ့ပြီ။
သူ့အခုပွဲမှာသုံးမယ့်သီချင်းဖြစ်တဲ့ This is it အပါအ၀င် သီချင်းဟောင်းတွေအများအပြားကို ဇာတ်တိုက်ကြ တယ်။ ကကြတယ်။ ကဖို့အတွက် လူရွေးပွဲမှာ မိုက်ကယ်နဲ့ သူရဲ့ဖန်တီးမှုဒါရိုက်တာတို့ ရွေးကြတယ်။ သူက မိုက်ကယ်ကို နေရာပေးတယ်၊ မိုက်ကယ်ဆုံးဖြတ်ချက်က အတည်ပဲ။
အရွေးခံရတဲ့ အကသမားတွေဟာ မိုက်ကယ်နဲ့အတူ ပွဲပေါင်းများစွာ ကပြဖျော်ဖြေရမှာမို့ အလွန်ဝမ်းမြောက်နေကြ တယ်။ သူတို့ဟာ ကမ္ဘာတစ်ဝန်းကလာပြီး အရွေးချယ်ခံကြတာဖြစ်တယ်။ အလွန်တော်ကြတယ်။
အတီးသမားတွေလည်း ဒီလိုပဲ၊ မိုက်ကယ်နဲ့အတူ ဖျော်ဖြေတင်ဆက်ရမယ်ဆိုပြီး ၀မ်းသာနေကြတယ်။ Lead ဂစ်တာတီးတဲ့ ကောင်မလေးတစ်ယောက်ကို This is it မှာ ပွဲထုတ်ဖို့ မိုက်ကယ်ပြင်ဆင်ထားတာလည်း တွေ့ရ တယ်။ ကောင်မလေးက ချစ်စရာလေး၊ ဂစ်တာလည်း အမှန်အကန်တီးနိုင်တာတွေ့ရတယ်။
ဟာမိုနီဆိုတဲ့ အဆိုတော်တွေ (ယောက်ျားလေးသုံးယောက်နဲ့ မိန်းကလေးတစ်ယောက်)ကလည်း တော်တော်မိုက် ကြတယ်။ ဒီပွဲကြီးသာ တကယ်တင်ဆက်ဖြစ်ခဲ့ရင် ပါဝင်သူတွေအကုန်လုံး နာမည်ကြီးလာမှာဖြစ်တယ်။
မိုက်ကယ်က သူလိုချင်တဲ့အတီးပိုဒ်၊ အချပိုဒ်၊ အကပိုဒ်တွေကို လိုသလိုရအောင်လုပ်တယ်၊ ပြန်တီးခိုင်းတယ်၊ ပြန် ကျင့်ကြတယ်။ တော်တော်ကြိုးစားတာတွေ့ရတယ်။ ဒါကြောင့်လည်း မိုက်ကယ်ဂျက်ဆင်ဖြစ်တာပဲလို့ အလွယ်တ ကူပဲကောက်ချက်ချမိတယ်။
သူအောင်မြင်ခဲ့တဲ့ သီချင်းဟောင်းတွေအများစုကို ပြန်တင်ဆက်မှာဖြစ်ပေမယ့် ဖန်တီးမှုအသစ်၊ တင်ဆက်ပုံအသစ် တွေနဲ့ မိုက်ကယ်တို့ကြိုစားနေကြတာဖြစ်တယ်။ လေ့ကျင့်မှုမှာပဲ သူတို့ဖျော်ဖြေမယ့် စင်မြင့်ပုံစံကျကျနနဆောက်ပြီး လိုအပ်တဲ့မီးတွေ၊ အထူးပြုလုပ်ချက်တွေ၊ လိုအပ်တဲ့ ဂရပ်ဖစ်တွေ၊ သရီးဒီတွေ၊ ဗီဒီယိုတွေနဲ့ ငွေကြေးများစွာသုံးစွဲ သလို ပညာရှင်တွေများစွာ သုံးစွဲပြီး အပီအပြင်တင်ဆက်ဖို့ ကြံစည်ထားကြတာဖြစ်တယ်။
မိုက်ကယ်ဂျက်ဆင်ကလည်း This is it သတင်းစာရှင်းလင်းပွဲမှာ ဒီပွဲဟာ သူ့ရဲ့နောက်ဆုံးတင်ဆက်ပွဲ Live show ဖြစ်သွားနိုင်တယ်လို့ ပြောကြားခဲ့တယ်။ အခုတော့ နောက်ဆုံးပွဲကိုတောင် မတင်ဆက်နိုင်ဘဲ မပြန်လမ်းကို သွားခဲ့ပြီ။
မိုက်ကယ်ဆုံးတော့ သူနဲ့အတူ တီးခတ်လေ့ကျင့်ခဲ့တဲ့ အတီးသမားတွေ၊ အကသမားတွေ၊ ပညာရှင်တွေက လွမ်း ဆွတ်တသကြတယ်၊ အမှတ်တရစကားတွေပြောကြတယ်။ This is it ကားမှာ သူတို့အပြောတွေပါ ရိုက်ပြထား တယ်။ သူတို့တွေ လေ့ကျင့်ပြီးလို့ ဆုတောင်းကြပုံ၊ မိုက်ကယ်ကနေတာကို ၀ိုင်းကြည့်ပြီး အားပေးလက်ခုပ်တီးကြ ပုံ။ မိုက်ကယ်နဲ့ ဖန်တီးမှုဒါရိုက်တာတို့ အချီအချစကားပြောဆိုပုံတွေလည်း ရိုက်ပြတယ်။
မိုက်ကယ်က သူလိုချင်တာကို မရအရယူတာကို တွေ့ရတယ်။ အကကလည်း ကောင်းသလားမမေးနဲ့၊ အကတော် တော်များများက သူကိုယ်တိုင်ချပြီး လိုချင်တာရအောင်ကတာတွေ့ရတယ်။ Thriller တို့၊ Black & White သီချင်းတွေကို ပုံစံအသစ်နဲ့ ပြန်တင်ဆက်ဖို့ ကြိုစားနေတာတွေ့ရတယ်။
တော်တဲ့သူ၊ တစ်ယောက်ပဲရှိနိုင်တဲ့သူမျိုးတွေဟာ စောစောစီးစီးသေကြရတယ်။ လူမိုက်တွေကျတော့ အသက် ရှည်ရှည်နေရတယ်။ မိုက်ကယ်ဟာ သူ့အကတစ်ခုပြီးတိုင်း ခဏနားတုန်း မိတ်ဆွေတွေ တီးဝိုင်းကလူတွေကို God bless you ဆိုပြီး ခဏခဏပြောတယ်။ မိုက်ကယ်ဟာ ဘာသာရေးကိုင်းရှိုင်းပုံလည်း ပေါ်တယ်။
မိုက်ကယ်ဟာ လူသားတစ်ယောက်ဖြစ်တာမို့ ပြည့်စုံတဲ့လူသား perfect man တော့ မဟုတ်ခဲ့ပါဘူး။ မိန်းမတွေ တစ်ယောက်ထက်ပိုယူခဲ့တာ၊ ကလေးလေးတွေကို လိင်မတော်မတရားလုပ်လို့ အမှုတွေရင်ဆိုင်ခဲ့ရတာတွေ ရှိခဲ့ပါ တယ်။
နောက်ပြီး သူရဲ့ ကပ္ပလီအသားအရေကို ဖြူအောင်လုပ်ပစ်လိုက်တာကိုလည်း တချို့က သဘောမတွေ့ခဲ့ပါဘူး။
ဘာလိုပဲဖြစ်ဖြစ် ပေါ့ပ်ဘုရင်ကြီးကတော့ သွားရှာပါပြီ။ This is it ကတော့ သူ့ကို သတိရသူတွေ အမှတ်တရ ကြည့်နိုင်ပါတယ်။ မှတ်တမ်းကားအဆုံးမှာ This is it သီချင်းလေးနဲ့ အဆုံးသတ်ထားပါတယ်။ သီချင်းချိုချိုအေး အေးလေးဖြစ်ပါတယ်။ နှစ်သက်ဖွယ်သီချင်းလေးပါပဲ။
မိုက်ကယ်ဂျက်ဆင်ရဲ့ This is it ပိုစတာပုံပါ အနက်ရောင်တီရှပ်(၁၅ ပေါင်)နဲ့ စီဒီပါတဲ့ ဓာတ်ပုံအယ်လ်ဘမ်(၁၅ ပေါင်)တို့ကို တွေ့ခဲ့ပေမယ့် ရုပ်ရှင်ကြည့်ပြီး တော်ပါပြီ။ ပိုက်ဆံထပ်မသုံးတော့ပါဘူးဆိုပြီး ခပ်တိတ်တိတ်လေး ပြန်ထွက်ခဲ့ကြောင်းပါ။
ည ၁၁ နာရီ၊ နိုဝင်ဘာ ၂၊ ၂၀၀၉။
အကို နေကောင်းရဲ့လားဗျ
စာတွေမရေးဖြစ်တော့ပါလား
ဘာတွေဖြစ်လို့လဲ
မအားဘူးလားဗျ
စောင့်နေဖတ်နေဆဲပါပဲ
သမီးလည်းဒီမှာကြည့်ပြီးသွားပြီ။
မိုက်တယ်နော်။