“မျိုး အထဲဝင်ရအောင်၊ အေးလာပြီ“
ချိုနွဲ့နွဲ့ သူ့အသံနဲ့ သမင်မမျက်လုံးတွေကို ကိုယ်ဘာများ ပြောနိုင်ဦးမှာလဲ။ ငြင်းဆန်ဖို့ ဘယ်လိုမှ အားမရှိ။
မီရှဲလ်ဟာ သူလိုချင်တာတွေကို ချိုချိုအေးအေးလေးပြောတတ်တဲ့နေရာမှာ သိပ်ကျွမ်းကျင်တယ်။ ကိုယ်ကလည်း ချိုချိုသာပြော ချောက်ကမ်းပါးထဲ အခု ခုန်ချရမလား၊ နောက်ဖေးလမ်းကြားထဲ ဖိနပ်မပါဘဲ သွားခိုင်းမလား၊ ဆန်နှစ်အိတ်ထမ်းပြီး ရပ်ကွက်သုံးပတ်လောက် ပြေးရမလား၊ ဖြစ်တယ်။
မချိုလို့ကတော့ ဘယ်လောက်ဈေးကြီးတဲ့ ပန်းသီးကျွေးကျွေး လှည့်တောင် မကြည့်တဲ့သူမျိုးဆိုတော့ မီရှဲလ်နဲ့မှလိုက်တာလို့ သူငယ်ချင်းတွေက မပြောသော်လည်း ပြောသလိုရှိတဲ့အကြောင်း သူတို့မျက်လုံးတွေ ကြည့်ရင် သိတာပေါ့လေ။ ဒါကို ဒီလောက်တော်တဲ့ မီရှဲလ်လည်း သိမှာပါပဲ။ ကိစ္စမရှိ၊ သူသိ ကိုယ်သိ အားလုံးသိ ပိုတောင်ကောင်းသေးတာပ။
အပြင်မှာတော့ မိုးကဖွဲဖွဲလေး ရွာနေတုန်း…။
ဟုတ်ပ၊ အထဲဝင်လိုက်လာမှ ပိုပြီးအေးလာသလိုမျိုး ခံစားရတယ်။ ခုန အိမ်ရှေ့ကပြင်လေးမှာထိုင်ပြီး ဘလက် ကော်ဖီတစ်ခွက်စီနဲ့ အိုဘားမားနဲ့ မီရှဲလ်အိုဘားမားတို့အကြောင်း ပြောနေတုန်းကတော့ နှစ်ယောက်သား ငြင်းလိုက်ခုံလိုက် ရယ်လိုက်မောလိုက်နဲ့ အေးလို့အေးမှန်း မသိခဲ့ဘူး။ ကိုယ်ပြောချင်တာ နိုင်အောင်ပြောဖို့ပဲ စိတ်လောနေခဲ့ကြတာ၊ အခုတော့ ကိုယ့်လက်နဲ့ကိုယ့်ပါးလေး ပြန်ကိုင်စမ်းကြည့်မှ အေးစက်နေတာ သတိထားမိတယ်။ မီရှဲလ်ကိုပဲ ကျေးဇူးတင်ရသေးတော့။
မီရှဲလ်အိုဘားမားနဲ့ နာမည်ချင်းတူတဲ့ ချစ်သူကလေးမီရှဲလ်ဟာ အရပ်မြင့်သလို နှုတ်ခမ်းလေးကလည်း ကိုယ့်အကြိုက်ထူထူထဲထဲရှိလှတယ်။ ကိုယ်လုံးကျစ်ကျစ်ကလေးဟာ သူဝတ်တဲ့မီနီစကပ်တွေနဲ့ဆို သိပ်လိုက်တာပါပဲ။ ကိုယ့်အရပ်ထက်လွန်သွားမှာစိုးလို့ ဒေါက်မြင့်ဖိနပ်ကို နှစ်လက်မထက် ပိုမစီးရှာတာကိုပဲ ကိုယ်ကကြိုက်ပြီး ကျေးဇူးတင်နေမိသေးတယ်။ ဟုတ်တယ်လေ၊ သုံးလက်မအမြင့်လောက်စီးလိုက်ရင် ကိုယ့်ထက်ယောင်ယောင်လေး မြင့်သွားမှာကိုး။
မီရှဲလ်ကို ကိုယ်ချစ်တာ ဘာကြောင့်ချစ်မှန်းမသိ(အချစ်က အဓိပ္ပါယ်ဖွင့်မရဘူးလို့ဆိုသကိုး)ပေမယ့် ကိုယ့်အကြိုက်နေတတ်ထိုင်တတ်တာနဲ့ ပါးနပ်တာကို ချစ်တာလို့တော့ ကိုယ့်ဟာကိုယ်ထင်မိတာပဲ။
တော်တဲ့မိန်းမတွေ အများကြီးတွေ့ဖူးတဲ့၊ အလွန်ချောတဲ့မိန်းမတွေနဲ့ တရင်းတနှီးရှိဖူးတဲ့ ကိုယ့်အတွက်တော့ မီရှဲလ်လောက်ပါးတဲ့ နပ်တဲ့ လူ့ကြောကျေတဲ့ မိန်းကလေးမျိုး မတွေ့ဖူးပါဘူးလို့ ပြောလိုက်ရင် ရင်းနှီးတဲ့ သူငယ်ချင်းမိန်းကလေးတွေက “ငမျိုး၊ အပိုကြီး၊ အရူးကြီး“လို့ မလိုတမာနဲ့ ကဲ့ရဲ့ရှုတ်ချကြမှာကို စိတ်ကူးနဲ့မြင်ယောင်ကြည့်ရင်း ပြုံးမိပါသေးတယ်။
ကိုယ်အခန်းထဲ လိုက်ဝင်လိုက်တော့ မိုးပက်မှာမို့ ပြတင်းတံခါးတွေပိတ်ထားသလို ပြတင်းက ခန်းစီးတွေလည်း ဆွဲစေ့ထားတာတွေ့ရတယ်။ အခန်းထဲမှာတော့ နည်းနည်းနွေးနွေးထွေးထွေးဖြစ်နေလို့ တော်ပါသေးရဲ့လို့ တွေးလိုက်မိသေးတယ်။ မီရှဲလ်ကတော့ ရေချိုးခန်းထဲမှာ ရေနွေးနဲ့မျက်နှာသစ်နေလား၊ သွားတိုက်နေလားမသိပါ ဘူး ရေသံနည်းနည်းကြားရတယ်။
နှစ်ယောက်အိပ်ကုတင်ပေါ်ကို ကိုယ်အသာအယာလှဲချလိုက်တယ်။ ကုတင်ကပေးတာက မီရှဲလ်ရဲ့ကိုယ်ကထွက်တဲ့ အနံ့လေးတွေပါ၊ မီရှဲလ်ကိုယ်ကထွက်တဲ့ အနံ့လေးတွေကို ကိုယ်က သိပ်ချစ်တယ်။ ရေမွှေးနံ့လည်းမဟုတ်ဘူး။ တစ်မျိုးပဲ။ ကိုယ့်အတွက်တော့ သိပ်ချစ်ဖို့ကောင်းတယ်။
မိုးသံက နည်းနည်းလေးတောင် ကြားလာရတယ်။ မိုးက ခပ်သည်းသည်းလေး ရွာနေတယ်ထင်ပါ့လို့ စိတ်ထဲက တွေးလိုက်တယ်။ ပြတင်းကို မိုးစက်လေးတွေရိုက်သံ၊ အိမ်ခေါင်မိုးပေါ်ကျသံတွေဟာ စန္ဒရားလှထွတ်ရဲ့လက်သံကို နားထောင်နေရသလိုပါပဲ၊ ခပ်ကြမ်းကြမ်းတီးလိုက် ဖော့ဖော့လေး ဖျော့ချလိုက်နဲ့၊ လှချင်သလိုလှနေတဲ့ သြစတြေးလျမင်းသမီးနီကိုးလ်ကစ်မင်းကို ကြည့်နေရသလိုမျိုး။ အလိုလိုနေရင်း ရင်တောင်ခုန်လာတယ်။
အော်…သူ့ကုတင်ပေါ်လေး အိပ်ရုံနဲ့တင် ညှို့ရက်နိုင်အားကြီးတယ်လို့ စိတ်တောင်ဆိုးချင်လာတယ်။ ဒါပေမယ့် ဟန်လုပ်ဆိုးတဲ့ပုံပါ။ ကလေးတစ်ယောက် အမေ့ဆီက မုန့်ဖိုးတောင်းတာ မရလို့ နှုတ်ခမ်းကို တွင်တွင်စူပုပ်ထားပုံမျိုး၊ စိတ်ဆိုးနေကာမှ ချစ်သူက အသည်းယားလာအောင် ထပ်လာစတဲ့အခါ ဖြစ်တဲ့စိတ်မျိုး၊ ဘာတဲ့ နွဲ့ပြီးဆိုးတဲ့ နွဲ့ဆိုးဆိုလား။ နွဲ့ နွဲ့ နွဲ့ကာဆိုးတော့ သနားကာပင် သူ့ကို သဒ္ဓါကပိုဆိုသလိုမျိုး။
မီရှဲလ်ကလည်း သဒ္ဓါပိုလွန်းသူပဲလို့ သဘောကျကျတွေးရင်း မိန့်မိန့်ကြီးပြုံးလိုက်သေးတယ်။ ရှင်ဘုရင်ကြီးတစ်ပါး တော်ကောက်ဖို့အရေး သလွန်ထက်လျောင်းစက်ရင်း တစ်တိုင်းတစ်ပြည်လုံးက ရှိရှိသမျှ မိန်းမချောမိန်းမလှ တွေထဲက လက်ရွေးစင် ၁၀ ယောက်ကို အပြန်ပြန်အလှန်လှန်ကြည့်နေသလိုမျိုး။
မီရှဲလ်က ကိုယ့်ကို တစ်ချက်ပြုံးပြရင်း ဖြစ်သလိုကန့်လန့်ကြီး လှဲအိပ်နေတဲ့ကိုယ့်ကို ကုတင်ထက်နေသားတကျပုံစံ ဖြစ်အောင် ဖြည်းဖြည်းချင်းချင်းတွန်းရွှေ့ နေရာပြင်ပေးလိုက်တယ်။ မိုးမှောင်ပြီး မိုးအေးအေးလေး ဆက်တိုက်ရွာနေလို့သာ၊ အချိန်က ရှိဦးမှ ညနေလေးနာရီခွဲ ငါးနာရီ၊ ဒီထက်တော့ မပိုလောက်သေး။
ချစ်ခြင်းဖွဲ့သီရင် ဆောင်းညနေဦးတွေဟာ နွေညနေဦးတွေထက် ပိုတာသွားတယ်လို့ ချစ်မှုရေးရာကျွမ်းကျင်သူ တစ်ဦးရေးတဲ့ စာတစ်အုပ်မှာ ကိုယ်ဖတ်ရဖူးတယ်။ သူတို့ဆီမှာတော့ မိုးတွင်းဆိုတာမှ သတ်သတ်မှတ်မှတ် မရှိတာလေ၊ ခုတော့ ကိုယ်တို့က မိုးညနေဦးလေးတစ်ခုထဲမှာ…။
ညအိပ်ဝတ်အင်္ကျီအပြာရောင်နုလေးနဲ့သူ့ကိုယ်သူထုပ်ထားသလိုမျိုး နွေးနွေးထွေးထွေးလေးဖြစ်နေတဲ့ မီရှဲလ်ကို တစ်ချက်ပွေ့ဖက်လိုက်ရတာကိုကပဲ ခုနအေးသလို ချမ်းသလို စိတ်ဆိုးချင်သလိုဖြစ်နေတဲ့စိတ် ဘယ်သွားချိတ်နေ မှန်းကို မသိတော့ပါဘူး။ တကယ်ကို နွေးပြီးမွှေးနေတာပါပဲ။
မျက်နှာကြက်မှတော့ အပြာရောင်မီးလုံးလေးက တစ်ခန်းလုံးကို အပြာရောင်တွေ သွန်ချထားသလိုမျိုး။ အနုပညာတွေဆိုတာ ဒီလိုအခန်းတွေထဲကထွက်တာလို့ ဘာဖြစ်လို့လဲမသိ ချက်ချင်းကြီး အဲဒီလိုသဘောပေါက်မိ သွားတယ်။
အနုပညာဆိုမှ ဆိုင်မွန်ရဲ့ ပန်းချီပြပွဲသွားကြည့်ရဦးမယ်လို့ သတိရတော့တယ်။ သူက တကယ်တော့ ရယ်ရတယ် “အနုပညာဆိုသည်မှာ ကျွန်ုပ်ပြုလုပ်တာ“ဆိုတဲ့ ခံယူချက်နဲ့လူ၊ ကိုယ်ကတော့ အနုပညာဆိုတာ သူ့အလိုလို ဖြစ်နေတာလို့ ခံယူထားတဲ့လူ။
လုပ်တာဟာ လုပ်တာပဲ အနုပညာမဟုတ်ဘူး။ သူ့ဟာသူ ဖြစ်နေတာ၊ သူ့ဟာသူဖြစ်သွားတာမှ အနုပညာပဲ။ လုပ်ယူလို့ရမှတော့ အများကြီးဖြစ်နေမှာပေါ့။ “အနုပညာကို နှစ်ခါလုပ်လို့ မရဘူး“လို့ ဆရာတချို့ပြောကြတယ် မဟုတ်လား။
ဆည်းဆာကိုကြည့်၊ ရွေ့နေတဲ့ တိမ်တွေကိုကြည့်၊ ကမ်းစပ်ကို နမ်းရှိုက်တဲ့ လှိုင်းကလေးတွေကိုကြည့်၊ ကိုတုတ်ပေါအိမ်နောက်က နွားတင်းကုပ်နဲ့ အူနေတဲ့မီးခိုးတွေကိုကြည့်၊ မီရှဲလ်ကိုကြည့် နှစ်ခါထပ်တူကျတဲ့ ခံစားမှုမျိုး တစ်ခါမှ မရဖူးဘူး။ ဒါမှ အနုပညာ။
ကိုယ့်ဘာသာကိုယ်ကြိတ်တွေးပြီးပြုံးနေတဲ့မျက်နှာကို ကိုယ့်ဟာကိုယ်စိတ်ထဲကပြန်မြင်ကြည့်ရင်း “ငါကွ“လို့ အရသာခံစားလို့ကောင်းနေတုန်း နောက်ကနေ တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်တဲ့ မီရှဲလ်ကြောင့် နောက် အနုပညာတစ်ခုတော့ ခံစားဖို့ဖြစ်လာပြီလို့ ဆက်တိုက်တွေးဖြစ်လိုက်သေးတယ်။
စိတ်ကူးထဲက စန္ဒရားသံရယ်၊ မိုးသံလေးရယ်၊ အပြာရောင်မီးလုံးလေးနဲ့ နွေးထွေးနေတဲ့ အခန်လေးထဲမှာ မီရှဲလ်နဲ့ကိုယ်၊ အလိုလို တစ်ခုခုဖြစ်တော့မယ်။
အဲဒီညဟာ အနုပညာမြောက်ခဲ့ပြန်တယ်။
ညနေ ၆ နာရီ၊ နိုဝင်ဘာ ၂၊ ၂၀၀၉။
သိပ်ကောင်းတာပဲ။ ၀တ္ထုတွေထဲမှာ ဒီအပုဒ်ကို အကြိုက်ဆုံးပဲ။
Bravo !
ဆန်အိတ်၃အိတ်လောက်ကတော့ အသာလေးပဲ ဆိုတာယုံတယ် .. တမာတကောသွားတုန်းက ဆန်အိတ်ထမ်းတာ ကိုယ်တွေ့ကိုး 😉
ဒီဝတ္ထုလေးကိုသိပ်ကြိုက်တယ်