“နေကောင်းလား“

“နေကောင်းလို့ တွေ့တာပေါ့ကွာ၊ မင့်အမေ့လင် မင်းအဖေ“

မြန်မာချင်း တွေ့ကြ နှုတ်ဆက်ကြသောအခါ စတင်ပြောဆိုစရာ စကားလုံးတွေက ပေါကြွယ်ဝလှသော်လည်း မလုံလောက်သေးလို့ ကိုယ်တစ်ယောက်တည်း ထင်နေမိတယ်။ တီထွင်ကြည့်ရင်ကောင်းမလားလို့တောင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့စိတ်နဲ့ တွေးနေမိသေးတယ်။ ခပ်ရွယ်ရွယ် အရွယ်ရောက်လာတဲ့ ကိုယ်တို့အတွက်တော့ နေကောင်းလားလို့ မေးလာရင် စောနလို ပြန်လည်ရန်ထောင် နှုတ်ဆက်တတ်ကြပါတယ်။

ဟုတ်တော့လည်း ဟုတ်နေတာပါပဲ။ မြန်မာတွေက တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ရင်းနှီးကြသလို အဲဒီလို ချစ်ခင်ရင်းနှီးကြတဲ့အလျောက် လည်း ပွင့်လင်းနွေးထွေးစွာနဲ့ ရန်လို(aggressive)တဲ့ပုံစံသုံးကာ ချစ်စရာ ရန်ပြန်ထောင်တတ်ပါတယ်။

“ထမင်းစားပြီးပြီလား“လို့ ပဋိသန္ဓာရစကားပြောမိရင် “မစားရသေးရင် မင်း ကျွေးမှာမို့လား“လို့ ပြန်ပြီး တုန့်ပြန်တတ်ပါတယ်။ ချစ်ဖို့ကောင်း တယ်လို့တော့ထင်တာပဲ။ “မင်္ဂလာပါ“လို့ သွားလုပ်မိရင်လည်း “မင်းက လူကို မင်္ဂလာမရှိတဲ့ကောင်“လို့ မှတ်တာပေါ့လေလို့ ရိသဲ့သဲ့နဲ့ လုပ်တတ်ပါသေးတယ်။

ရှိပါသေးတယ်။ “ဘယ်သွားမလို့လဲ“မေးမိရင်“မင့် သတင်းပို့နေရဦးမှာလား၊ တော်တော်ရှုပ်တဲ့ကောင်ပဲ“လို့ မျက်နှာတည်တည်နဲ့ ပြန်ပြောတာမျိုးကလည်း ရှိပါသေးတယ်။ “အဆင်ပြေလား“ဆိုတာကိုတော့ “မပြေတော့ မင်းက ပိုက်ဆံချေးမှာမို့လား“ လို့ဆိုတတ်ပြန်ပါ တယ်။

အင်္ဂလိပ်တွေကတော့ good morning! တို့၊ how are you? တို့၊ hello! တို့၊ hi! တို့နဲ့ နှုတ်ဆက်ကြပါတယ်။ သူတို့မှာကော နောက်ပြောင်လို့ပဲ ဖြစ်ဖြစ် ချစ်စရာကောင်းတဲ့ရန်သံလို့ဆိုဆို ခုနကပြောခဲ့သလို တုန့်ပြန်ကြသလားဆိုတာတော့ သိပ်မသိသေးပါဘူး။ တွေ့ရသလောက်တော့ hi! ဆို hey ဆိုပြီး ပြန်လုပ်ကြပါတယ်။ good morning ဆိုလည်း ပြန်ပြီး good morning လုပ်တာတွေ့ရပါတယ်။

good morning ဆိုတာ မင်္ဂလာနံနက်ခင်း လို့ ဘာသာပြန်လို့မရသလို how are you? ကလည်း နေကောင်းလား မဟုတ်ဘူးလို့ ဆရာသမား တစ်ယောက် ပြောတာ ကြားဖူးပေးမယ့် ဘယ်လိုမတူတာလဲ မေးတာကိုတော့ ဆရာသမားက သေချာမဖြေလို့ အခုထက်ထိ မသိရသေးပါဘူး။

မြန်မာတွေရဲ့ထူးခြားတာတစ်ခုကတော့ ခုနလို စကားနဲ့ နှုတ်မဆက်ဘူးဆိုရင်တောင် တစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အခါ ပြုံးပြရယ်ပြကြတာကို တွေ့ရပါတယ်။ အပြုံးချင်းဖလှယ်ပြီး နှုတ်ဆက်လိုက်တာပေါ့လေ။

တောရပ်ဘက်မှာတော့ “အရီးလေးရေ…´´ “ယောက်မရေ…´´“ယောက်ဖရေ…“တို့နဲ့ နှုတ်ဆက်တတ်ကြပါတယ်။ သူငယ်ချင်းကောင်းယောက်မတို့ရေ..အစချီတဲ့ကဗျာတွေကို ငယ်ငယ်က သင်ကြားခဲ့ရသလို တလောကပဲ ယောက်ဖရေနဲ့ အစချီတဲ့ စတီရီယိုသီချင်းတစ်ပုဒ်ပေါက်သွားတာကိုလည်း တွေ့ရပါတယ်။

ဆိုချင်တာက မြန်မာချင်း ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ခေါ်ဝေါ်နှုတ်ဆက်တဲ့အခါမှာ ချစ်စရာကောင်းသလို ရင်းနှီးတဲ့အတွက် တုန့်ပြန်သံမှာလည်း ရန်သံတွေ ပါနေတတ်ပေမယ့် ချစ်ဖို့ကောင်းတယ်လို့ ခံစားရလို့ပါ။ ဒီရောက်တော့ ကိုယ်ကလည်း မြန်မာလို သိပ်ပြီး နှုတ်မဆက်တော့သလို ခုနပြောသလို တုန့်ပြန်မှုတွေလည်း မကြားရတော့ပါဘူး။

လွမ်းမိပါရဲ့။

မနက် ၉ နာရီ၊ အောက်တိုဘာ ၂၅၊ ၂၀၀၉။