တစ်ရက်နှစ်ရက်ရှိပြီ၊ တော်တော်အေးလာခဲ့ပြီ။
မိုးလေ၀သသတင်းအရဆိုရင် ၄ ကနေ ၁၄ ဒီဂရီစင်တီဂရိတ်အတွင်းမှာပဲ ရှိတော့တယ်။
ညဘက်ဆို ၄ ကနေ ၆ အတွင်းမှာပဲရှိတော့ အတွင်းခံဘောင်းဘီကော၊ ပုဆိုးကော၊ အနွေးထည်ကောဝတ်ပြီး ဒူဗေး(duvet ဂွမ်းကတ်)ပါခြုံအိပ် တာတောင် အနွေးဓာတ်က လိုနေသေးတယ်။
အိမ်ရှင်ကိုတော့ အပူငွေ့ထုတ်ပေးတဲ့စက်(heater)ဖွင့်ခိုင်းမှ ဖြစ်တော့မယ်လို့ ညကတွေးပြီး အေးလွန်းလို့အိပ်မပျော်တပျော်နဲ့ပဲ မိုးလင်းလိုက်ရ တယ်(တကယ်က မိုးက မလင်းသေးဘူး၊ နံနက် ၆ နာရီတောင်ခွဲနေပြီ)။ ရုံးနောက်ကျမှာစိုးတာနဲ့ ထရပြီ ပြင်ရဆင်ရပြီ။
မနက်က အိပ်ရာထပြီး ရုံးသွားဖို့ လုပ်တုန်းကိုင်တုန်းမှာပဲ အိမ်ရှင်လင်မယားအလုပ်ရှုပ်သံတွေ ကြားလိုက်ရတယ်။ ကလေးမျက်နှာမြင်ပြီထင်ပါ့လို့ တွေးလိုက်မိတယ်။ ကိုယ်ဝန်နေ့စေ့လစေ့မို့ ဒီရက်ပိုင်းအတွင်းမွေးမယ်လို့ကြားထားပြီးသား၊ အခုတော့ မွေးပြီ၊ ဆေးရုံသွားကြပြီ။ သမီးလေးမွေး သတဲ့၊ အင်္ဂါသမီးကလေးပေါ့။ လောကထဲ လူသစ်လေးတစ်ယောက်ဝင်လာပြန်ပြီပေါ့။
ဒီနေ့တော့ မင်္ဂလာရှိလှတယ်။ ကလေးမွေးတယ်(ရှင်သန်တယ်)ဆိုတာ မင်္ဂလာပဲပေါ့။
ကိုယ်လည်း စိတ်လက်ကိုယ်ပေါ့ပါးစွာနဲ့ အိမ်ပြင်ထွက်လိုက်တော့ လေချိုအေးက သုတ်တယ်။ မျက်နှာကို ဖြန်းကနဲ ရေအေးပက်သလို အေးစက်သွားတယ်။ ရှပ်အင်္ကျီ၊ စွယ်တာ၊ အပေါ်ဂျက်ကတ် အပေါ်ပိုင်း သုံးထပ်ဝတ်၊ အောက်က ဂျင်းဘောင်းဘီကို စွတ်၊ လည်ပင်းမှာ စကပ်ဖ်(scarf မာဖလာ)ပတ်ထားတာအောင် အေးလှတယ်။
ခြေလှမ်းသွက်သွက်လျှောက်တော့ ခြေလှမ်းတွေက ထုံချင်နေတယ်။ ညက နှာခေါင်းထဲက ချေး(ဂျီး)ကို ကလော်ထုတ်တော့ သွေးစလို အနီရောင်လေးတွေ့တယ်။ အေးလို့ဖြစ်တာပဲ။ အအေးကြိုက်တဲ့သူတောင် အအေးကို တော်တော်ခံရတဲ့သဘောရှိတယ်။
ရုံးကအစ်မတွေကတော့ “မင်း ဒါက အစပဲရှိသေးတယ်၊ နောက်ပိုင်း ဒီထက်ဆိုးလိမ့်မယ်“လို့ပြောလာတယ်။ ခန္ဓာကိုယ်ကို ကောက်ညှင်းပေါင်း လို ကျပ်ထုပ်နွေးထွေးထားနိုင်ဖို့ thermal ၀တ်ဖို့ပြောတဲ့သူကပြော၊ နောက်ထပ်ဂျက်ကတ်ကောင်းကောင်းထူထူ အအေးဒဏ်ခံနိုင်တဲ့ဟာ ၀ယ်ဖို့ ပြောတဲ့သူကပြောနဲ့ အကြံဥာဏ်တွေပေးကြတယ်။
မနက်ပိုင်းလမ်းပေါ်မှာ လှမ်းလျှောက်လာတဲ့အခါ ကိုယ်သိပ်သဘောကျတဲ့ လမ်းဘေးဝဲယာက သစ်ရွက်တွေဟာ စကြွေကြပြီလေ၊ ဆောင်းအ၀င်မှာ သစ်ရွက်တွေကြွေလို့ မကြာခင်ဆို အရိုးပြိုင်းပြိုင်းနဲ့ ကမ္မဌာန်းသစ်ပင်တွေဖြစ်တော့မှာပေါ့။
အ၀ါရောင်သစ်ရွက်ကြွေတွေဟာ ဖလက်ဖောင်းနဲ့ ကားလမ်းစအစပ်တွေမှာ ပုံလို့ဝဲလို့၊ လမ်းလျှောက်တဲ့သူတွေက သစ်ရွက်တွေပေါ်ဖြတ်လျှောက် ကြလို့ ထွက်လာတဲ့အသံလေးတွေဟာ ဂီတသံလေးလို ခပ်ချိုချိုပါပဲ။
လန်ဒန်မှာ အမှိုက်သိမ်းစနစ်ဟာ ယေဘူယျဆိုရင် ကောင်းတယ်လို့ဆိုရပေမယ့် သစ်ရွက်တွေကိုတော့ လတ်တလောသိမ်းကျုံးတာ မတွေ့မိဘူး။
ရန်ကုန်မြို့စွန်က ရပ်ကွက်တွေလို အမှိုက်တွေစု လှဲကျင်းပြီး မီးရှို့လိုက်တာမျိုးလည်း မတွေ့ရဘူး။
အမေရိကရောက်တုန်းကတစ်ခါ၊ ဂျပန်ရောက်တုန်းကတစ်ခါ လမ်းမပေါ်မှာ သစ်ရွက်တွေကို ဒီအတိုင်းအလှထားတာကို သဘောကျဖူးတယ်။
တိုကျိုမှာဆို စေတနာ့ဝန်ထမ်းအမှိုက်ကောက်တဲ့သူ(ကုမ္ပဏီတွေ၊ ရုံးတွေက အသက် ၃၀ ၀န်းကျင်လူလတ်တွေပါပဲ၊ နေ့လယ်ထမင်းစားနားတုန်း အမှိုက်ကောက်ပေးတာ)တွေက တကယ့်အမှိုက် စက္ကူစုတ်၊ ကြွပ်ကြွပ်အိတ် စတာတွေကိုပဲ ကောက်တယ်၊ သစ်ရွက်ကြွေတွေကိုတော့ လုံးဝ မကောက်ပါ။ လေချိုအေးအဝှေ့မှာ သစ်ရွက်ဝါလေးတွေ ရွှေ့နေတာကို အနုပညာတစ်ရပ်လို ခံစားကြတာကိုး။
လူဟာ ပြောင်းလဲတယ်ဆိုတာ ဟုတ်ပါတယ်။
ရန်ကုန်တုန်းက အမှိုက်ဆိုလှဲကျင်းပစ်လိုက်တာပဲ ကြိုက်ခဲ့ပါတယ်။ သစ်ရွက်လေးတစ်စ ကျန်နေခဲ့တာကအစ မကြိုက်တတ်ခဲ့ပါဘူး။
ဘုန်းကြီးကျောင်းသားဘ၀မှာကော၊ ဒုလ္လဘခဏ၀တ်တဲ့အခိုက်မှာပါ ဘုန်းကြီးကျောင်းနေရင်း သစ်ရွက် သစ်စ စတဲ့အမှိုက်တွေကို တစ်စမကျန်လိုက်ကောက်ပြီး အမှိုက်တောင်းထဲထည့်တာပါပဲ။
ငယ်ငယ်က ကိုယ့်စိတ်ကူးကိုယ့်အတွေးကိုယ့်ပြုမူဆောင်ရွက်ချက်ကို အခုထက်ထိ မှတ်မိနေသေးတယ်။
ဆောင်းအကုန်နွေအကူးလေရူးကြောင့် သစ်ရွက်တွေကြွေပေါ့။ လေလိုက်လိုက်တိုင်း ဗောဓိညောင်ပင်ကြီးက သစ်ရွက်တွေဟာ အရွက် ၁၀၀ မကဘူးကြွေတယ်။ သစ်ပင်ကြီးက ကြီးတော့ ကြွေတဲ့သစ်ရွက်ကလည်း များတာပေါ့။
လေတိုက်တိုင်းကြွေ၊ ကြွေလိုက်တိုင်းကောက်နဲ့ ငယ်ကလည်းငယ် မြန်ကလည်းမြန်ဆိုတော့ ညောင်ပင်က ကိုယ်ကောက်နိုင်သလောက် မကြွေနိုင် တော့ဘူးဖြစ်သွားတယ်။ ကိုယ်က ညောင်ပင်ကြီးမော့ကြည့်ပြီး လေတိုက်တဲ့အခါ သစ်ရွက်ဘယ်ဘက်ကျမလဲ စောင့်ကောက်တဲ့အဆင့် ဖြစ်လာ တယ်။ အဲဒီတုန်းကတော့ အမှိုက်ဆို မြန်မြန်ရှင်းပစ်လိုက်ဖို့ပဲ စိတ်ရှိခဲ့တယ်။
အခုတော့ အဲဒီအမှိုက်(သစ်ရွက်ကြွေ)ကိုပဲ ကြွေလာလည်း ခံစားကြည့်၊ အောက်ပြုတ်ကျတော့လည်း မသိမ်းဆည်းဘဲ အလှကြည့်၊ လေတိုက်တဲ့ အခါ ရွေ့သွားတဲ့အသံနားထောင်၊ သစ်ရွက်တွေပေါ် ဖြတ်သန်းလျှောက် အနုပညာမြောက်နေတာများ ကိုယ်ကြိုက်တတ်ခဲ့ပြီ၊ ခံစားလို့ရခဲ့ပြီ။
လူဆိုတာ တကယ်ကိုပြောင်းလဲတာပဲ၊ မပြောင်းလဲဘူးဆိုရင် ညာတာပဲဖြစ်ပါလိမ့်မယ်။ အခုတော့ လေချိုအေးနဲ့ ရွက်ဝါကြွေတွေဟာ ကိုယ့်အဖော်ဖြစ်နေပြီပေါ့။ လေချိုအေးကို ရင်ဆိုင်လို့ ရွက်ဝါကြွေတွေကို နင်းဖြတ်ရင်း အနုပညာဆန်ဆန်ပြုံးတတ်လိုက်တာ နံနက်ခင်းနှစ်ခုကို ကျော်ခဲ့ပြီးပြီပေါ့။
(တစ်ပတ်လောက်ကြာတော့ ထပ်တွေ့ရတာက ဒီမှာက သစ်ရွက်ခြောက်တွေကို လေးငါးရက်ကြာမှ စုကျုံးထည့်ပြီး ပလတ်စတစ်အိတ်နဲ့ ထုပ်ထည့် ထားတာကို တွေ့ရပါတယ်။ ဘယ်သူကျုံးလိုက်သလဲတော့ မသိပါ၊ ဖြစ်နိုင်တာကတော့ ကောင်စီ(ရပ်ကွက်ထဲက အိမ်တွေရဲ့ ပြုပြင်မှုကအစ ရပ်ကွက်အတွင်း စည်ပင်သာယာရေး၊ လူမှုရေးကိစ္စတွေကို ကောင်စီက စီမံခန့်ခွဲပါတယ်)က ခန့်ထားတဲ့ တစ်ယောက်ယောက်က လာကျုံးထည့်သွားပုံရပါတယ်။ ကောင်စီထဲနေတဲ့သူတွေကတော့ လုပ်မယ်မထင်ပါ၊ သစ်ရွက်ခြောက်တွေကို ထုပ်ထားလိုက်တော့ မနက်ပိုင်း အမှိုက်ကားလာတဲ့အခါ သူ့ဟာသူ ကောက်ယူသွားရုံပဲဖြစ်ပါတယ်။ ဒီအခါကျတော့လည်း ပလက်ဖောင်းတစ်လျှောက်ဟာ အလှူကပြန်လာပြီး မိတ်ကပ်တွေဖျက်လိုက်တဲ့ မိန်းမတစ်ယောက် ဒါမှမဟုတ် ရှုတင်က ပြန်လာပြီး မိတ်ကပ်တွေခြစ်ချလိုက်တဲ့ မင်းသမီးတစ်ယောက်ရဲ့မျက်နှာလို ပလိန်းကြီး ရှင်းပြောင်သွားတာကိုလည်း တွေ့ရတဲ့အကြောင်း နောက်ဆက်တွဲ ပြန်ထည့်ရေးလိုက်ပါတယ်။)
သန်းခေါင်၊ အောက်တိုဘာ ၂၀၊ ၂၀၀၉။
ဖတ်ရှုသွားပါတယ်။ အင်္ဂလန်ရဲ့ဗဟုသုတတွေရပါတယ်….။
ဟုတ်တယ်။ အေးလာပြီဗျို့ ။အိမ်မှာနေရင်းကို စောင်အောက်ကမထွက်ဖြစ်ဘူး(ခုရောပဲ) ။ စာရေးတတ်သူများကတော့ ဖွဲ့ဖွဲ့နွဲ့နွဲ့နဲ့။ ပြောတတ်လိုက်တာ။