ပြောရရင်တော့ သဘောကျစရာ မကောင်းပါဘူး၊ ကလေးကလားဆန်တယ်တောင် ဆိုရမလားပဲ၊ မြင်းစီးချင်တယ်။

မြေပြင်ကျယ် စိမ်းမြက်ခင်းပေါ် မြင်းကဆုန်ဆိုင်းစီးလိုက်ရရင် အလွန်အရသာရှိမယ်လို့ စိတ်ထဲစဉ်းစားမိတာ အကြိမ်ကြိမ်ပါပဲ။ မြင်းညိုချော သန်သန်ကြီး အပြေးမှာ မြင်းကျောပေါ် ဖင်ချမထိုင်အားဘဲ ဦးခေါင်းစိုက် လေကိုတွန်းခွဲသလို ခပ်ကိုင်းကိုင်းခန္ဓာသွင်ပြင်နဲ့ ဇက်ကိုင်ထားတဲ့ပုံဟာ အင်မတန်ဟန်ပါလိုက်မယ့်ဖြစ်ခြင်း၊ မြင်းစီးချင်တယ်။

လေထဲမှာ လှပ်ကနဲလှပ်ကနဲနဲ့နေအောင် တိမ်ထဲမှာ ပျံပြေးနေတယ်လို့ထင်အောင် မြင်းစီးချင်တယ်။ ငယ်ငယ်ကတည်းက ဘာရောဂါပေါက်တယ် မသိပါဘူး။ ရုပ်သံကလာတဲ့ Marlboro စီးကရက်ကြော်ငြာကြည့်ပြီး နွားကျောင်းသားလုပ်ချင်တယ်၊ အဲဒီတောင်ခြေတောင်ကြောတစ်ဝိုက်မှာ အားရပါးရ ကဆုန်ဆိုင်းမြင်းစီးချင်လိုက်တာလေ အသည်းကိုယားရော၊ မြင်းစီးချင်တယ်။

ကောင်းဘွိုင်မင်းသားကြီး ကလင့်ခ်အိစ်ဝု သရုပ်ဆောင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကြည့်ရတော့ အရူးစိတ်က ပိုတောင်ရင့်လာသေး၊ နေမြင့်လေ အရူးရင့်သလေ ဆိုသလိုမျိုး။ မင်းသားကြီးကလည်း မင်းသားသာပြောတယ်၊ မြင်းနိုင်ပုံမြင်းကိုင်ပုံများ တအားမိုက်တာပဲ။ မြင်းတစ်ကောင်လုံးကို စိတ်ကြိုက်ဆော့နေတာများ…အို…မြင်းစီးချင်တယ်။

အရက်သမားက အရက်ကြိုက်ပြီး အရက်ကောင်းကြောင်းပြောလို့ အရက်သောက်တယ်။ ဘာတဲ့..အရက်က သစ္စာရှိသတဲ့၊ သောက်ရင် မူးသတဲ့။ မင်းကလေးက(သူ့ချစ်သူပြောပါတယ်) သစ္စာမရှိဘူးတဲ့၊ သောက်ရင် မမူးဘူးတဲ့။ အို..ယောင်လို့ မိန်းကလေး သွားသောက်လို့ ဘယ်ရမလဲ၊ ချစ်လို့ပဲရတယ်ပြောရမှာပေါ့။

တကယ်က သူက အရက်ချည်းလှိမ့်သောက်ပြီး ကြင်နာရာကြင်နာကြောင်း တိုးတက်ရာတိုးတက်ကြောင်း မနေပြ မကြံဆလို့ မိန်းကလေးပီပီ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနေချင်တော့ ချစ်ပေမယ့်လည်း အားမကိုးရသူမှန်းသိတဲ့အခါ ခွာပြီးလစ်တာ…ကောင်မလေး အပြစ်ရှိတယ်လို့ ကိုယ်တော့ လုံးဝမမြင်မိပါဘူး။ လူ့သဘာဝပေပဲလို့ပြောရမယ်။ အခု ကိုယ့်အဖြစ်ကလည်း အဲဒီအရက်သမားလို ကိုယ်ကြိုက်တာသာ ကိုယ်လုပ် ချင်ပြီး ဘေးဘီကို ငဲ့မကြည့်ချင်တော့ဘူး၊ မြင်းစီးချင်တယ်။

စိတ်က စီးချင်နေတုန်း…ဟိုတစ်နေ့က ရုပ်မြင်သံကြားက လာတဲ့ပရိုဂရမ်တစ်ခုကြောင့် မျောက်လက်ထဲ အုန်းသီးထည့်ပေးလိုက်သလိုဖြစ်ပြီး ပိုလို့ ဂနာမငြိမ်ကိုဖြစ်ရော…ပရိုဂရမ်လေးက ကလေးတီဗီလိုင်းကလာတဲ့ အစီအစဉ်လေးပါ၊ မြို့နေကလေးတစ်စု(၁၀ နှစ်ကနေ ၁၅ နှစ်လောက်ရှိမှာ ပေါ့၊ ဒီမှာက ၁၆ နှစ်မပြည့်သေးရင် ကလေးပဲ)ကို ကန်ထရီးလို့ခေါ်တဲ့ ကျေးလက်ကိုပို့ပြီး ကျေးလက်လူ့မှုဘ၀ကို လေ့လာစေတာ။

အဲဒီကျေးလက်မှာ ရက်အပိုင်းအခြားလေးနဲ့နေ၊ စခန်း(ကမ့်)သွင်းလိုက်တာပေါ့လေ။ အစားအသောက်အနေအထိုင်အားလုံးကို တာဝန်ယူထားပြီး သူတို့က အဲဒီမှာနေရင်း ၀ိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်လို့ လက်တွေ့သင်ယူလုပ်ကိုင်စေတာမျိုးပေါ့။ အဲဒါကို တီဗီအစီအစဉ်အနေနဲ့ ရိုက်ပြတာပေါ့ လေ။

လူငယ်တွေအတွက်(အထူးသဖြင့် မြို့ပြလူငယ်တွေအတွက် သိပ်ကောင်းတဲ့အစီအစဉ်လေးပါပဲ၊ ယောက်ျားလေး မိန်းကလေး အရွယ်စုံလေးတွေပါ တယ်၊ ချစ်စရာအရွယ်လေးတွေကနေ လူပျိုကြီး အပျိုကြီးဖားဖားအရွယ်တွေအထိပါတယ်)အလွန်ကောင်းတဲ့အစီအစဉ်လေးပဲ။ မြန်မာပြည်မှာ လည်း အဲဒီလိုတီဗီအစီအစဉ်လေးတွေ လက်တွေ့ကျကျ၊ သဘာဝကျကျ(အင်မဟုတ်တဲ့)အစီအစဉ်လေးတွေ လုပ်နိုင်ရင် သိပ်ကောင်းမှာပဲလို့ တလက်စတည်း တွေးမိတယ်။

ကလေးတွေ အဲဒီလိုနေကြတဲ့အခါ ကောင်းဘွိုင်(နွားကျောင်းသား)လုပ်ရတဲ့နေ့လည်းပါတယ်၊ မြင်းစီးသင်ရတာ၊ နွားကျောင်းရတာတွေပါတာပေါ့။ သူတို့လေးတွေ ပင်ပန်းကြတယ်၊ ပထမတော့ မြို့ပြက ကလေးတွေပီပီ ပင်ပန်းတယ်၊ စိတ်မပါလိုပါသလိုလုပ်နေပြီး နောက်ပိုင်းကျတော့ တကယ် စိတ်ပါလာပြီး တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်ဖြစ်လာတာလေးတွေကို သေချာရိုက်ပြထားတာ၊ လူငယ်ကမ်းပိန်း(စည်းရုံးရေး)ပရိုဂရမ်လို့ပဲ ဆိုပါစို့။

အ၀တ်အစားကအစ

အဲဒီမှာပထမဆုံးစပြတာက မြင်းစီးမယ့်လူအတွက် အ၀တ်အစားက စပြတယ်။ တစ်ယောက်ကို ကောင်းဘွိုင်ရှပ်အင်္ကျီ(အပြာရောင်အကွက်)၊ ဂျင်း ဘောင်းဘီ၊ ကောင်းဘွိုင်စီးတဲ့ဖိနပ်၊ ဦးထုပ်၊ ခါးပတ်၊ ဟား….ရေလည်လန်းတယ်။ သူတို့ထဲမှာတောင် ပါလိုက်ချင်သေးတယ်။ အဲဒီဟာကြည့်ပြီး ရောဂါက ပြန်တက်လာတယ်။ မြင်းစီးချင်တယ်။

မြင်းရွေးတယ်

နောက်တစ်ကွက်ပြတော့ မြင်းရွေးရတယ်၊ ကလေးတွေရဲ့ အရပ် ကိုယ်အလေးချိန်နဲ့လိုက်တဲ့ မြင်းရွေးရတယ်။ အဲဒီမှာ တစ်ခုထည့်စဉ်းစားရသေး တာက မြင်းစီးမဲ့သူရဲ့ စိတ်နေသဘောထား၊ ဟား ဟား…ကိုယ်က မြင်းသာစီးချင်တာ အဲဒီလောက်အထိ ထည့်မစဉ်းစားဖူးဘူး။ မြင်းစီးရမယ့် ကလေးတွေကိုထိန်းတဲ့ မြင်းဆရာတွေ(ကောင်ဘွိုင်ကြီးတွေ)က ညွှန်ကြားတာကိုး။ သူတို့က ပြောတာက ဘယ်သူက ဘယ်လိုစိတ်နေသဘော ထားရှိတယ်၊ ဘယ်မြင်းကလည်း ဘယ်လိုစိတ်နေသဘောထားရှိတယ်။ ဘယ်သူက ဘယ်မြင်းကိုကိုင်၊ ဘယ်သူက ဘယ်မြင်းကိုယူ စသဖြင့် သူတို့ က အတွေ့အကြုံရှိတော့ အဲဒီလို ခွဲပေးလိုက်တာ၊ အာ…ကိုယ်ကတော့ ဟာ၊ တယ်ဟုတ်ပါလားပဲ ပြောနိုင်တော့တယ်။

မြင်းကိုလည်း လက်တွေ့စီးခိုင်းတယ်။ ကလေးမလေးတစ်ယောက်ဆို သုံးနှစ်သမီးကတည်းက မြင်းစီးလာတာတဲ့၊ အမယ် သူစီးတာ အကျ၊ ကောင်မလေးက အခုမှ ၈ နှစ်လား၊ ၉ နှစ်လား ရှိသေးတယ်၊ ပိန်ပိန်သေးသေး ချစ်စရာလေး၊ သူစီးတဲ့မြင်းက တော်တော်တောင်ကြီးနေတယ်။ အေးအေးသက်သာများ စီးနေလိုက်တာ…ကိုယ့်မှာ သွားရေတွေကျ၊ မြင်းစီးချင်တယ်။

ကလေးတွေက သူ့တို့ဘာသာမြင်းတွေကြည့်ပြီးကြိုက်ပြီး ရွေးထားတာတွေရှိတယ်၊ တချို့လည်း ကိုယ်နဂိုကြိုက်ထားတာနဲ့ ရတဲ့မြင်းက အံကျ၊ တ ချို့လည်း လွဲပြီးရတော့ မျက်နှာလေးတွေ မကောင်း၊ နောက်တော့ နွားမောင်းတာနွားဖမ်းတာတွေ သင်၊ ဖုန်တထောင်းထောင်းနဲ့ ပျော်ဖို့ကောင်း လိုက်တာများ၊ နွားကျောင်းသားမဖြစ်ခဲ့ရတာတောင် ကိုယ့်ဘာသာကိုယ် စိတ်မကောင်းဖြစ်သွားသေးတယ်။ ပေါတယ်လို့ဆိုချင်ဆိုတော့ မြင်းစီးချင် တယ်။

ဒါတောင် ဖတ်ရမယ့်စာ၊ ကြည့်ရမယ့်အီးမေးလ်က တစ်ဖက်နဲ့ဆိုတော့ ပရိုဂရမ်ကို အင်စိုက်အားစိုက်ကြည့်မနေနိုင်ဘူး၊ စကားပြောတာရှင်းပြနေ တာဆို မကြည့်တော့ဘဲ မြင်းပြမှပြန်ပြန်ကြည့်ဖြစ်တာ..ပရိုပရမ်ပြီးမှ အို..ပရိုဂရမ်လေး သေချာမကြည့်လိုက်ရဘူးဆိုပြီး စိတ်မကောင်းတွေဖြစ်လို့၊ မြင်းစီးချင်တယ်။

နောက် ခဏနေတော့ စကော့တလန်ဘက်က ရှုခင်းတွေပြ၊ မြက်ခင်းတွေ လွင်ပြင်တွေပြတော့ ဟောလီးဝုဒ်ရုပ်ရှင်တွေ၊ ကုလားကားတွေထဲမှာ မင်းသားတွေက မြင်းညိုချောကြီးတွေ၊ မြင်းဖြူကြီးတွေ စီးထွက်လာ၊ အဲ..နောက်.. ကောင်မလေး(မင်းသမီးပေါ့လေ)ကို စွေ့ကနဲပွေ့တင်ခေါ်ပြီး မြင်းစီးထွက်သွားတဲ့အခန်းတွေကို မျက်လုံးထဲ ပြန်မြင်လာပြီး ဟာ…ငါကွာ…မြင်းစီးမှဖြစ်တော့မယ်လို့ အံကိုကြိတ် နှုတ်ခမ်းကိုကိုက်လို့ ယတိပြတ်ဆုံးဖြတ်ချက်ကို အမြန်ချလိုက်ရတယ်။ မြင်းစီးချင်တယ်….မြင်းစီးမှဖြစ်တော့မယ်။

ည ၁၁ နာရီ၊ အောက်တိုဘာ ၁၉၊ ၂၀၀၉။