ဇာတ်လမ်းကတော့ ဟာသဇာတ်ပဲ၊ ဒါပေမယ့် ငိုလိုက်ရတယ်ဆိုသလို ကိုယ့်အဖြစ်ကလည်း သတိသံဝေ ဆင်ခြင်စရာပါ။

ခုတလော အေးလာတာရယ်၊ အင်္ဂလန်ရဲ့ဘောလုံးသမား နာမည်ကျော်စတား ဒေးဗစ်ဘက်ခမ်းကို အားကျတာရယ်ပေါင်းပြီး နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး မရိတ်ဘဲထားလိုက်တာ နှစ်ပတ်လောက်ရှိလာတော့ တော်တော်များလာတာပေါ့။ အဲဒီမှာ ဘာသွားတွေ့သလဲဆိုတော့ မုတ်ဆိတ်မွှေးဖြူနှစ်ချောင်း။

တွေ့တွေ့ချင်းတော့ သဘောကျပြီး ရယ်မိတယ်။ “အမယ် မုတ်ဆိတ်မွှေးအဖြူတောင် ပေါက်လာပြီ“ပေါ့။ မနှစ်ကလည်း ဆံပင်ဖြူတစ်ချောင်း ခေါင်းမှာစတွေ့တော့ ပထမတော့ အံ့သြသွားတယ်။ နောက်တော့ “အော် အသက်ရယ် ၃၀ ကျော်လာမှတော့ ဆံပင်ရယ် စဖြူပြီထင်ပါ့“လို့ တွေးမိပါတယ်။

အခုပြောနေရေးနေတာက အသက်ကြီးလာတာကို ရေးချင်တာလည်း မဟုတ်ဘူး၊ ဆံပင်ဖြူ မုတ်ဆိတ်ဖြူတာကို ရေးချင်တာလည်း မဟုတ်ဘူး။ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်ပြောင်းလဲမှုတွေဟာ သူ့အသက်အရွယ်နဲ့သူပြောင်းလဲနေတာ၊ တားဆီးလို့မရဘူးဆိုတာကိုလည်း သိထားတယ်။ ခန္ဓာကိုယ်ကြီး က နေ့စဉ်အိုမင်းပျက်စီးနေတာ၊ သေဖို့တစ်ရက်တစ်ရက်နီးလာနေတယ်ဆိုတာကိုလည်း သိထားပြီးသားဆိုတော့ ဒီဖြူတဲ့ကိစ္စက ဘာမှမဟုတ်ပါ ဘူး။

ဟုတ်တာက ကိုယ့်ကိုယ်ကိုယ် သဘောကျနေတာ၊ ကလေးကနေ လူငယ်၊ လူငယ်ကနေ လူကြီးဖြစ်လာနေတဲ့ ကိုယ့်ဟာ အခုထိ ကလေးလို တွေးတုန်း၊ ကလေးလို စဉ်းစားတုန်း၊ ကလေးလို နေထိုင်တုန်းဆိုတာပါပဲ။

စားချင်တာရှိရင် စားမယ်၊ လိုချင်တာမရရင် စိတ်ဆိုးမယ်၊ မကျေနပ်တာရှိရင် ထုတ်ပြောမယ်ဆိုတော့ ကလေး ဒါမှမဟုတ် ကလေးသာသာလေး ရှိနေသေးပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပြန်မြင်ကြည့်တော့ ခုနပြောသလို သဘောလည်းကျ၊ အားလည်း မရလှဘူး။

ဘ၀ဟာ နေသာထိုင်သာကောင်းရုံလေးရှိလာတယ်လို့ပြောရပေမယ့် အချိန်မရွေးလည်း ရှောဘရားသားပြသွားနိုင်တာကိုး၊ သူငယ်ချင်းတစ်ယောက် တလောက ဆုံးတယ်၊ နောက်ထပ် သူငယ်ချင်းတစ်ယောက် နှလုံးရောဂါနဲ့ အသည်းအသန်ဖြစ်နေတယ်။ ကိုယ်က ဆုတောင်းပေးတာမျိုးပဲ လုပ်နိုင် တယ်။ ခဏနေရင် ကိုယ်လည်း ဒီလိုပဲ နာကျင်ခံစားရတော့မယ်၊ ပြီးရင် သေတော့မယ်။ ဘ၀ဆိုတာ နောက်တီးနောက်ချာလုပ်လို့မရဘူးပဲ။

မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ တရားထိုင်မယ့်ယောဂီကို တရားမထိုင်ခင် ဆင်ခြင်စေတာက…

“ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်။ အသေမဦးခင် ဥာဏ်ဦးအောင် အားထုတ်ပါတော့မည်“တဲ့။

အချိန်မရွေး သေသွားနိုင်တာပါကလား။

မုတ်ဆိတ်လေးနှစ်ပင် ဖြူတာများကွာ၊ သေဖို့အထိတွေးပြီး ကြောက်နေတာကတော့ ရယ်ချင်စရာကောင်းပါတယ်လို့ ပြောကောင်းပြောနိုင်ပါတယ်။

ဒီလိုမဟုတ်ပါဘူး။

ဘ၀ဆိုတာ မွေးဖွားလာခြင်းနဲ့ သေဆုံးခြင်းကြား ခဏတဖြုတ်ရကြတဲ့ အပိုင်းအခြားလေးဖြစ်ပါတယ်၊ အဲဒီမှာ မရသေးတာတွေ ရအောင်ကြိုးစားရ ပြီး လိုချင်တာတွေရလာတော့ သေဆုံးသွားတာမျိုးဆိုရင် တန်ပါ့မလားဆိုတာ တွေးမိလို့ပါ။ တချို့များ အဲဒီလိုတွေးတောင် မတွေးနိုင်လိုက်ပါဘူး။ ကြိုးစားရင်း လမ်းတစ်ဝက်မှာပဲ သေဆုံးသွားကြပါတယ်။

ဒီနေရာမှာ ဘာတွေကို ဘယ်လောက်ကြိုးစားနေမှာလဲ။ ရတုန်းရခိုက် ဘ၀အချိန်တိုလေးအတွင်း လုပ်ချင်တာတွေ လုပ်သင့်တာတွေ လုပ်သွားနိုင်ဖို့ ထည့်တွက်ဖို့ကို သတိရကြဖို့လိုပါတယ်။

လောဘ၊ ဒေါသ၊ မောဟတွေရှိနေတဲ့ လူသားဟာ အမှန်မြင်ဖို့ မလွယ်ပါဘူး။ မြင်ချင်ယောင်ဆောင်လို့ရပေမယ့် တကယ်မြင်တဲ့သူနဲ့ မြင်ချင်ယောင် ဆောင်ထားတဲ့လူရဲ့အသွင်ဟာ သိသိသာသာကွဲပြားနေတာကို တွေ့ရပါတယ်။

ဒါဖြင့်ရင် ကျွန်တော်တို့ဟာ ဘ၀မှာ ရှင်အောင်နေဖို့ လိုအပ်လာပါတယ်။ အသက်ရှုသူတိုင်း ရှင်သန်နေတာ မဟုတ်ပြန်ဘူးဆိုတာကို နားလည်ရင် ကျွန်တော်ဘာပြောချင်တာဆိုတာကို အလွယ်ပဲရိပ်စားမိနိုင်ပါတယ်။

မုတ်ဆိတ်ဖြူနှစ်ပင်ဟာ နောက်ပိုင်းမှာ လေးပင်၊ ရှစ်ပင်၊ တစ်ဆယ့်ခြောက်ပင်အထိ အချိန်ကိုက်တဖြည်းဖြည်း တိုးပွားရာကနေ ကျွန်တော့် တစ်မျက်နှာလုံးကို သိမ်းပိုက်လိုက်တော့မှာပါ၊ တစ်မျက်နှာလုံး သူတို့ မသိမ်းပိုက်ခင်မှာလည်း ကျွန်တော့်ကို သေမင်းက အရင်သိမ်းပိုက်သွားနိုင် တာပါပဲ။

သေရတာကလည်း တကယ်တော့ အဆန်းမဟုတ်ပြန်ပါဘူး။ ဘ၀များစွာ သေလာခဲ့ပြီးတဲ့အကြောင်းကို ဘုရားဟောအရကော၊ ဘုရားသားတော် သံဃာတော်တွေ ဟောကြားတဲ့တရားတော်တွေမှာပါတာအရကော ကျွန်တော်တို့သိပြီးသားပဲ။ သေတာဟာ ကျွန်တော်တို့လိုချင်တဲ့ အဖြေမဟုတ် ပါဘူး။

ကျွန်တော်တို့ နေ့စဉ်အသက်ရှုခြင်းတွေကို ရှင်သန်ခြင်းလို့ မှတ်ယူရပါရင် အမှန်တကယ် ရှင်သန်ခြင်းဖြစ်ဖို့ တန်ဖိုးသင့်ရပါတယ်။ အဲဒီမှာဆို အတ္တ ကို ဖယ်ခွာနိုင်ရေး အလွန်အရေးကြီးပါတယ်။ ငါကနေ နောက်တစ်ယောက်ကို ချစ်ဖို့၊ ငါကိုဖယ်ပြီး အများအတွက်ကြည့်ဖို့၊ ငါ့တစ်ယောက်ကနေ မိသားစုဖြစ်ဖို့၊ ငါပျောက်ပြီး သတ္တ၀ါတွေအကျိုးဆောင်ရွက်ဖို့ ဆိုတာတွေကို စဉ်းစားဖို့၊ လက်တွေ့လုပ်ဖို့ လိုလာပါတယ်။

ဒီလိုလုပ်နိုင်ဖို့မှာ အရေးကြီးတဲ့ အရင်းအနှီးက မေတ္တာပါ၊ မေတ္တာအရင်းမတည်ထားရင် ငါကို ဘယ်လိုမှ ဘေးတွန်းဖယ်လို့ မရပါ။ မေတ္တာကလည်း တကယ်တော့ အဝေးကြီးမှာ ရှိနေတာ မဟုတ်ပြန်ပါဘူး။ ငါဆီကနေပဲ လာတာဖြစ်ပြန်ပါတယ်။ ကာယကံ ၀စီကံ မနောကံတွေနဲ့ မေတ္တာထားနိုင်ပြီ ဆိုရင်တော့ လက်ပမ်းပေါက်ခတ်ပြီး လောကကြီးမှာ နေရသလောက် ၀င့်ဝင့်ကြွားကြွား ရှင်သန်နိုင်ပြီလို့ ယုံကြည်ကြောင်းပါ။

မုတ်ဆိတ်ဖြူနှစ်ပင်က ပေးသောအတွေးရသ သင်ခန်းစာ။

ည ၁၁ နာရီ ၄၅ မိနစ်၊ အောက်တိုဘာ ၁၇၊ ၂၀၀၉။