ကျွန်တော် လေးစားအားကျတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ရှိပါတယ်။ ခေါင်းဆောင်တွေ ဥပဓိကောင်းပုံ၊ မိန့်ခွန်းပြောပုံ၊ နေပုံထိုင်ပုံ၊ တိုင်းပြည်ကို တိုးတက်အောင် ကြိးပမ်းဆောင်ရွက်ပုံ၊ ပြည်သူတစ်ဦးချင်းနဲ့ မီဒီယာတွေကို ဆက်ဆံပုံတွေကိုကြည့်ပြီး သဘောကျ မကျ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဆိုရရင်တော့ နည်းနည်းတော့ ပုဂ္ဂိုလ်ရေး ဆန်ပါတယ်။

အခုလက်ရှိစိတ်ထဲမှာ သဘောအကျဆုံး ခေါင်းဆောင်တစ်ယောက်ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ယောက်မြောက်သမ္မတဖြစ်တဲ့ သမ္မတ ဘာရက် ဟူစိန် အိုဘားမားပဲ ဖြစ်ပါတယ်။

လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ရွေးချယ်ခံကတည်းက ရုပ်ရည်၊ ပြောဆိုပုံ၊ မူဝါဒရေးရာတွေနဲ့ပတ်သက်ပြီး သဘောကျခဲ့တာဖြစ်ပါတယ်။

လူမည်းဖြစ်နေပေမယ့် အမေရိကန်သမ္မတဖြစ်လာမှာပါလို့ ရှေးရှေးကတည်းက စိတ်ထဲမှာ ကြိုသိနေခဲ့ပါတယ်။ အခုတော့ မနေ့ကတစ်ခါ ကမ္ဘာမှာရဖို့မလွယ်တဲ့ ဆုတစ်ခုဖြစ်တဲ့ နိုဗယ်လ်ငြိမ်းချမ်းရေးဆုကို ရရှိသွားပြန်ပါတယ်။

နိုင်ငံရေးအကဲခတ်တချို့ကတော့ အိုဘားမားဟာ အာလူးကောင်းသူ(စကားပြောကောင်းသူ)သက်သက်ဖြစ်တယ်၊ ဘာမှလည်း ထိထိရောက်ရောက် စွမ်းဆောင်နိုင်သေးတာမဟုတ်ဘူး၊ ဒီလိုဆုကိုချီးမြှင့်ဖို့ စောပါသေးတယ်ဆိုပြီး ဝေဖန်ပြောဆိုမှုတွေလည်း ရှိပါတယ်။

သမ္မတအိုဘားမားကိုယ်တိုင်ကလည်း သူရှေ့က ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ရသွားသူတွေနဲ့ယှဉ်ရင် သူဟာ ဒီဆုနဲ့မထိုက်တန်သလို ခံစားရတယ်လို့ ထုတ်ဖော်ပြောပါတယ်။

ဒီနေရာမှာ မြန်မာပီပီဂုဏ်ယူလိုတာကတော့ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့တဲ့ ၁၈ နှစ် (၁၉၉၁) ကတည်းက ရရှိခဲ့ပြီးဖြစ်ပါတယ်။

လူအခွင့်အရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဗယ်လ်ဆုအပြင် နိုင်ငံတကာက ထိပ်သီး ဆုများစွာကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

အခုတော့ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပူပူနွေးနွေး ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားရဲ့ ငြိမ်းချမ်းရေးအစ်မကြီးနေရာကို ရောက်သွားပြီဖြစ်ပါတယ်။

ဒိုင်းနမိုက်ကို တီထွင်ခဲ့မိတဲ့အတွက် စိတ်မကောင်းဖြစ်ပြီး တစ်ခုခုတော့ ကမ္ဘာကြီးကို အကျိုးဖြစ်ထွန်းအောင် ပြန်လုပ်ပေးရမယ်ဆိုပြီး အယ်လ်ဖရတ်နိုဗယ်လ်က စိတ်ကူးရခဲ့ပါတယ်။

သူ့သေတမ်းစာအရ ၁၉၀၁ ခုနှစ်ကစလို့ နိုဗယ်လ်ဆုတွေ ပေးခဲ့ရာမှာ ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့ ၁၉၄၀ ကနေ ၁၉၄၂ အထိ သုံးနှစ်ပဲ ဘာနိုဗယ်လ်ဆုမှ မပေးဖြစ်ခဲ့ဘဲ ကျန်တဲ့နှစ်တွေမှာတော့ နှစ်စဉ် အနည်းဆုံး ဆုအမျိုးအစား တစ်ခုကနေ ၁၉၆၉ ခုနှစ်ကစပြီး ငြိမ်းချမ်းရေးနိုဗယ်လ်ဆု၊ စာပေဆိုင်ရာနိုဗယ်လ်ဆု၊ ဆေးပညာဆိုင်ရာနိုဗယ်လ်ဆု၊ စီးပွားရေးပညာဆိုင်ရာနိုဗယ်လ်ဆု၊ ရူပဗေဒနိုဗယ်လ်ဆု၊ ဓာတုဗေဒနိုဗယ်လ်ဆု၊ စုစုပေါင်း ၆ ဆု အထိချီးမြှင့်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးနိုဗယ်လ်ဆုတွေကို လူတစ်ဦးချင်း၊ နှစ်ဦးတွဲ သုံးဦးတွဲ နဲ့ အဖွဲ့အစည်းတွေကို ချီးမြှင့်ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးနိုဗယ်လ်ဆုကို ရတဲ့သူတွေထဲမှာ ကိုယ်သိတဲ့ ထင်ရှားတဲ့သူတွေကတော့

ဒုတိယမြောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဒတ် ဟမ်းမားရှိုး (၁၉၆၁)
(သူကတော့ ကွယ်လွန်ပြီးနောက်မှ ဆုရတဲ့ တစ်ဦးတည်းသောဆုရှင်ပါ)

အမေရိက က လူ(မည်း)အခွင့်အရေး လှုပ်ရှားသူ မာတင်လူသာကင်း ဂျူနီယာ (၁၉၆၄)

လူတွေကောင်းကျိုးကို ကိုယ်ကျိုးမငဲ့ဘဲ ဆောင်ရွက်တဲ့ သူတော်စင်လို့ သတ်မှတ်ခံခဲ့ရတဲ့
အိန္ဒိယက သီလရှင်ကြီး မာသာထရီဆာ (၁၉၇၉)

နောက်တစ်ဦးက တောင်အာဖရိက က ဘုန်းတော်ကြီး ဒတ်စမွန် တူးတူး (၁၉၈၄)

တိဗက်အခွင့်အရေးအတွက်လှုပ်ရှားနေတဲ့ ဘုန်းတော်ကြီး ၁၄ ပါးမြောက် ဒလိုင်လားမား (၁၉၈၉)

စစ်ရေးတိုက်ပွဲကို အဆုံးသတ်လိုက်တဲ့ ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင်ဟောင်း (သမ္မတဟောင်း)
မီခေးလ် ဂေါ်ဘာချော့ဗ် (၁၉၉၀)

တောင်အာဖရိကအမျိုးသားကွန်ဂရက်ပါတီခေါင်းဆောင် (သမ္မတဟောင်း) နယ်လ်ဆင် မင်ဒဲလား (၁၉၉၃)

ပါလက်စတိုင်းခေါင်းဆောင် ယာဆာ အာရာဖတ်၊ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ရှီမွန်ပီရက်စ် နဲ့ အစ္စရေးဝန်ကြီးချုပ် ယစ်ဇက် ရာဘင် တို့က သုံးဦးတွဲ (၁၉၉၄)

၇ ဦးမြောက် ကုလအတွင်းရေးမှူးချုပ် ကိုဖီအာနန် (၂၀၀၁)

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ (၂၀၀၂)

၎ ဦးမြောက် ကုလသမဂ္ဂ နျူးကလီးယားစွမ်းအင်အေဂျင်စီ IAEA ညွှန်ကြားရေးမှူးချုပ်
မိုဟာမက် မူစတာဖာ အယ်လ်ဘာရာဒေး (၂၀၀၅)

ဆင်းရဲသားတွေကို အသေးစား(ဘဏ်)ချေးငွေတွေပေးပြီး လုပ်ငန်းတွေ လုပ်ကိုင်စေခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ဂရာမင်းဘဏ်သူဌေး စီးပွားရေးပညာရှင် မိုဟာမက်ယူနွတ်စ် (၂၀၀၆)

သဘာ၀၀န်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ကမ္ဘာ့နိုင်ငံတွေအားလုံးက သတိပြုမိလောက်အောင်
တက်တက်ကြွကြွလှုပ်ရှားလာတဲ့ အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ်ဂိုး (၂၀၀၇) တို့ ဖြစ်ပါတယ်။

ဒီလို ကမ္ဘာကျော်ဆုကို မရခဲ့ပေမယ့် ကိုယ်လေးစားအားကျ ချစ်မြတ်နိုးရတဲ့ တိုင်းပြုပြည်ပြု ပြည်သူ့အကျိုးပြုကို စကား၊ စာတို့နဲ့ မဟုတ်ဘဲ တကယ်ရွပ်ရွပ်ချွံချွံ ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြတဲ့ တိုင်းပြည်ခေါင်းဆောင်၊ အကြီးအကဲတွေလည်း ရှိပါသေးတယ်။

မြန်မာမှာဆို အနော်ရထာဘုရင်၊ ကျန်စစ်သားဘုရင်၊ ဘုရင့်နောင်ဘုရင်နဲ့ အလောင်းဘုရားဘုရင် (ဒီဘုရင်တွေဟာ အစွမ်းအစကိုယ်စီရှိပြီး အအားမနေဘဲ သမိုင်းဝင် သမိုင်းတွင်အောင် စွမ်းဆောင်ခဲ့ပါတယ်)

ဒီဘက်ခေတ်မှာဆိုရင်တော့ မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊

စည်းကမ်းရှိပြီး ရိုးသားတယ်လို့ ကြားခဲ့ရဖူးတဲ့ သမ္မတ(ဟောင်း) ဦးစန်းယု

အာဆီယံဘက်ကို ကြည့်ရင်တော့ ဗီယက်နမ်က ဦးလေးဟို (သမ္မတ ဟိုချီမင်း)၊ ဖိလစ်ပိုင်က မျိုးချစ်သူရဲကောင်း ဒေါက်တာ ဟိုဆေး ရီဇာ၊ ထိုင်းက ဘုရင်ဘူမိဘောအဒူယာဒက်ရှ်၊ မလေးရှားက ၀န်ကြီးချုပ်(ဟောင်း) မဟာသီယာ၊ စင်ကာပူက ၀န်ကြီးချုပ်(ဟောင်း)လီကွမ်ယူ၊ အင်ဒိုနီးရှားက လက်ရှိသမ္မတ ယူဒိုယူနို တို့ကို သဘောကျပါတယ်။

အိန္ဒိယက မဟတ္တမဂန္ဒီ (မိုဟမ်ဒက်စ် ဂန္ဒီလို့လည်း ဖတ်ပါတယ်)၊ ၀န်ကြီးချုပ်(ဟောင်း) နေရူး၊ တရုတ်ပြည်က တရုတ်ပြည်တိုးတက်ခေတ်မီအောင် လုပ်ခဲ့တဲ့ခေါင်းဆောင်တွေ မော်စီတုံး၊ ချုအင်လိုင်း၊ တိန့်ရှောင်ဖိန်၊ ကျန်ဇီမင်းကနေ အခုလက်ရှိ သမ္မတဟူဂျင်တောင်နဲ့ ၀န်ကြီးချုပ်ဝမ်ကျားပေါင်တို့အထိ နည်းနည်းစီ ကြိုက်မိပါတယ်။

ဘရာဇီးသမ္မတ လူလာ၊ ဗင်နီဇွဲလားသမ္မတ ဟူဂိုရှာဗက်ဇ်၊ ပြင်သစ်သမ္မတ ဆာကော်ဇီ၊ ဂျာမန်ဝန်ကြီးချုပ် အင်ဂလာ မာကယ်လ်၊ အမေရိကန်သမ္မတ(ဟောင်း) ဘီလ်ကလင်တန်၊ သမ္မတ(ဟောင်း) ဂျော့ခ်ျ ဒဗလျူဘုရှ် ဂျူနီယာ နဲ့ ဗြိတိန်ဝန်ကြီးချုပ်(ဟောင်း) တိုနီဘလဲ၊ လက်ရှိဝန်ကြီးချုပ် ဘရောင်း (သူတို့က ဘရောင်းဘလဲ အတွဲဖြစ်ခဲ့သေးသကိုး) တို့ကိုလည်း ကြိုက်တဲ့အထဲ ချန်မထားပါဘူး။

ဒီမှာ ဘာကိုကြိုက်တာလဲဆိုတာ ပြောပြဖို့ လိုမှာပါ။ ခေါင်းဆောင်တစ်ဦးချင်းမှာရှိတဲ့ အရည်အချင်း တစ်ခုစီကို ကြိုက်တာဖြစ်ပါတယ်။ လူတိုင်းက စင်းလုံးချောကောင်းမွန်တာ မဟုတ်လို့ ခေါင်းဆောင်တွေဟာလည်း အမြဲမှန်နေတာတော့ မဟုတ်ပါဘူး။ သူတို့ကို ကြည့်ပြီး ကိုယ်ကြိုက်တာ အတုခိုးပြီး မကြိုက်တာ ဖယ်ပစ်လိုက်ပါတယ်။

ခေါင်းဆောင်တွေ တွေးခေါ်ပုံ၊ ပြောပုံဆိုပုံ၊ ဟန်ပန်၊ ဥပဓိစတာတွေကို သဘောကျပြီး ပြောကြည့်လိုက်တာပါ။

ဆုံကြသေးတာပေါ့။

အောက်တိုဘာ ၁၀၊ ၂၀၀၉။ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်။