ဒီအကြောင်းအရာသုံးခုကို သုံးပုဒ်ခွဲရေးသင့်တာပါ၊ ဒါပေမယ့် အကြောင်းအရာသုံးခုကို တပြိုင်နက်စဉ်းစားမိတာက တကြောင်း၊ ဆက်စပ်နေမယ်လို့ ယူဆတာကကြောင်းတို့ကြောင့် တစ်ပုဒ်ထဲမှာပဲ ပေါင်းရေးလိုက်ပါတယ်။

အခုရက်ပိုင်းမှာပဲ ရန်ကုန်က ကိုယ့်အိမ်ရှိတဲ့လမ်းထဲက လမ်းသားတစ်ယောက်၊ အလုပ်လုပ်ခဲ့ဖူးတဲ့ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက် တစ်ယောက်၊ တက်ခဲ့ဖူးတဲ့ကျောင်းက ဆရာတစ်ယောက် ဆုံးပါတယ်။

နေ့စဉ်လုပ်နေရတဲ့ အလုပ်ကလည်း တစ်နေ့တစ်နေ့ ဒါပဲလုပ်နေရတော့ သုံးလလောက်ကြာလာတဲ့အခါမှာ ဘ၀ဆိုတာ ဘာလဲကွဆိုတဲ့ ဒေါသကလေး ထွက်လာတာကို သတိထားမိတယ်။

တစ်ချိန်တည်းမှာပဲ ငယ်စဉ်က အားကျလေးစားချစ်ခဲ့ရတဲ့ ဖခင်ကြီးကိုလည်း သတိရသွားတယ်။ ဒါနဲ့ပဲ ဒါကို ရေးဖြစ်တယ်လို့ ဆိုရမှာပါပဲ။

သေခြင်းတရား

မိဘဆွေမျိုးအရင်းထဲက ကိုယ့်မျက်စိရှေ့တင် ဆုံးပါးသွားတာတွေက အဘွား(အဖွားအမေ)၊ အမေကြီး(အဖွား)၊ အဖေတို့ဖြစ်ပြီး ဆုံးဆုံးချင်းရောက်ဖြစ်တာကတော့ အဘိုးနဲ့ အမေကြီးအစ်မတို့ပဲဖြစ်ပါတယ်။

အားလုံးက အသက် ၆၀ နဲ့ အသက် ၆၀ အထက်တွေဖြစ်လို့ အရွယ်တွေရနေပြီပဲလို့ ပြောလို့ရပေမယ့် အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ ကိုယ်အနားရင်းရင်းနှီးနှီးနေပြီး ကိုယ့်ကို အလွန်ချစ်တဲ့ အမေကြီး ဆုံးသွားတုန်းက တော်တော်စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ ခဏ ခဏလည်း သတိရခဲ့ပါတယ်။

အဖေဆုံးတုန်းကတော့ အဖေမရှိတော့ဘူးဆိုတဲ့စိတ်နဲ့ စိတ်မကောင်းဖြစ်ခဲ့ရဖူးသလို အားငယ်ရပါတယ်။

ဒီလိုပါပဲ အမေ့မိတ်ဆွေသူငယ်ချင်းတွေ၊ ကိုယ်ကျောင်းပိတ်တိုင်း သွားပြီး ဘုန်းကြီးကျောင်းသားလုပ်ခဲ့ရတဲ့ ဘုန်းကြီးကျောင်းက ခင်မင်ရင်းနှီးခဲ့ရတဲ့ မိတ်ဆွေသင်္ဂဟတွေ၊ လမ်းထဲက လမ်းသူလမ်းသားတွေ ဆုံးတိုင်းလည်း တစ်ယောက်တော့ သွားပြန်ပြီဆိုပြီး စိတ်မကောင်းဖြစ်ရ၊ သေခြင်းတရားကို သတိတစ်ခါရ ဖြစ်ရပါတယ်။

အခုလည်း တစ်ခါ သေခြင်းတရားကို ဆင်ခြင်ရပြန်ပါတယ်။ ကိုယ့်အလှည့်လည်း အနှေးနဲ့အမြန်ဆိုသလို ရောက်လာတော့မှာဖြစ်တယ်လို့ တွေးမိပါတယ်။ သေခြင်းက အသက်အရွယ်မရွေးဘူး၊ ကျန်းမာတယ် မကျန်းမာဘူး မရွေးဘူးဆိုတာကိုလည်း ရိပ်စားမိလာပါတယ်။

ဒါကြောင့် တတ်နိုင်သမျှ အချိန်လေးရအောင် ရှာပြီး “မင်း သေဖို့အဆင်သင့်ဖြစ်သလား၊ သေရမှာကြောက်လား“လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်မေးပါတယ်။

ဘာဖြစ်လို့လဲတော့ မသိပါ၊ သေရမှာကိုလည်း ကြောက်မနေပါ၊ အခုသေသွားလည်း ဘာမှ မဖြစ်ပါလို့လည်း ရဲတင်းနေတတ်ပါတယ်။ ဒါပေမယ့် မသေခင် အချိန်ကလေးတစ်ခုမှာတော့ ကိုယ်လုပ်ချင်သေးတဲ့ အလုပ်လေးတွေလုပ်ချင်တယ်လို့တော့ ဖြေလျော့တွေးမိပါတယ်။

ဘ၀အဓိပ္ပာယ်

အလုပ်လုပ်လာတာ ၁၀ နှစ်ကျော်လာတဲ့အခါ ဘယ်အရွယ်အထိ အလုပ်လုပ်ရမှာလဲလို့ တွေးမိပါတယ်။ အခု ဒီမှာက Tory လို့ခေါ်တဲ့ ကွန်ဆာဗေးတစ်ပါတီက မဲဆွယ်နေတဲ့အခါ ပင်စင်အသက်ကို လက်ရှိ ၆၅ ကနေ ၂၀၁၆ ခုနှစ်ကစပြီး ၆၆ အထိ တိုးမြင့်ဖို့လုပ်နေပါတယ်။

ဒီအနောက်နိုင်ငံတွေမှာ လူတွေက အသက်တွေရှည်လာကြပြီး အခုမွေးတဲ့မျိုးဆက်တွေဆို အသက် ၁၀၀ အထိ နေကြရမှာလို့ သတင်းစာ တစ်စောင်မှာ တစ်နေ့ကပဲ ဖတ်လိုက်ရပါတယ်။

ဒီမှာ အသက်တွေရှည်လာတာနဲ့အမျှ ဘ၀ဟာ အလုပ်လုပ်ဖို့ အချိန်တွေများလာပြီး ပျင်းလောက်အောင်နေရတော့မှာဖြစ်ပါတယ်။

ကိုယ်တွေးမိတာကတော့ နေ့စဉ်နဲ့အမျှ တိုးတက်အောင်ကြိုးစား၊ လိုအပ်ချက်တွေ ပြည့်မှီအောင်လိုက်ဖြည့်နဲ့ ကြိုးစားလိုက် ဖြည့်လိုက် လိုက်လိုက်နဲ့ ဘယ်တော့မှ မပြည့်လောက်အောင် များလာနေပါတယ်။ ဒါကို ဒီအတိုင်းလိုက်နေရင်တော့ ဘယ်တော့မှ ပြည့်မှာမဟုတ်သလို ကျေနပ်အားရမှာလည်း မဟုတ်ပါဘူး။

ဒီတော့ ကိုယ်လိုချင်တဲ့ ဘ၀တစ်ခုကို ကိုယ့်ဘာသာ ပိုင်းခြားသတ်မှတ်မှ ရပါတော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်မှပဲ မျက်နှာမှာရှိတဲ့ အရေးအကြောင်းတွေက လျော့လာပြီး ပြုံးရွှင်လာနိုင်ပါတော့တယ်။

လူတိုင်းဟာ သူဖြစ်ချင်တာ ဖြစ်ခွင့်ရှိပေမယ့် အဲဒီလိုဖြစ်အောင်လည်း သူကိုယ်တိုင်ပဲ လုပ်ယူရတာဖြစ်ပါတယ်။ ပိုလိုချင်လည်း သူကိုယ်တိုင်ပဲ ထပ်လုပ်ရတာပဲဆိုတော့ အားလုံးဟာ သူကိုယ်တိုင်ရဲ့အပေါ်မှာပဲ မူတည်နေတာကို တွေ့ရပါတယ်။

အဖေ့အကြောင်း

အဖေနဲ့ ကိုယ်တို့ နီးနီးကပ်ကပ် နေခွင့်ရတဲ့အချိန်တွေက နည်းလှပါတယ်။ ငယ်ငယ်ကတော့ ကိုယ်ဂျီကျနေတာနဲ့ အဖေက မြေကြီးက လှေကားနှစ်ဆင့် တက်ရတဲ့ ပျဉ်ထောင်အိမ်ထဲကနေ မြေကြီးပေါ်ရောက်တဲ့အထိ ဆွဲယူလွှင့်ပစ်လိုက်ဖူးတယ်တဲ့၊ ကိုယ်တိုင်ခံလိုက်ရတာ ဖြစ်ပေမယ့် ငယ်လွန်းတော့ မမှတ်မိတော့သလို နည်းနည်းသိတတ်လာလို့ အမေပြောပြတော့လည်း အဖေ့ကို လုံးဝစိတ်မဆိုးခဲ့ပါဘူး။

အဖေ့ကိုတော့ အားနာလို့ “အဲဒီတုန်းက တကယ်လုပ်လိုက်တာလား အဖေ“လို့ နောက်ပိုင်း ကိုယ် အသက်ကြီးလာတော့လည်း ထပ်မမေးတော့ပါ။ ငါ ဆိုရင်လည်း ကလေး သိပ်ဂျီကျလာရင် ဒီလိုပဲလုပ်ဖြစ်မှာပဲလို့ တွေးမိလို့ပါ။

ကိုယ်အသက် ၇ နှစ်လောက်မှာတော့ အမေနဲ့အဖွားက မြန်မာပြည်အနှံ့ ဘုရားဖူးထွက်ကြတဲ့အခါ အဖေက သားသမီးသုံးယောက်နဲ့အတူ အိမ်စောင့်ကျန်ရစ်ပါတယ်။ အဖေက သားသမီးတွေကို ထမင်းဟင်းချက်ကျွေးရပြီး တစ်ကြိမ်မှာတော့ အဖေက ထမင်းကိုပဲ မြေပဲဆံနဲ့ ဆီနဲ့ ရောနယ်ပြီး ကျွေးပါတယ်။ အဲဒီအရသာကို အခုထက်ထိမှတ်မိနေသလို သတိရနေမိပါတယ်။

(အမေကြီးကလည်း တစ်ခါတခါ အဲဒီလိုပဲ ထမင်းနဲ့ ငါးပိရည်ခပ်စပ်စပ်ငန်ငန်ကို ရောနယ်ပြီး ကျွေးတဲ့အရသာကို စွဲနေအောင် မှတ်မိနေ ပါတယ်။)

အဖေနဲ့ ကိုယ်က အသက် ၁၃ နှစ်အထိပဲ အတူနေခဲ့ဖူးပါတယ်။ အဲဒီအချိန်တွေမှာလည်း အတော်ကြောက်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖေက အနေတည်လို့ဖြစ်ပါတယ်။ တစ်ခါတခါကျမှပဲ ထွေးလားလုံးလား သားအဖတွေ ကုတင်နဲ့ ကွပ်ပစ်ပေါ် ကစားဖူးပါတယ်။ အဲဒါကလည်း သိပ်ကို တစ်ခါနှစ်ခါတည်း ဖြစ်ပါတယ်။

၁၃ နှစ်ကစပြီး အမေတစ်ယောက်ထဲနဲ့ အတူနေကြီးပြင်းလာရတဲ့အခါ တစ်ခါတခါတော့ စိတ်အားငယ်ခဲ့ရသလို “ငါ ပိုကြိုးစားရမယ်၊ ဒါမှ ငါ့မိသားစုကို ငါ တာဝန်ယူစောင့်ရှောက်နိုင်မယ်“ဆိုတဲ့ စိတ်ကောင်းကလေး တစ်ခါတခါ ၀င်လာတတ်ပါတယ်။

ဒါပေမယ့်လည်း လူငယ်ဆိုတော့ စားလိုက်သောက်လိုက် ပျင်းလိုက်ပျော်လိုက်နဲ့ နေခဲ့ပြီး၊ တော်တော်ကြီးနောက်ကျမှ မိခင်တစ်ယောက်ရဲ့ အင်အားတွေ စောင့်ရှောက်မှုတွေ၊ မျှော်လင့်ချက်တွေကို သိလိုက်ရတဲ့အခါကျတော့ နောက်တီးနောက်ချာ မလုပ်ဝံ့တော့ပါဘူး။

ကိုယ့် အသက် ၂၃ (အဖေမဆုံးမီ) အထိတော့ အဖေနဲ့ တစ်ခါတခါ တွေ့ရတတ်ပါတယ်။ အဖေနဲ့ စကားပြောတဲ့အခါ ပါးစပ်လေးဟပြီး နားထောင်နေတတ်တဲ့သားကို “သားရယ်… မင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားစမ်းကွာ၊ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပြီး စကားတည်တည် တန့်တန့်ပြောစမ်းကွာ“ဆိုပြီး အားမရစွာနဲ့ ဆုံးမပါတယ်။

ကိုယ့်မျက်နှာလျော့ကျသွားတိုင်း အဖေ ကိုယ့်မျက်လုံးတည့်တည့်ကို ကြည့်ပြီး ပြောခဲ့(ဆုံးမ)တာကို သတိရ၊ အဖေပြောခဲ့တဲ့စကားလုံးတွေကို သတိရပြီး တင်းထားရတဲ့မျက်နှာဟာ အပြုံးတော်တော်လျော့ပါးသွားခဲ့တာ ကိုယ်ကိုယ်တိုင်သာ အသိဆုံးဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ အဖေ့အားကိုးနဲ့ စည်းကမ်းတင်းကျပ်ပြီး ပဒေသရာဇ်ဆန်တယ်ဆိုတဲ့ယူဆချက်ကို ကိုင်စွဲလို့ အမေ့ကိုတော်လှန်ပြီး အိမ်ပေါ်က ဆင်းတဲ့အခါ မျက်ရည်တွေတွေတွေကျနေတဲ့ အဖေ့မျက်နှာ၊ ခေါင်းငုံ့ထားရတဲ့ ကျောက်ရုပ်ခံစားမှုတွေဟာ ခါးသီးလှသလို ရုပ်ရှင်ဆန်လွန်းလှ ပါတယ်။

အကယ်ဒမီ ရလောက်အောင်ကောင်းတဲ့ စစ်မှန်တဲ့သရုပ်ဆောင်ချက်တွေဟာ တကယ့်ဘ၀တွေထဲက လာတာပါ။ ကိုယ်တို့မှာလည်း အဲဒီလို ရသမြောက်လှတဲ့ အချိန်တွေ ရှိခဲ့ဖူးတာပေါ့။ အဆိုးတွေဆို မေ့တတ်လိုက်တဲ့ လူ့စရိုက်ကြောင့်သာ အတိတ်မှာ မသိချင်ယောင်ဆောင် ထားပစ်လိုက်ခဲ့ကြတာပေါ့။

အဲဒီတုန်းကတော့ အားပြတ်လုဖြစ်သွားခဲ့ဖူးတဲ့ အဖေ့ကို အားမရစွာကြည့်မိရင်း စိတ်ထဲဝင်လာမိတာက “မင်းမလိမ္မာရင် မင်းခွေးဖြစ်သွားမယ် ချာတိတ်လေး“ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ဆုံးမဖူးခဲ့တဲ့ အတွေးလေးပါပဲ။

ကိုယ် ကောလိပ်ရောက်တဲ့အခါ အဖေဟာ တော်တော်အိုစာသွားပါပြီ။ အရပ် ၅ ပေပဲရှိတဲ့ အဖေဟာ အရပ် ၅ ပေ ၈ လက်မလောက်ရှိလာပြီ ဖြစ်တဲ့ လူပျိုထွားသားကြီးကို ကြည့်ပြီး အားရနေပါတယ်။

“ဒါ…ငါ့သားကြီးကွ“ဆိုပြီး တခြားဘာအရည်အချင်းမှ မကြည့်တော့ဘဲ အရပ်က သူ့ထက် ခေါင်းတစ်လုံးပိုမြင့်ပြီး သူ့ထက်ကိုယ်အလေးချိန် ပိုကာ ထွားကျိုင်းနေတဲ့သားကိုကြည့်ပြီး အားရနေတာကို အဖေ့မျက်လုံးတွေမှာ တွေ့ခဲ့ရပါတယ်။

အဖေ့ဆီသွားလည်တဲ့အခါ အဖေက ဖြတ်သွားဖြတ်လာ သူ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို “ဒါ…ကျွန်တော့် သားကြီးလေ“ဆိုတာ ကြွားရတာအမောပေါ့။

အသက် ၂၀ ၀န်းကျင်အရွယ်သားဟာ ပထမတော့ သိပ်ရှက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ “ဟုတ်ကဲ့၊ ကျွန်တော့် အဖေ့သားပါ၊ အဖေ့ဆီ လာလည်တာပါ“လို့ ရဲရဲဝင့်ဝင့် အလိုလို ပြောတတ်လာတာ၊ ပြောထွက်လာတာဟာ “အဖေ့ကို ကျွန်တော်ချစ်ပါတယ်“လို့ ပြောတာထက် အများကြီးပိုတာသွားတယ်လို့ နောက်ပိုင်းမှာ သိသွားခဲ့လို့ပါပဲ။

အဖေဟာ ညနေကျရင် အရက်သောက်တတ်ပြီး တစ်ခါတလေ ကိုယ်က အဖေပုလင်းဖွင့်ချိန်ရောက်သွားရင် အစပိုင်းတော့ အဖေက ပုလင်းကို အပြေးအလွှား ဖွက်လိုက်တတ်ပေမယ့် နောက်ပိုင်းကျတော့ အဖေလည်း အကြာကြီး ဟန်မဆောင်နိုင်တော့သလို ကိုယ့်ကိုလည်း အဖေက သားတစ်ယောက်ထက် သူ့ရဲ့အရင်းနှီးဆုံးနဲ့အားအကိုးဆုံး မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်လိုက်တဲ့အခါ “မင်း နည်းနည်း သောက်မလား“လို့ မေးလာပါတော့တယ်။

ကိုယ်ဟာ အသက် ၂ နှစ် ၃ နှစ်သားလောက်ကတည်းက အဖိုးမိတ်ဆက်ပေးလို့ အရက်ဆိုတာကို ကြိုက်တတ်သောက်တတ်နေတဲ့သူ၊ အဖေကလည်း အရက်ကြိုက်တဲ့သူ၊ နောက်ပြီး ကိုယ်က အဲဒီတုန်းက ဂျီတီအိုင်ကျောင်းလေးကိုလည်း တက်ရောက်နေသူမို့ အရက်ဆိုတာကို တော်တော်ကြီးရင်းနှီးနေသမို့ လက်ချိုးရေလို့ရတဲ့ ညနေခင်းတချို့မှာ အဖေနဲ့သားဟာ ၀ိုင်းဖွဲ့ခဲ့ဖူးပါတယ်။

သစ်ပင်တချို့ကို ချုံဖြစ်လုနီး စိုက်ပျိုးထားတဲ့ အဖေ့ပန်းခြံလေးထဲမှာ ၀က်ဆီဖတ်၊ ငါးမုန့်ကြော်၊ မုန့်ဟင်းခါးဟင်းရည်တို့နဲ့ မြည်းရတဲ့ အရက်တစ်ခွက်နှစ်ခွက်ကို သားအဖနှစ်ယောက် သောက်ကြပြီး ဘ၀အကြောင်း၊ စာပေအကြောင်း၊ နိုင်ငံရေးအကြောင်း ပြောရတာတွေ၊ ကိုယ်သိချင်တာတွေ အဖေ့ကို မေးရတာတွေ၊ အဖေက သူ့ဘ၀နဲ့ယှဉ်ပြီး ကိုယ့်ကို ဆုံးမတာတွေဟာ ဘာနဲ့မှလဲလို့မရတဲ့ ဘ၀ခံစားမှုနဲ့ အတွေ့အကြုံတွေပါပဲ။

အဖေဟာ တစ်ဘ၀လုံးတော့ သူ့မိခင်၊ သူ့အစ်မကြီးတွေ၊ ညီအစ်ကိုမောင်နှမတွေကို တတ်နိုင်သလောက်စောင့်ရှောက်ခဲ့သလို သူ့မောင်နှမတွေကလည်း သူ့ကို နိုင်သလောက်ပြန်စောင့်ရှောက်ခဲ့ကြပါတယ်။ အဖေဟာ သူ့ဘ၀ကို သူ့မိသားစုထက် သူ့မိတ်ဆွေ သူငယ်ချင်းတွေအတွက် ပိုပေးဆပ်ခဲ့တယ်လို့တော့ ကိုယ်ကတော့ ထင်တာပါပဲ၊ အဲဒီလိုစိတ်မျိုးတွေကို ကိုယ့်ညီငယ်ဆီမှာလည်း တွေ့နေရပါတယ်။

ယောက်ျားတစ်ယောက်ဟာ အောက်ဆုံးအထိရောက်အောင် ကျဆုံးနေဦးတော့ ယောက်ျားမာနတော့ ရှိနေပါသေးတယ်။ အဖေ့မျက်နှာမှာ အဖေ့မျက်လုံးထဲမှာ အဲဒီမာနတွေကို တွေ့နေရသေးတဲ့အခါ “ဒါမှ ငါ့အဖေကွ“လို့ စိတ်ထဲက ရဲရဲကြီးကျေနပ်နေမိပါတော့တယ်။

အဖေဟာ တစ်ခါတခါ သူ့အနာဂတ်ကို ပြောပြတတ်တယ်၊ သားသမီးတွေနဲ့ပတ်သက်တဲ့ သူ့မျှော်မှန်းချက်ကို ပြောပြတတ်တယ်။

ကိုယ်က အဲဒီအချိန်ကတည်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတာက တကြောင်း၊ စပြီး အဖေ့ကို ပြောရဲဆိုရဲ မေးခွန်းထုတ်ရဲနေပြီဖြစ်တာက တကြောင်းမို့ ပြန်လှန်မေးခွန်းတွေ မေးတတ်နေပါပြီ။ အဖေပြောတာအားလုံးကို ကြောက်ကြောက်ရွံ့ရွံ့နားထောင်ရတဲ့ သားတစ်ယောက် မဟုတ်ခဲ့တော့ပါဘူး။

အဲဒါကိုပဲ အဖေက အားရနေတတ်ပါပြီ၊ “မင်းကိုတော့ အားရတယ်ကွာ“ဆိုတဲ့ စကားမျိုး ပြောလာပါပြီ။ အဖေ့ဆီက ဒီစကားမျိုး ကြားရဖို့ ကိုယ့်မျက်နှာဟာတင်းခဲ့ရပြီး ကိုယ့်နှုတ်ခမ်းတွေဟာ တင်းတင်းစေ့ခဲ့ရတာကြာခဲ့ပေါ့၊ အထူးသဖြင့် အဖေ့ရှေ့ရောက်တိုင်း မျက်လုံးက အရောင်တွေလက်နေရပြီး ခန္ဓာကိုယ်ကလည်း စစ်သားတစ်ယောက်ကို တောင့်မတ်ထားရတာ အသားသေတဲ့အဆင့်တောင်ရောက်ခဲ့ပေါ့။

နောက်ပိုင်း အဖေ့ဆီ ကိုယ်သွားလည်တဲ့အခါ တော်တော်ဟောင်းနေပြီဖြစ်တဲ့ အညိုရောင်တက်ထရွန် လေးထောင့်ကွက်ကြီး ပုဆိုးတိုတိုနဲ့ စစ်ရောင်စွပ်ကျယ်ဂျိုင်းပြတ်လေး ၀တ်ထားတဲ့ ဆေးပေါ့လိပ်လက်ကြားညပ်ထားတဲ့ အသားညိုခြောက်ခြောက် ခပ်ပိန်ပိန် အသားခပ်ပျော့ပျော့ ဖြစ်နေတဲ့ အဖေဟာ အမေဆင်ထားတဲ့ ဂျင်းဘောင်ဘီရှည်နဲ့ ရှပ်အင်္ကျီအပေါ်က ထပ်ဝတ်ထားတဲ့ဂျာကင်အင်္ကျီနဲ့ဆိုတော့ ကုလားမင်းသားနဲ့ တူနေတဲ့ အရပ်မြင့်မြင့်သားကို မျက်လုံးမှုန်ဝါးဝါးနဲ့ ကြည့်နေတဲ့ မြင်ကွင်း၊ “ဟာ သားကြီး“လို့ ခေါ်လိုက်တဲ့အသံတို့ဟာ အခုထိ မြင်ယောင်ကြားယောင်ဆဲပါ။

ကိုယ်ကတော့ “အဖေ…ကျွန်တော်“လို့ ပြောပြီး အဖေ့ပခုံးကို ပွေ့ဖက်လိုက်တဲ့အခါ အဖေဟာ ကိုယ့်ရင်ခွင်ထဲမှာ ညီအငယ်ဆုံးလေး တစ်ယောက်လို ရှိနေပါတော့တယ်။ ကိုယ်က ထွားထွားလူကြီးဖြစ်လာပြီး အဖေက သေးသေးလူလေးဖြစ်သွားပါလားလို့ စိတ်ထဲမကောင်းပါဘူး။ အဖိုးနဲ့လည်း တစ်ခါ အဲဒီလိုစိတ်မျိုးဖြစ်ဖူးပါတယ်။

အမေ့အဖေ(အဖိုး)ဟာ အရပ် ၆ ပေလောက်မြင့်ပါတယ်။ ငယ်ငယ်ကဆို အဖိုးကို ကိုယ်တို့ခေါင်းကြီးလန်သွားတဲ့အထိ မော့ကြည့်ခဲ့ရတာပါ။ အဖိုးနဲ့ငယ်ငယ်ကတည်းကအတူနေ၊ အဖိုးက ငယ်ငယ်ကတည်းက ကိုယ်တို့ကို ကျွေးမွေးစောင့်ရှောက်၊ အဖိုးကပဲ ကျောင်းထားပေး၊ အဖိုးကြောင့်ရှင်သန်လာခဲ့ရတဲ့ ကိုယ်တို့မိသားစုဟာ အဖိုးကို တစ်ခါပြန်စောင့်ရှောက်ရတဲ့အခါမှာလည်း အမေဟာ သူ့အဖေနဲ့အမေကို အစွမ်းကုန်ပြုစုစောင့်ရှောက်ပါတယ်။ သူ့မိဘတွေရှေ့က အမေဟာ မားမားမတ်မတ်နဲ့ အမြဲရပ်တည်ခဲ့ပါတယ်။

တစ်ရက်တော့ အဖိုးဟာ ကန်ထရိုက်တိုက် ၃ လွှာမှာရှိတဲ့ ကိုယ်တို့အိမ်ကို အလည်လာပါတယ်။ အဲဒီတုန်းက ကိုယ်က ၁၀ တန်း၊ အဖိုးက ၇၇ နှစ်။ အသက်ကြီးလာရင် အရိုးတွေဟာ ပြန်ကျုံ့ဝင်သွားပါတယ်။ အဖိုးကို ကားဂိတ်ပြန်လိုက်ပို့တဲ့အခါ အမေက အိမ်ပေါ် ၀ရံတာကနေ ကြည့်နေပါတယ်။

ငယ်ငယ်တုန်းက မော့ကြည့်ခဲ့ရတဲ့အဖိုးဟာ ခါးလေးကုန်းသွားတာမို့ အဖိုးပခုံးဟာ ကိုယ့်ပခုံးအောက်နိမ့်သွားပြီလို့ အမေက ကိုယ်ပြန်လာတော့ ပြောပြပါတယ်။ “အဖေဟာ ခါးကုန်းသွားပြီ၊ မင်းက အဖေ့ထက် မြင့်သွားပြီ“လို့ သူ့အဖေအတွက် စိတ်မကောင်းစွာနဲ့ အမေဟာ ပြောရှာပါ တယ်။

အဖိုးနဲ့ အဖေတို့ရဲ့ ဘ၀တွေကို စောကြောလေ့လာ နားလည်အောင်ကြည့်တဲ့အခါ၊ ကွယ်လွန်သွားပြီဖြစ်တဲ့ အဖိုး၊ အဖေနဲ့ ဦးချစ်(ကိုယ့်ဘ၀ထဲ က ကျေးဇူးရှင်တစ်ဦး)အပါအ၀င် ကွယ်လွန်သွားတဲ့သူတွေကို အောက်မေ့တဲ့အခါ၊ သေခြင်းကို သတိရရနဲ့ဆင်ခြင်မိတဲ့အခါ၊ ကိုယ်နေ့စဉ် ရှင်သန်နေထိုင်နေရတဲ့ဘ၀ကို တစ်ခါတခါ မကျေမနပ်ဖြစ်တဲ့အခါ၊ “မင်း…ဘာလဲကွ“လို့ ကိုယ့်ကိုယ်ကိုယ်မေးခွန်းတွေ တရစပ်မေးမိတဲ့အခါ၊ ကျွန်တော် ဒီလိုစာလေးရေးဖြစ်သွားပါတယ်။ သက်သာလို သက်သာငြားပေါ့။

လူကြီးမင်းရော လက်ရှိနေထိုင်နေရတဲ့ နေ့စဉ်ဘ၀မှာ အဆင်ပြေပါရဲ့လား။ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။

အောက်တိုဘာ ၈ ၂၀၀၉၊ ည ၉ နာရီခွဲ။