ကိုယ်က စာပေအနုပညာတစ်ခုတည်းကိုပဲ ၀ါသနာပါတာတော့ မဟုတ်ပါဘူး။ စာပေကို ရာခိုင်နှုန်းများပေမယ့် ကျန်တဲ့အနုပညာတွေအားလုံး ကိုလည်း စိတ်ဝင်စားသူပါ။ စာပေပြီးရင် အနီးစပ်ဆုံးဝင်စားမှုတစ်ခုကတော့ ရုပ်ရှင်ပါပဲ။

အထူးသဖြင့် ပြည်ပက ကမ္ဘာကျော် ဒါရိုက်တာကြီးတွေရိုက်တဲ့ ကမ္ဘာကျော် မင်းသားမင်းသမီးတွေပါတဲ့ ရုပ်ရှင်ကားတွေဆို တခုတ်တရ ကြည့်ရှုခံစားတတ်ပါတယ်။ အရင်ကတော့ ရန်ကုန်ရုပ်ရှင်ရုံတွေက အဲဒီလိုကားကောင်းတွေဆို နှစ်နဲ့ချီကြာပြီးမှ ရုံတင်တတ်ပေမယ့် အခုတော့ ရက်ပိုင်း သီတင်းပတ်ပိုင်း အကွာလောက်မှာပဲတင်တော့ ပြည်ပက နာမည်ကျော် ရုပ်ရှင်ကားသစ်တွေကို ရန်ကုန်မှာပဲ ဈေးသက်သက်သာသာနဲ့ ကြည့်နိုင်နေပြီဖြစ်ပါတယ်။ မန္တလေးနဲ့ နေပြည်တော်မှာလည်း အလားတူကြည့်လို့ ရနေပြီလို့ထင်ပါတယ်။

ရန်ကုန်မှာ ဟောလီးဝုဒ်ကားသစ်တွေကို မကြည့်ရခင်တုန်းကတော့ ပြည်ပထွက်ခွင့်ရတဲ့အခါ အနည်းဆုံး ရုပ်ရှင်တစ်ကားတော့ မဖြစ်မနေ သွားကြည့်ဖြစ်ပါတယ်။ ဈေးတွေကတော့ အမေရိကန်ဒေါ်လာ ၁၀ ကနေ ၂၀ ဒေါ်လာလောက်အထိ ကုန်ကျပေမယ့် သူတို့ရုပ်ရှင်ရုံကြီးတွေကို သဘောကျတာရယ်၊ ကိုယ်ကြည့်ချင်တဲ့ဇာတ်ကားသစ်ကို ကမ္ဘာနဲ့တစ်ဝန်း ပြပြချင်း ကြည့်ခွင့်ရလို့ရယ်ကြောင့် ကြည့်ပါတယ်။

ဒါတောင် သူတို့ကြည့်တဲ့အတိုင်း ထောပတ်နဲ့ဖောက်ထားတဲ့ ပေါက်ပေါက်နဲ့ ကိုကာကိုလာတွဲလိုက်ရင်
နောက်ထပ် ၁၀ ဒေါ်လာလောက် ထပ်ပြုတ်သွားပြန်ပါတယ်။ နိုင်ငံခြားရောက်တုန်းတော့ နိုင်ငံခြားအရသာ ခံစားချင်တာမို့ ပိုက်ဆံကုန်လည်း ကိုယ်ကတော့ ခံစားလိုက်တာပါပဲ။

အခု လန်ဒန်ကို ရောက်တော့လည်း မူလရည်ရွယ်ချက်အတိုင်း ကိုယ်ကြိုက်တဲ့ မင်းသား၊ မင်းသမီးနဲ့ ကိုယ်ကြိုက်တဲ့ဇာတ်လမ်းဆို သွားကြည့်တတ်ပါတယ်။ လန်ဒန်ရောက်ပြီး သုံးလအတွင်းမှာတော့ ရုပ်ရှင်သုံးကားကြည့်ပြီးပါပြီ။ Bruno, The Proposal နဲ့ Fish Tank တို့ပဲ ဖြစ်ပါတယ်။

Bruno ကိုတော့ လန်ဒန်ရောက်ပြီး တစ်ပတ်အကြာမှာပဲ သွားကြည့်တာပါ။ ပထမတော့ အဲဒီကားကြည့်ဖို့ မဟုတ်ပါဘူး။ ရောက်ကာစဆိုတော့ ပတ်ဝန်းကျင်ကို သိပ်မကျွမ်းကျင်သေးပေမယ့်လည်း သိတဲ့အတိုင်း ရောဂါက ထလာပြီဆိုတော့ ရုပ်ရှင်တော့ သွားကြည့်ဦးမှဆိုပြီး အနီးအနားက ကုန်တိုက်တစ်ခု(Whiteleys)မှာ ရှိတဲ့ရုပ်ရှင်ရုံကိုသွားပြီး ဇာတ်ကားတွေရွေးရင်း ကိုယ်ရောက်တဲ့အချိန်နဲ့ ဒီရုပ်ရှင်ပြမဲ့အချိန်ကိုက်နေတာနဲ့ ကြည့်ဖြစ်သွားတာပါ။

ဇာတ်ကားက လိင်တူချစ်သူအမျိုးသား(ဒီမှာက အခြောက်လို့ခေါ်ရင် ပြောဆိုရေးသားရင် ပုတ်ခတ်စော်ကား တယ်လို့ ယုံကြည်ကြပြီး သူတို့အင်္ဂလိပ်လူမှုအသိုင်းအ၀ိုင်းက ခေါ်ဆိုပြောဆိုသုံးနှုန်းသူကို အထင်သေးရှုတ်ချကြ ပါတယ်)ရုပ်သံတင်ဆက်သူတစ်ဦးအကြောင်းပါပဲ။

ရုပ်သံတင်ဆက်သူဖြစ်ချင်တဲ့သူက အလွန်ရဲတင်းပြီး ကြိုးစားတဲ့အကြောင်းပါ။ ဇာတ်ကားမှာ လိင်ပိုင်းဆိုင်ရာပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်း စကားလုံးတွေ ဖောဖောသီသီပါဝင်ပြီး လူကြီးကြိုက်(အထူးသဖြင့် လိင်တူချစ်သူတွေအကြိုက်)ပါ။ အဲဒီဇာတ်ကားဟာ ဒီမှာတော့ ပေါက်ခဲ့ပြီး လူကြိုက်များပါတယ်။ ဟိုတစ်နေ့ကတော့ မလေးရှားနိုင်ငံက လိင်ပိုင်းဆိုင်ရာပြကွက်တွေများလို့ အဲဒီကားကို ပြသခွင့်(ဆင်ဆာ)မပေးဘူးလို့ သိရပါတယ်။

ပြောချင်တာက ရုပ်ရှင်အကြောင်းမဟုတ်ပါဘူး။ ရုပ်ရှင်ကြည့်ရတဲ့ ခံစားမှုနဲ့ ရုပ်ရှင်ရုံတွေအကြောင်းပါ။ ရုပ်ရှင်ရုံတွေက ဒီမှာဆို သမ္မတရုံလို ရုံအကြီးကြီးတွေ၊ ရုံအလတ်တွေနဲ့ ရန်ကုန်က ဗီဒီယိုရုံလောက်ပဲရှိတဲ့ ရုံငယ်လေးတွေဆိုပြီး ရှိပါတယ်။ ပထမဆုံးကြည့်တဲ့ရုပ်ရှင်ရုံကတော့ ရုံလတ်လို့ ဆိုရပါမယ်။ လူ ၂၅၀/၃၀၀ လောက်ဆံ့ပါတယ်။ အသံစနစ်အလွန်ကောင်းတဲ့ ခေတ်မီရုပ်ရှင်ရုံပါ။ သက်သောင့်သက်သာရှိပါတယ်။ ရုံဝင်ခ ၁၀ ပေါင်ကျော်ပေးရပါတယ်။

သမ္မတရုံလို လူ ၉၀၀/၁၀၀၀ ဆံ့တဲ့ ရုံတွေကျတော့ မြို့လယ်မှာရှိပါတယ်။ ပြည်ပက ရုပ်ရှင်ကားတွေ၊ ဟောလီးဝုဒ်ကားတွေကို ပါဝင်သရုပ်ဆောင်တဲ့ မင်းသားမင်းသမီးတွေကိုယ်တိုင်လာပြီး သူတို့ဇာတ်ကားကို ဖွင့်လှစ်ပေးတဲ့အခါ သုံးတဲ့ရုံတွေပါ။ အဲဒီမှာ တစ်ခါကြည့်ဖူးပါတယ်။ The Proposal ကား သွားကြည့်တာပါ။ ဟာသကားဖြစ်ပြီး နာမည်ကြီးမင်းသမီး ဆန်ဒရာဘူးလော့ခ် ပါဝင်ပါတယ်။ အပျိုကြီး အလုပ်မပြုတ်ချင်လို့ ကိုယ့်ရဲ့ ကိုယ်ရေးလက်ထောက်ကို အတင်းယူလိုက်တဲ့ ဇာတ်ကားပါ။ ထင်သလောက် မကောင်းတဲ့အတွက် လက်မှတ်ခ ၁၃ ပေါင်ခွဲကို နှမျောမိပါရဲ့။

The Proposal ဇာတ်ကားကို ရုံစတင်တဲ့ ပထမပတ်မှာပဲ ကြည့်ပါတယ်။ ကြည့်ချင်လွန်းလို့ပါ။ ရုံထဲဝင်ပြီး ရုပ်ရှင်မပြသေးတာမို့ အရင်ဆုံး အိမ်သာသွားတာ တံခါးတွေ(အရေးပေါ်တံခါးဖြစ်နေတယ်)မှားဖွင့်ပြီး ရုပ်ရှင်ရုံအပြင်လမ်းမပေါ် ပြန်ရောက်သွားပါတယ်။ အဲဒီတံခါးတွေက ထွက်လို့သာ ရပါတယ်၊ ပြန်ဝင်လို့မရတော့ပါဘူး။

အဲဒီအချိန်ကတော့ ရုပ်ရှင်ပြခါနီးမို့ ရှေ့ပိုင်းအခန်းတွေလွတ်သွားမှာရယ်၊ ရုံထဲတစ်ခါပြန်ဝင်ရင် ပိုက်ဆံထပ်ပေးရ ဒုက္ခလို့ စိတ်ပူတာရယ်၊ အရေးပေါ်တံခါးကို မလိုအပ်ဘဲဖွင့်တယ်ဆိုပြီး အရေးယူရင်တော့ ပြဿနာပဲဆိုပြီး စိတ်ညစ်ရနဲ့ လူတွေသွားလာနေတဲ့ လမ်းမပေါ်မရောက်ခင် အရေးပေါ်တံခါးမနှစ်ခုကြား ကောင်းကင်ပဲ မြင်ရတဲ့ နံရံလေးဘက်အတွင်း လမ်းကြားလေးထဲ ရောက်နေတဲ့အချိန် ခံစားမှုက အခုပြန်တွေး အခုထိတ်လန့်နေဆဲပါ။ သင်ခန်းစာကတော့ တံခါးတွေ့ရင် အလွယ်ဖွင့်တတ်၊ ၀င်တတ်ထွက်တတ်တာကို သတိထားရမယ်ဆိုတဲ့ သင်ခန်းစာပါ။

လမ်းမပေါ်ကနေ ရုံထဲပြန်အ၀င်မှာတော့ လက်မှတ်စစ်နှစ်ယောက်အနက် အမျိုးသားက လက်မှတ်ထပ်တောင်းပြီး စစ်ဆေးနေသေးပေမယ့် ခပ်ချောချောအမျိုးသမီးလက်မှတ်စစ်က သူက ၀င်ပြီးသား၊ စစ်စရာမလိုတော့ဘူး လို့ ပြောလိုက်လို့ ဟင်းချပြီး ရုပ်ရှင်ရုံထဲဝင်နိုင်ပါတော့တယ်။

တော်ပါသေးရဲ့လို့စိတ်ထဲတွေးပြီး လက်မှတ်ကပါတဲ့ အတန်းနဲ့ ခုံနံပါတ်မှာထိုင်၊ ရုပ်ရှင်ကြည့်ဖို့ စောင့်ပေမယ့် ရုပ်ရှင်က မပြသေးပါဘူး။ သူတို့ဆီမှာလည်း ရုပ်ရှင်က သတ်မှတ်အချိန်အတိုင်းမပြပါဘူး။ သတ်မှတ်အချိန်ထက် ၁၅ မိနစ်လောက် နောက်ကျပြီးမှ ပြပါတယ်။ လူအ၀င်စောင့်နေတာဖြစ်ပုံရပါတယ်။

ခုန ၅ မိနစ် ၆ မိနစ် အတွှေ့အကြုံကို ပြန်စဉ်းစားရင်း “ဟာ…ငါ အပေါ့မှ မသွားရသေးတာ“ဆိုပြီး အိမ်သာ တစ်ခေါက် ပြန်သွားပြန်ပါတယ်။ “လူ့စိတ်ဟာ ကြောက်တုန်း ခဏပါပဲ၊ ပြီးတော့လည်း ကိုယ်လုပ်ချင်တာ ပြန်လုပ်တာပဲ“လို့ တွေးမိ ပြန်ပါတယ်။

အပေါ့သွားလိုက်မှ လူက နေသာထိုင်သာ ရှိသွားပါတယ်။ အပေါ့သွားပြီး လက်ဆေးတော့ လက်ဆေးခွက်ဘေး အမြင့်တစ်နေရာ ရေစိုလက် ခြောက်သွားအောင် လေမှုတ်ပေးတဲ့ စက်ကလေးဘေးမှာ ပလတ်စတစ်ဘောလုံး လေးတွေ တွေ့ပါတယ်။

Fuzzy Brush လို့ခေါ်တဲ့ သွားတိုက်နိုင်တဲ့ ဘရပ်ရှ်လေးတွေထည့်ထားတဲ့ ဘောလုံးလေးတွေပါ။ ပိုက်ဆံထည့်ရင် ဘောလုံးလေးတွေ ထွက်လာတဲ့ စက်ကလေးပါ။ တစ်ပေါင်စေ့(ကွိုင်)ထည့်ပြီး နှိပ်လိုက်ရင် ဘော့လုံးလေးနှစ်လုံး ထွက်လာပါတယ်။ ကိုယ်ကလည်း တစ်ပေါင်အကုန်ခံပြီး စမ်းသပ်လိုက်တော့ ဘောလုံးလေး နှစ်လုံးရပါတယ်။

ပလတ်စတစ်ဘောလုံးလေးကို အလယ်ကနေခွဲလိုက်ရင် (နှစ်ခြမ်းကို အံလေးနဲ့ပိတ်ထားပြီး အလုံးလေးလုပ်ထားတာပါ) သွားတိုက်တံမှာပါတဲ့ ဘရပ်ရှ်လို ဘရပ်ရှ်သေးသေးလေးနဲ့ သွားပုံစံလေးထွက်လာပါတယ်။ ပီကေလိုဝါးရင်းသွားတိုက်နိုင်တာမျိုးပါ။ The Chewable Toothbrush လို့ခေါ်ပါတယ်။ အဲဒါကို ၀ါးရင်း၊ ပါတဲ့ဘရပ်ရှ်သေးသေးလေးနဲ့ သွားတိုက်ရင်း အညစ်အကြေးရှိနေရင် ကင်းစင်ပြီး သွားတွေသန့်စင်သွားနိုင် သလို၊ ရေလည်း မလိုပါဘူး။ တံတွေးထွက်လာရင်လည်း မျိုချလိုက်ရပါတယ်။ အမွှေးနံ့လည်း ပါတာမို့ သွားတိုက်ပြီးတဲ့ ခံစားမှုတော့ ရမှာပါ။

အဓိက ကတော့ ရုပ်ရှင်လာကြည့်တဲ့ စုံတွဲတွေ သွားတိုက်မေ့ခဲ့တဲ့သူတွေ အရေးပေါ်အသုံးပြုလို့ ရအောင်လို့ အိမ်သာထဲမှာ ဒီအရောင်းစက် ကလေး လာထည့်ထားပုံရပါတယ်။ စုံတွဲတွေက ရုပ်ရှင်ဇာတ်ကားသပ်သပ်ပဲ ကြည့်ကြတာမှ မဟုတ်တာနော်။ ဟိုဟာဒီဟာလေးကလည်း လုပ်ကြတော့ ဒီဘော့လုံးလေးတွေ ရောင်းရပုံပေါ်ပါတယ်။

ဒါပေမယ့် ဒီမှာက လမ်းမပေါ်မှာဖြစ်ဖြစ်၊ မြေအောက်ဘူတာရုံမှာဖြစ်ဖြစ်၊ စားသောက်ဆိုင်မှာဖြစ်ဖြစ်၊ ဈေးဝယ်စင်တာမှာပဲဖြစ်ဖြစ် လူမြင်ကွင်းတွေမှာ ချစ်ချစ်ခင်ခင် ရှိုက်ရှိုက်မက်မက် နမ်းတာတွေကတော့ ရိုးနေတာမို့ ရန်ကုန်က ရုပ်ရှင်ရုံတွေမှာဆိုရင်တော့ တော်တော် ရောင်းရမှာပဲလို့ တွေးမိပါတယ်။ တချို့ကလည်း ပါးစပ်မှာ အနံ့လေးမွှေးနေအောင် ပီကေ၀ါးကြပါတယ်။

ရုပ်ရှင်မစခင်က စိတ်ထိတ်ခဲ့ရသလို ဆန်ဒရာဘူးလော့ခ်ကလည်း ထင်သလောက်မကောင်းတာမို့ အဲဒီနေ့ကတော့ ပြဿဒါးနေ့ဖြစ်ခဲ့ပါတယ်။

တတိယမြောက်ဇာတ်ကားကိုတော့ သုံးဘက်မြင်(မျက်မှန်တပ်ပြီး ကြည့်ရတဲ့)ဇာတ်ကားတစ်ကား ကြည့်ကြည့်မယ်လို့ စိတ်ကူးခဲ့ပေမယ့် တကယ့်တကယ်ကြည့်ဖြစ်တာကတော့ Fish Tank ဆိုတဲ့ ၁၅ နှစ်အရွယ် “မီယာ“ဆိုတဲ့ အင်္ဂလိပ်အပျိုပေါက်မလေးတစ်ယောက်အကြောင်း ရိုက်ပြထားတဲ့ ကားပါ။

ဇာတ်ကားက ကောင်းမယ်လို့ထင်လို့ သွားကြည့်ဖြစ်ခဲ့ပေမယ့် သိပ်တော့ မကြိုက်လှပါဘူး။ ဇာတ်ကားက နည်းနည်းလည်းရှည်တော့ ပျင်းစရာတောင် ကောင်းခဲ့ပါသေးတယ်။

အပျိုပေါက်မလေးဟာ ကျောင်းမတက်ဘူး၊ အမေနဲ့မတည့်ဘူး၊ အမေ့စကား နားမထောင်ဘူး။ ဟစ်ဟော့ပ်အက ၀ါသနာပြီး ကောင်းကောင်း ကတတ်တယ်။ ဒါနဲ့ အကနဲ့ ပတ်သက်တဲ့ အလုပ်တစ်ခု သွားလျှောက်တယ်။ ပထမတော့ သူဝါသနာပါတဲ့ အကပညာနဲ့ အလုပ်လုပ်နိုင်မယ်၊ ၀င်ငွေရှာနိုင်တော့မယ်ဆိုပြီး ပျော်နေခဲ့ပေမယ့် အဖော်အချွတ်ကလပ်တစ်ခုအတွက် က ရမှာဆိုတာကို သိသွားတော့ စမ်းသပ်ကခိုင်းတာကို မကတော့ဘဲ ပြန်လာခဲ့တယ်။

အဲ သူက သူ့အမေရဲ့ ရည်းစား (အိမ်ထောင်ရှင်) ကို သွားကြိုက်တယ်။ အမေ့ရည်းစားကလည်း ပထမတော့ သမီးလေးလိုသဘောထား သလိုလိုနဲ့ နောက်တော့လည်း စားနေကျကြောင်ဖားဆိုသလို သမီးကိုလည်း ၀ါးလိုက်တာပါပဲ။ သမီးကိုလည်း ၀ါးပြီးရော အမေ့ကိုပါဖြတ်ပြီး အဆက်အသွယ်မလုပ်တော့ဘူး။

အမေ့မှာတော့ အရက်အဖော်ပြုလို့ တစ်ယောက်တည်း ကြိတ်ခံနေပေမယ့် သမီးလေးကတော့ ငယ်လည်းငယ်၊ အမေ့ရည်းစားကိုလည်း သိပ်သဘောကျသွားခဲ့သူဆိုတော့ နောက်ပိုင်း လိပ်စာရအောင်ရှာပြီး အိမ်လိုက်သွားတာချိန်မှာဟိုလူ့မှာက ဇနီးနဲ့ သမီးလေးနဲ့။ ဒါနဲ့ ဒီဘဲကြီးကို စိတ်ဒုက္ခရောက်အောင် လုပ်ရမယ်ဆိုပြီး သူ့သမီးလေးကို လိမ်ခေါ်လာခဲ့ပေမယ့် နောက်ဆုံးတော့ ဘာမှ မလုပ်ရက်တာနဲ့ အိမ်ပြန်ပို့ပေး။ ဒါပေမယ့် သူ့အဖေ(ဘဲကြီး)ကတော့ စိတ်ဆိုးပြီး သူ့ကို ပါးနားပိတ်ရိုက်။ ဒါနဲ့ပဲ ဇာတ်လမ်းကို သိမ်းလိုက်ပါတယ်။

ခေတ်ပြိုင်အင်္ဂလိပ်ယဉ်ကျေးမှုတစိတ်တဒေသကို ကြည့်ချင်လို့ ဒီဇာတ်ကားကို သွားကြည့်ခဲ့ပေမယ့် သိပ်တော့မကျေနပ်ခဲ့ပါဘူး။ ဒီကားကို ကြည့်တဲ့ ရုပ်ရှင်ရုံကတော့ ကိုယ်နေတဲ့ရပ်ကွက်နားကဖြစ်တာမို့ ရန်ကုန်က ဗီဒီယိုရုံခပ်သေးသေးလောက်ပဲ ရှိပါတယ်။ လူ ၁၀၀ ပဲ ဆံ့ပါတယ်။ တစ်ယောက်ရုံဝင်ခ ၉ ပေါင်ပေးရပါတယ်။ ဒီရုံမှာလည်း ရုံပြည့်တဲ့အထိ အချိန်စောင့်ဆိုင်းပြီးမှ ကြည့်ခဲ့ရတာပါ။ လိင်ပိုင်းဆိုင်ရာပြကွက်တွေ၊ သမီးနဲ့အမေစကားပြောဆိုဆက်ဆံတဲ့အခါ မသင့်တော်တဲ့ပြကွက်တွေ၊ အမေကော သမီးနှစ်ယောက်ကော (နောက်ထပ် ၁၀ နှစ်အရွယ်သမီး တစ်ယောက် ပါပါသေးတယ်) အရက်၊ ဆေးလိပ်သောက်တဲ့အခန်းတွေ ပါပါတယ်။

ခြုံပြောရရင်တော့ လန်ဒန်မှာ ရုပ်ရှင်ရုံဝင်တဲ့ လက်မှတ်ခတွေကတော့ အသက် ၁၅ နှစ်အောက် ကျောင်းသားဆို လက်မှတ်ခတစ်မျိုး၊ စီနီယာနိုင်ငံသားလို့ခေါ်တဲ့ ပင်စင်နာ(ပင်စင်စား)တွေ အတွက် လက်မှတ်ခက သက်သာပြီး၊ သာမန်အရွယ်ရောက်ပြီးသူတွေအတွက် လက်မှတ်ခက တစ်မျိုးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်ကစပြီး လက်မှတ်ခ နည်းနည်းလေး ဈေးတိုးယူပါတယ်။ ကိုယ်သွားကြည့်တဲ့ ရုံတွေကတော့ ODEON ရုံတွေပဲ ဖြစ်ပါတယ်။

မြို့လယ်ခေါင် ODEON ရုပ်ရှင်ရုံလက်မှတ်ခ၊ လူကြီး(အရွယ်ရောက်ပြီး)က တစ်ယောက် ၁၄ ပေါင်၊ အသက် ၁၅ နှစ်အောက်က ၉ ပေါင်ခွဲပါ။ ဒါက နှစ်ထပ် ရုပ်ရှင်ရုံမှာအောက်ထပ်လက်မှတ်ခပါ။ အပေါ်ထပ်ကတော့ ပိုဈေးကြီးပါတယ်။ မြို့ပြင်ရုံတွေရဲ့လက်မှတ်ခကတော့ လူကြီး ၁၁ ပေါင်နဲ့ အသက် ၁၅ နှစ်အောက် ၇.၈၀ ပေါင် ဖြစ်ပါတယ်။ မွန်းလွဲ ၂ နာရီမတိုင်ခင်ကြည့်ရင်တော့ ဈေးသက်သာပါတယ်။ ရုံးအလုပ်မရှိတဲ့သူပဲ အဲဒီအချိန်ကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။ မွန်းလွဲ ၂ နာရီနောက်ပိုင်းဆိုရင်တော့ ခုနပြောခဲ့တဲ့ ဈေးတွေနဲ့ ကြည့်မရမှာပါ။

မျက်မှန်တပ်ကြည့်ရတဲ့ သရီးဒီ(သုံးဘက်မြင်၊ အလုံးအထည်တွေအတိုင်းမြင်ရတဲ့၊ ဥပမာ ဆော်ထည့်ပစ်ထည့်လိုက်လို့ ကားအစိတ်အပိုင်းတွေ ပြုတ်ထွက်လာတဲ့ အက်ရှင်ကားဆိုရင် အဲဒီကားအစိတ်အပိုင်းက ကိုယ့်ဆီအားနဲ့ ၀င်လာပြီး ကိုယ်မျက်နှာကြီးထိလို့ စုတ်ပြတ်သွားမယ့်ပုံမျိုး) ဇာတ်ကားတစ်ကားကြည့်ပြီးမှပဲ အဲဒီအတွေ့အကြုံကို ရေးပြပါဦးမယ်။ သရီးဒီကားသွားကြည့်ပြီး သဘောကျလာတဲ့သူငယ်ချင်းတစ်ယောက်က လည်း အသေအချာသွားကြည့်သင့်တဲ့အကြောင်း ကိုယ့်ကို တိုက်တွန်းလာပါတယ်။

ဆုံကြသေးတာပေါ့၊ နော့။

အောက်တိုဘာ ၃၊ မွန်းလွဲ ၂ နာရီ။