“ရူး“ ဆိုတဲ့ “ကြိယာ“ကို မြန်မာအဘိဓာန်က အခုလို အနက်ပေးပါတယ်။

၁။ လွန်လွန်ကဲကဲ မတည်မငြိမ်ဖြစ်သည်။

၂။ စိတ်ဖောက်ပြန်သည်။ ရူးသွပ်သည်။

၃။ တစ်စုံတစ်ခု၌ အလွန်အကဲ တမ်းတမ်းစွဲဖြစ်သည်။ လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

ကျွန်တော်ပြောပြမှာကတော့ ကျွန်တော် အရူးလို့ ခေါ်ခံရတဲ့ အကြောင်းလေးတွေပါပဲ။

ခံစားကြည့်ပါကုန်။

၃ ၄ တန်းလောက်မှာပဲ လိင်နဲ့ပတ်သတ်တဲ့ကိစ္စတွေ၊ ယောက်ျားနဲ့မိန်းမ မတူကွဲပြား ခြားနားတဲ့ ခံစားချက်နဲ့ လိုအင်တွေ ရှိတဲ့အကြောင်းကို စသိလာပါတယ်။ ဒီလိုသိလာတယ်ဆိုတာ တစ်ယောက်ယောက်က သေသေချာချာ ပြောပြလို့ သိတာမဟုတ်ပါဘူး။ ကိုယ့်အိမ်နဲ့ ပတ်ဝန်းကျင်ကို ကြည့်ရင်းမြင်ရင်းလေ့လာရင်း၊ မိန်းကလေးသူငယ်ချင်းတွေကိုကြည့်ရင်းမြင်ရင်းသဘောကျရင်းနဲ့ သိလာတာဖြစ်ပါတယ်။

သူငယ်ချင်းကောင်မလေးတွေ လှလှပပ၀တ်စားထားရင် သဘောကျပါတယ်၊ ကျောင်းဝတ်စုံဝတ်ထားတဲ့ ကိုယ့်ဆရာမဟာလည်း စိတ်ထဲမှာ လှနေတာပါပဲ။ ၄ တန်းတုန်းက စာအသင်အပြအလွန်ကောင်းတဲ့ အတန်းပိုင်ဆရာမဟာ ရပ်ကွက်ထဲမှာပဲနေပါတယ်။ ကျောင်းပိတ်ရက်တစ်ရက်(စနေ သို့မဟုတ် တနင်္ဂနွေဖြစ်မှာပေါ့လေ)ကျတော့ ဆရာမဟာ အပျိုကြီး အရွယ်ဖြစ်တာမို့ အရွယ်မလွန်ခင်ကဲတတ်ကြတဲ့ အပျိုကြီးတို့သဘောအတိုင်း အဲဒီတုန်းက စပေါ်နေပြီဖြစ်တဲ့ ဒူးခေါင်းလောက်ပဲရောက်တဲ့ ဂျင်းစကတ်တိုနဲ့ တီရှပ်အဖြူကို ၀တ်ပြီး ရပ်ကွက်ထဲမှာ လူလုံးပြပါတယ်။ သူ့မောင်တို့ ဦးလေးတို့ နိုင်ငံခြားက ပြန်လာလို့ လက်ဆောင်ရတာကို ၀တ်တာလည်း ဖြစ်နိုင်ပါတယ်။

ကျောင်းဝတ်စုံနဲ့ပဲ မြင်ဖူးနေကြဆရာမကို စကတ်တိုတို တီရှပ်နဲ့မြင်ရတော့ စိတ်ထဲတစ်မျိုးကြီးဖြစ်သွားပါတယ်။ အရူးထတာပါ။ အရူးဆိုတာ အဲဒါကို ဆိုလိုတာပါ။

၇ တန်းလောက်အထိကို အိမ်နဲ့ကျောင်း၊ ကျောင်းနဲ့အိမ်ပဲ စခန်းသွားခဲ့ရပါတယ်။ ကျူရှင်တွေဘာတွေကလည်း ခဏတဖြုတ်ပဲ တက်ခဲ့ဖူးပါတယ်။ ကျောင်းမှာသင်တာလောက်နဲ့ပဲ တစ်တန်းပြီးတစ်တန်းအောင်ခဲ့ပါတယ်။ ၈ တန်းလောက်မှာတော့ သင်္ချာနဲ့ အင်္ဂလိပ်စာ ပိုတော်အောင် ဆိုပြီး အမေက အပြင်ကျူရှင်တွေ တက်စေပါတယ်။ ၄၊ ၅ ရပ်ကွက်ကျော်လောက်က ကျူရှင်တစ်ခုရယ်၊ ရပ်ကွက်ထဲက ကျူရှင်တစ်ခုရယ်မှာ တက်ရပါတယ်။ အဲဒီကျူရှင်တွေကတော့ အတန်းကျူရှင်လို့ခေါ်ပါတယ်။ ကိုယ်တို့နေတဲ့မြို့နယ်ထဲမှာတော့ ဆိုင်ရာဘာသာရပ်ထဲမှာ နာမည်အကြီးဆုံးကျူရှင်ဆရာတွေပါပဲ။ အတန်းတစ်တန်းကို လူ ၅၀ ကနေ ၂၀၀၊ ၃၀၀ လောက်အထိ လူများပါတယ်။

၈ တန်းရောက်တော့ အရွယ်က ၁၄ နှစ်လောက် (၁၉၉၀ ပြည့်နှစ်) ဆိုတော့ အရပ်ကလန်ကလားနဲ့ဖြစ်ပြီ၊ အမေကလည်း ဘောင်းဘီရှည်တွေဘာတွေ ဆင်ပြီ။ အဖေ့ဂျာကင်တွေဘာတွေ ယူဝတ်လိုက်ရင် ကုလားမင်းသားလိုလို ဘာလိုလို ပုံပေါက်သွားတယ်။ ကျူရှင်တက်တော့ ကျူရှင်စောစောသွား၊ သူငယ်ချင်းတွေနဲ့ဆုံ၊ ပြီးရင် ကျူရှင်ပေါက်ဝ မနီးမဝေးကနေ ကျူရှင်ထဲ တဖြည်းဖြည်း ၀င်လာတဲ့ ကောင်မလေးတွေကို ကြည့်၊ အပြန်ပြန်အလှန်လှန် ဝေဖန်သုံးသပ်၊ စလို့ရတဲ့သူဆို စ။ အတော်ပျော်ဖို့ ကောင်းပါတယ်။ တစ်ပတ်မှာ နှစ်ရက်လောက်ပဲ တက်ရတဲ့ ကျူရှင်မို့ အဲဒီရက်တွေဆို ဘာဝတ်ရင် ကောင်းမလဲ၊ ဘယ်လိုပုံစံဝတ်ပြီး မိန်းကလေးတွေ ကြည့်အောင်လုပ်ရမလဲဆိုတာ စနေတနင်္ဂနွေတက်ရမယ့် ကျူရှင်ကို သောကြာညကတည်းက စဉ်းစားရပါတယ်။

အဲဒီမှာ ကောင်မလေးတစ်ယောက်ကို သဘောကျတယ်။ ကိုယ်က အသားညိုညို ကလန်ကလားမို့ ပုပုလုံးလုံး ဖြူဖြူဖွေးဖွေး မျက်လုံးပြူးပြူးလေးနဲ့ သူမကို ချစ်စရာလေးလို့ မြင်မိတယ်။ ကောင်မလေးတွေဆို ငယ်ငယ်ကတည်းက အဲဒီလို ဖြူဖြူလုံးလုံးလေးတွေဆို သဘောကျတတ်တယ်။ တစ်နေ့ ကျူရှင်ပေါက်ဝကနေ သူတစ်ယောက်တည်းလာတဲ့အခါ သေချာကြည်တဲ့ပြီး လှတယ်နော်လို့ ပြောရမှာကို ပုတယ်နော်လို့ ပြောလိုက်တော့ ကောင်မလေးက ရိုးရှာပါတယ်။ “သေချင်းဆိုး၊ ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်၊ တန်သလား တူသလား“လို့ ကိုယ့်မျက်နှာကို သေသေချာချာကြည့်ပြီး အေးအေးဆေးဆေး ပိုင်ပိုင်နိုင်နိုင် ပြန်ပြောပါတယ်။ အဲဒီပွဲမှာပဲ မိန်းကလေးတွေကို အဆဲမခံနိုင်ဘဲနဲ့ မစမ်းချင်နဲ့ ဆိုတဲ့ ပထမဆုံး သင်ခန်းစာကို မျက်နှာတစ်ခုလုံးထူပူပြီး ရလိုက်ပါတယ်။

နောက်ပိုင်းကျတော့ ကိုယ်စလို့ သူအဲဒီလိုပြောရင် သူ့အိမ်ရှေ့ဖြတ်လျှောက်လို့ သူနဲ့တွေ့တဲ့အခါ“ဂျပုမ“ လို့  ကိုယ်က ခေါ်တတ်ပါတယ်။ တစ်ယောက်တည်းကျရင်တော့ မခေါ်ပါ၊ သူ့အိမ်ဘက်တောင် ရဲရဲမကြည့်ရဲပါ။ ဘေးမှာ သူငယ်ချင်းတစ်ယောက်ပါတဲ့အခါ ခေါ်ပါတယ်။ ခေါ်ပြီးရင်လည်း သူငယ်ချင်းက တည်ငြိမ်သလောက် ကိုယ်ကတော့ အပြေးတစ်ပိုင်း တစ်ခါတလေ တကယ်ကို ပြေးပါတော့တယ်။ မပြေးလို့လည်း မရဘူးလို့ စိတ်ထဲတွေးမိပါတယ်။ မတော် “အဖေ ဒီမှာ သမီးကို လာစနေတယ်“လို့ အော်လိုက်ရင် သူ့အဖေ အရပ်မြင့်မြင့် ဗလတောင့်တောင့် နဖူးပြောင်ပြောင်ကြီးက ဟေ့ကောင် မပြေးနဲ့ဆိုရင် မလွယ်လောက်ဘူးလို့ ကိုယ်ဘာသာ ထင်နေခဲ့တာကိုး။ ၁၀ တန်းလောက်အထိကို သူ့တွေ့တိုင်း စချင်စိတ်ရှိခဲ့ပါတယ်။

အခုတော့ ကိုယ့်ဘေးကရှိခဲ့ဖူးတဲ့ သင်္ဘောသားဖြစ်သွားတဲ့ သူငယ်ချင်းလည်း အိမ်ထောင်ကျသလို ဂျပုမလေးလည်း ဖက်တီးကြီးဖြစ်လို့ ကလေးနှစ်ယောက်လောက်တောင် ရနေပြီထင်ပါတယ်။ အဲဒီလိုလည်း ရူးခဲ့ဖူးပါတယ်။

၉ တန်းရောက်တော့ ကျောင်းမှာ စာတော်တဲ့ကျောင်းသားတစ်စုထဲမှာ ပါတဲ့အတွက် ဆရာမတွေကြားမှာ ရေပန်းစားပြန်ပါတယ်။ ၉ တန်း အတန်းပိုင်ဆရာမကလည်း အပျိုကြီးပါပဲ။ ဆရာမက စာအသင်အပြအလွန်ကောင်းတယ်၊ ဒါပေမယ့် အပျိုကြီးဆိုတော့ သိတဲ့အတိုင်း ပဲများတာပေါ့လေ။ ကျောင်းဝတ်စုံကိုပဲ သပ်သပ်ရပ်ရပ်ဝတ်ပြီး ချပ်ချပ်ရပ်ရပ်လေး အမြဲလှနေတဲ့ ဆရာမကို ယောက်ျားလေးကျောင်းဆိုတော့ ကျောင်းသားတွေက အမြဲကြည့်ကြတာပေါ့။

ကိုယ်က ကျောင်းရှေ့က အိမ်မှာနေတယ်၊ အမေက ကျောင်းအုပ်ဆရာမကြီးနဲ့ခင်တယ်။ အဲဒီတော့ ကျောင်းက ဆရာမတွေက အိမ်ကို အ၀င်အထွက် ရှိတယ်။ ၉ တန်း အတန်းပိုင်ဆရာမကလည်း တစ်ခါတလေ အိမ်လာတတ်တယ်။ ဆရာမက တစ်ခါတော့ နွေကျောင်းပိတ်တုန်းလား မသိပါဘူး။ ကျောင်းကို အစည်းအဝေးလား ဘာလားလာရင်း ပြန်တော့ အိမ်ရှေ့က ဖြတ်ပြန်ရတယ်။ အမေနဲ့တွေ့တော့ အစ်မ ဘာညာနဲ့ ခဏတော့ နှုတ်ဆက်ပြီး စကားလေးဘာလေး ပြောရတာပေါ့။

ဆရာမက ကျောင်းပိတ်ချိန်ဆိုတော့ ဘယ်ရမလဲ အတင်းချုပ်ပြီး အမြဲသိမ်းထားရတဲ့ ၀မ်းဆက်လေးကို ထုတ်ဝတ်တာပေါ့လေ။ အဖြူပေါ် အနီရောင်ငါးမွေထိုး ဒီဇိုင်းကွက် ၀မ်းဆက်နဲ့ အသားလတ်တဲ့ ဆရာမဟာ ကျောင်းက ဆရာမပုံစံထက်စာရင် အများကြီးပိုလှနေပါတယ်။ လှတဲ့သူဆိုရင် ၇ တန်းလောက်ကတည်း အနုပညာတစ်ခုလို ခံစားတတ်တဲ့ကိုယ်ဟာ ဘယ်လောက်တောင်ငေးမောပြီး ကြည့်မိသွားသလဲမသိပါဘူး။ ဆရာမက ပြောတယ်။ အရူးလေးတဲ့။

တက္ကသိုလ်ရောက်တော့လည်း ထောင်ထောင်ထောင်ထောင်နဲ့ပါပဲ၊ ချောတဲ့လှတဲ့ကောင်မလေးတိုင်းကို ကိုယ့်ရဲ့ဖြစ်လာနိုင်ချေရှိသော ရည်းစား အထင်နဲ့ တွေ့တိုင်းအလွတ်မပေးဘဲ လိုက်ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ကြည့်ရုံပဲကြည့်ပြီး လက်တွေ့ကျကျပြောဆိုလုပ်ကိုင်မှုမရှိတော့ ဘာမှ ဖြစ်မလာခဲ့တာ မဆန်းပါဘူး။ ဆန်းတာကတော့ ကိုယ့်ထက်ကြီးတဲ့ မမတစ်ယောက်(တကယ်တော့ယောက်ျားစိတ်နည်းနည်းပေါက်နေတဲ့ ကျား/မတစ်ယောက်)ကို အူတူတူသွားလုပ်လို့ သူက တင်းပြီး သိုင်းပညာနဲ့ ဆော်ထည့်(လည်ပင်းညစ်)တာကိုလည်း ခံရဖူးပါတယ်။ အဲဒီလိုလည်း အရူးကွက်ကို မပိုင်မနိုင်နင်းခဲ့ဖူးပါတယ်။

အလုပ်ထဲရောက်တော့လည်း ဟိုလိုလိုဒီလိုလိုလုပ် မမလိုလို ၀၀လိုလို ထထမလိုလိုနဲ့ နောက်ဆုံးတော့ တစ်ယောက်ပြီးတစ်ယောက်သာ မင်္ဂလာဆောင်တယ်၊ ကိုယ်ကတော့ စိတ်ကူးနဲ့ ရူးလို့ပျော်ဆဲလူဖြစ်ပါတယ်။

၂၀၀၉ အာက်တိုဘာ ၁၊ ည ၉ နာရီခွဲ။