အရူးအကြောင်းရေးပြီး တလက်စတည်း စဉ်းစားမိတာကတော့ စာရေးသူဆိုတာလည်း အရူးတစ်မျိုးပါပဲဆိုတဲ့အကြောင်းပါ။ ကိုယ့်စာတွေဖတ်သူတစ်ဦးဦးက တစ်ခုခု ပြောရင် အထူးသဖြင့် ချီးကျူးတဲ့စကားပြောလာရင် ၀မ်းသာလို့မဆုံး မြူးလို့မဆုံး ရူးလို့မဆုံးဖြစ်ကြပါတယ်။

အခုလည်း ကိုကျော်ဝင်းက “တရုတ်လုပ်“ကို ဖတ်ပြီး မြှောက်ပေးလာလို့ “တရုတ်နောက်ဆက်တွဲ“ကို ဆက်ရေးရပါတယ်။

လန်ဒန်ရောက်ရောက်ချင်း ဒုတိယမြောက်ရက်မှာပဲ တရုတ်ထမင်းဆိုင်နဲ့ မိတ်ဆက်ပေးခဲ့သူကတော့ ကိုယ့်ဌာနမှူးပါပဲ၊ ဌာနမှူးက ၀န်ထမ်းသစ်ကလေးကို လာတွေ့၊ အားပေးနှုတ်ဆက်တယ်။ ပြီးတော့ ကိုယ်ယာယီတည်းခိုနေထိုင်ရာနဲ့နီးတဲ့ တရုတ်ဆိုင်ခေါ်သွားပြီး ထမင်းကျွေးပါတယ်။

တရုတ်ဆိုင်ဟာ သန့်ရှင်းသပ်ရပ်နေပြီး ဆိုင်ဖွင့်ထားတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သလို ဆိုင်ရှင်တရုတ်သူဌေးဟာလည်း ဆိုင်ခွဲတွေပိုင်တဲ့အပြင် တရုတ်လူမျိုး ဆွေမျိုးသားချင်း တပည့်လက်သား အများအပြားကိုလည်း အလုပ်ပေးထားနိုင်တာကို တွေ့ရပါတယ်။ ဒါ တရုတ် အရည်အချင်းကို ပြတာပဲလို့ ကိုယ်ကတော့ တွေးမိပါတယ်။

အင်္ဂလန်မှာတော့ တရုတ်ဆိုင်ပဲဖြစ်ဖြစ်၊ ကုလားဆိုင်ပဲဖြစ်ဖြစ်၊ အီတာလျံဆိုင်ပဲဖြစ်ဖြစ် ကျန်းမားရေးဌာနက သတ်မှတ်ထားတဲ့ အစားအစာ ထုတ်လုပ်ရောင်းချမှု စံချိန်စံညွှန်းတွေနဲ့ ညီညွတ်မှသာ ရောင်းချနိုင်တာဖြစ်ပါတယ်။

တရုတ်ဆိုင်နဲ့ပတ်သက်ပြီး ပြောလိုတာက အင်္ဂလန်လိုနိုင်ငံမှာ တရုတ်ထမင်းဆိုင်ကို ဆိုင်ခွဲတွေရှိလာတဲ့အထိ ဖွင့်လှစ်ရောင်းချ ကြီးပွားအောင်မြင်နေတဲ့ တရုတ်လူမျိုးတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ စီးပွားရေးအမြင်ရှိမှုတို့ပဲဖြစ်ပါတယ်။

နိုင်ငံတိုင်းမှာ တရုတ်စားသောက်ဆိုင်တွေ အများကြီးရှိသလို တရုတ်အစားအစာကိုလည်း လူတွေ ကြိုက်နှစ်သက်လာအောင်လည်း တရုတ်တွေက စီမံချက်ပြုတ်ရောင်းချနိုင်တာကို တွေ့ရပါတယ်။

နောက်တစ်ခါ သူငယ်ချင်းတွေနဲ့ တစ်ခါတစ်ခါ စားဖြစ်နေတဲ့ ဆိုင်ကတော့ လန်ဒန်မြို့လယ်ကောင် တရုတ်တန်းက ဆိုင်တွေပဲဖြစ်ပါတယ်။ အဲဒီဆိုင်တွေကတော့ ဌာနမှူးကျွေးတဲ့ဆိုင် အောက် ဈေးသက်သာပါတယ်။ ဆိုင်မှာ လူရာကျော်စားသောက်နိုင်ပြီး ဈေးနှုန်းသက်သာတဲ့အတွက် စားစရိတ်ချွေတာလိုတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်တွေနဲ့ လန်ဒန်မှာ ကျောင်းလာတက်ကြ တဲ့ ကျောင်းသားတွေ၊ ၀င်ငွေနည်းဝန်ထမ်းတွေ အများဆုံး စားသောက်ကြတဲ့ဆိုင်တွေပါပဲ။

အဲဒီဆိုင်တွေရဲ့ထူးခြားချက်ကတော့ လူကိုရိုက်သွင်းတာပဲဖြစ်ပါတယ်။ ဆိုင်ထဲဝင်တာနဲ့ ကိုယ်ထိုင်ချင်တဲ့နေရာမှာထိုင်လို့မရပါဘူး၊ စားပွဲထိုးနေရာချပေးတဲ့နေရာ(စားပွဲ)မှာပဲ ထိုင်ရပါတယ်။ နှစ်ယောက်၊ လေးယောက်၊ မိသားစု စသဖြင့် လာရောက်စားသောက်ရင်တော့ နေရာကောင်းကောင်း ရနိုင်ပေမယ့် တစ်ယောက်တည်းဆိုရင်တော့ ချောင်ဘက်ကျတဲ့နေရာတို့၊ အတွင်းဆုံးနေရာတို့မှာ ရတတ်ပါတယ်။

တရုတ်ဆိုင်တွေမှာ တရုတ်လက်ဖက်ရည်(ရေနွေးကြမ်း)တစ်အိုး ချပေးပေမယ့် တစ်အိုးကိုတစ်ပေါင်ယူပါတယ်။ ချိုင်းနိတီး လို့ခေါ်တဲ့ တရုတ်လက်ဖက်ရည်မသောက်ဘူးဆိုရင်တော့ ဘီယာတို့ဘာတို့မှာသောက်လို့လည်း ရပါတယ်။ တရုတ်ဆိုင်မှာစားရင် ၄ ပေါင်ခွဲကနေ ၆ ပေါင်လောက်တော့ အနည်းဆုံးကျသင့်ပါတယ်။

ဒီနေရာမှာတစ်ခုသည်းခံရမှာကတော့ တရုတ်တွေဖြစ်တဲ့အတိုင်း နည်းနည်းတော့ ကြမ်းကြမ်းတမ်းတမ်း နိုင်ပါတယ်။ ဥပမာ ပန်းကန်တွေကို ဆောင့်ချလိုက်တာမျိုးဖြစ်ပါတယ်။ ရန်ကုန်က လာတဲ့ကိုယ့်အတွက်ကတော့ တရုတ်ခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲကြော်တဲ့ တရုတ်က ခေါက်ဆွဲကြော်တဲ့ ဒယ်အိုးကို တဒေါင်ဒေါင် တဂွမ်ဂွမ်နဲ့ ရိုက်နှက်ကြော်ချက်နေတာ ကြားဖူးစားဖူးထားတော့ ဆန်းမနေတော့ပါဘူး။ အင်္ဂလိပ်တွေ၊ ဥရောပသားတွေကတော့ တရုတ်တွေ ရိုင်းတဲ့အကြောင်း ပြောဆိုကြတယ်လို့ ကြားဖူးပါတယ်။

တရုတ်ဆိုင်မှာ စားပြီးလို့ တစ်ပ်မန်းနီးပေးတာမပေးတာကတော့ ကိုယ့်သဘောအတိုင်းပါပဲ၊ ဘာမှမဖြစ်ပါဘူး။

နောက်တရုတ်နဲ့ဆိုင်တဲ့ ကိစ္စတစ်ခုကတော့ “၀င်းရစ်“လို့ အသံထွက်တဲ့ တရုတ်စတိုးဆိုင်ကြီး အကြောင်းပါပဲ။ လက်ကားရောင်းတဲ့အရောင်းဆိုင်ကြီးဖြစ်ပြီး အပ်ကစလို့ ကားအထိရတဲ့ဆိုင်ကြီး ဖြစ်ပါတယ်။ ကိုယ်နေတဲ့နားမှာရှိတဲ့ဆိုင်ဖြစ်လို့ တစ်ခါတလေ ရောက်ဖြစ်ပါတယ်။ တရုတ်ပဲမုန့် စားချင်လာတဲ့အခါ သွားဝယ်စားတတ်ပါတယ်။ အဲဒီဆိုင်မှာ တရုတ်ပြည်က လာတဲ့ စားသောက်ဖွယ်ရာတွေနဲ့ အရှေ့တိုင်းက ပစ္စည်းအစုံရပါတယ်။

နောက်တစ်ခုကတော့ အသားကလီစာတွေ စားချင်ရင် တရုတ်ဆိုင်ဝယ်ရတာပါပဲ၊ အင်္ဂလိပ်တွေကတော့ ကလီစာမှာ ရောဂါပိုးတွေ အပြည့်ရှိတယ်လို့ ယုံကြည်ကြတာကြောင့် ကလီစာဆိုရင် အမှိုက်ပုံးထဲထည့်(ပစ်)လိုက်ကြတာမျာုးပါတယ်။ တရုတ်ကတော့ ၀က်ကလီစာကို အထူးသဖြင့် ရောင်းသလို ၀က်သားကို အမျိုးမျိုးလုပ်စားကြသူတွေမို့ ကိုယ်တို့ ၀က်ကလီစာတို့၊ ၀က်သားတုတ်ထိုးတို့ လုပ်စားမယ်ဆို တရုတ်တန်းမှာရှိတဲ့ ၀က်ကလီစာဆိုင်ကို သွားဝယ်မှဖြစ်ပါတယ်။ ဆိုင်ကို တခုတ်တရသွားကြည့်ထားပေမယ့် ကိုယ်က တစ်ယောက်တည်းနေသူမို့ အခုထက်ထိတော့ ၀ယ်မချက်ကြည့်ရသေးပါဘူး။

ဒီနေရာမှာ တရုတ်မလေးတွေအကြောင်းကို မပြောပြရင်တော့ တာဝန်ကျေမယ်လို့ မထင်ပါဘူး။ နေ့စဉ် မြေအောက်ရထားစီးရင်၊ မြို့ထဲရောက်ရင် လူတွေကြားထဲတွေ့ရတာက တရုတ်မလေးတွေပါပဲ။ အင်္ဂလိပ်မတွေနဲ့အပြိုင် သူတို့လှကြပါပေတယ်။ ချစ်စရာကောင်းကြပါတယ်။ သူတို့ တရုတ်လိုပြောဆိုနေကြတာကို အမြဲလိုလို ကြားနေရတတ်ပါတယ်။

တစ်ခါ ရထားလက်မှတ်ကိုယ့်ဘာသာဝယ်တဲ့အခါ စကရင်(စက်မျက်နှာပြင်)မှာ တရုတ်ဘာသာပြောင်းပြီးဝယ်လို့နေတာကလည်း တရုတ်တွေ အင်္ဂလိပ်စာကောင်းကောင်းတတ်စရာ မလိုဘဲ လန်ဒန်မှာ နေပျော်အောင်၊ သွားလာလှုပ်ရှား ရောင်းရေးဝယ်တာ စီးပွားရှာလို့ကောင်း အောင်နဲ့ ကျောင်းတက်ပညာရှာလို့ကောင်းအောင် လုပ်ပေးသလို ဖြစ်နေတယ်လို့ခံစားမိပါကြောင်း သိသမျှ မြင်သမျှတွေကို တရုတ်နောက်ဆက်တွဲအစီအစဉ်နဲ့ ရေးသားတင်ဆက်လိုက်ပါတယ်။

မြန်မာ-တရုတ်၊ တရုတ်-မြန်မာ

မြန်မာနိုင်ငံမှာတော့ ဗမာတွေနဲ့တိုင်းရင်းသားတွေက တရုတ်ကို စီးပွားရှာကောင်းသူ၊ ရောင်းရေးဝယ်တာကျွမ်းကျင်သူ၊ ချမ်းသာကြွယ်ဝသူ၊ တရုတ်လူငယ်တချို့ကိုဆိုရင် ဆေးပညာတို့၊ အင်ဂျင်နီယာတို့စတဲ့ အသက်မွေးဝမ်းကျောင်း လိုင်းကောင်းတွေရတဲ့အထိ ပညာချွန်သူတွေလို့ သတ်မှတ်ကြပါတယ်။

အဲဒီတရုတ်ကပဲ စီးပွားဆက်ရှာဖို့၊ အလုပ်လုပ်ဖို့၊ ကျောင်းတက်ဖို့ တရုတ်ပြည်နဲ့ ထိုင်ဝမ်ကို သွားတော့ တရုတ်လို့ သတ်မှတ်တာမခံရတော့ဘဲ မြန်မာလို့ သတ်မှတ်တာခံရပါသတဲ့။ မြန်မာ-တရုတ်၊ တရုတ်-မြန်မာ ဖြစ်သွားတာပေါ့လေ။ ကြားဖူးတာလေး မျှဝေလိုက်တာပါ။

၂၀၀၉ အောက်တိုဘာ၊ ည ၁၁ နာရီ ၁၁ မိနစ်။