သတင်းစာကို ရူးသွပ်တယ် စွဲလန်းတယ်ဆိုပြီး ဘယ်လိုလုပ် ရေဒီယိုကို ရောက်သွားတာလဲဆိုတဲ့ မေးခွန်းကတော့ မေးစရာပါပဲ။ ပြည်တွင်း ဂျာနယ်လောက(သတင်းစာလောကလို့ခေါ်တာမျိုးကိုတော့ပိုကြိုက်ပါတယ်)မှာ ၁၀ နှစ်လောက်ကြာလာတဲ့အခါမှာ ဒီထက်တစ်ခုခု ပိုလုပ်ချင်လာသလို စိတ်ဝင်စားပြီး လုပ်ခွင့်ကြုံလိုက်တာကတော့ ရေဒီယိုပါပဲ။

ငယ်ငယ်ကတော့ ရေဒီယိုကို ပီအောင်မခေါ်တတ်တော့ လေဒီယိုလို့ခေါ်ပါတယ်။ သန့်စင်ခန်းအပေါက်ဝမှာ လှယဉ်ကျေးမယ်တွေ ၀တ်သလို မြန်မာအင်္ကျီရင်စေ့လက်ပြတ်နဲ့ ထဘီစခပ်ပျော့ပျော့ပြောင်ကို ခပ်တောင့်တောင့် အမျိုးသမီးတစ်ယောက် ၀တ်ထားပြီး ခါးလေးနည်းနည်းကိုင်းလို့ နှုတ်ခမ်းလေးစူနေတာကို ပြေးမမြင်လိုက်ပါနဲ့ဗျာ။ လေဒီယိုလို့ ကိုယ်တိုင် မှားပြီးအသံထွက်ခဲ့မိတာလေး ပြောပြတာပါ။

အဆိုတော်ကြီးတွေဖြစ်တဲ့ မာမာအေးတို့၊ တင်တင်မြတို့၊ မေရှင်တို့၊ ကိုမင်းနောင်၊ သန်းဖေလေး၊ ၀င်းဦး၊ စန္ဒရားလှထွတ်၊ စန္ဒရားချစ်ဆွေ၊ တွံတေးသိန်းတန်တို့ ရေဒီယိုက လာရင် နားထောင်လို့ မ၀ပါဘူး။

အသက်က ငယ်ငယ်လေးနဲ့ ခုနပြောတဲ့ အဆိုတော်ကြီးတွေရဲ့ သီချင်းတွေကို ကြိုက်တတ်နေပြီး အလွှတ်လည်း လိုက်ဆိုနိုင်ပါတယ်။ ဒါလည်း အဖေ့အားကျတာပဲဖြစ်ပါတယ်။ အဖေနားထောင်သမျှ သားက လိုက်နားထောင်ပြီး အဖေအရသာခံ အကြိုက်တွေ့သလို သားကလည်း လိုက်ပြီး ကြိုက်နေပါတယ်။

သားဆိုတာ အဖေလုပ်တာကို အကုန်အတုခိုး လိုက်လုပ်တာပါပဲ။ တော်ပါသေးရဲ့၊ အမေ့ဆီက လက်တွေ့ကျတာ၊ မှန်တာဆို ဘာဖြစ်ဖြစ် ဂရုမစိုက်ဘဲ ရဲရဲတင်းတင်းပြောဆိုရင်ဆိုင်ရဲတာလေး ရလိုက်လို့လို့ တွေးမိပါတယ်။

နောက်တစ်ခုက အဖေ့ဆီက အရက်စွဲအောင်သောက်တာကို သင်ခန်းစာအနေနဲ့သာ ယူလိုက်လို့ ကံကောင်းတယ်လို့တော့ ပြောရမှာပါ။ အဖေက အရက်အလွန်အကျွံသောက်ပြီး အရက်နဲ့ပဲဆုံးသွားပါတယ်။

သားသမီးဆိုတာ မိဘတွေဆီက ကောင်းမွေကိုသာ လက်ခံယူသင့်ပါတယ်။ ဆိုးမွေကိုတော့ ရှောင်ရှားသင့်ပါတယ်။ မိဘတွေဆိုတာကလည်း လူတွေပဲမို့ ကိုယ်ခံစားမှု စိတ်ခံစားမှုတွေ ရှိနိုင်ပြီး တစ်ခါတလေ လွတ်လွတ်လပ်လပ် နေထိုင်လုပ်ကိုင်တတ်တာမို့ အဲဒါတွေကို ကိုယ်ကလိုက်ပြီး အတုခိုးစရာမလိုပါဘူး။ ကောင်းတာကိုယူ မကောင်းတာကို မယူမှ မိဘထက် ပိုတော်တဲ့ သားသမီးဖြစ်လာမှာပါ။

မိဘက ကျေးဇူးရှင်ဖြစ်တယ်၊ မိဘကျေးဇူးကို မစော်ကားရဘူးဆိုတဲ့ စိတ်ဓါတ်နဲ့ မိဘတွေကို ပြုစုစောင့်ရှောက်ဖို့တော့ လိုပါတယ်။အမေကိုယ်တိုင်လည်း မိဘကို ဦးဆောင် လမ်းပြနိုင်တဲ့ သမီးဖြစ်တာမို့ အမေ့ဆီကလည်း ငယ်ငယ်ကတည်းက အများကြီးအတုခိုး သင်ယူခဲ့ပါတယ်။

ဒီနေရာမှာ တွေ့ရတာကတော့ ကောင်းတဲ့ပတ်ဝန်းကျင်မှာ ကောင်းတဲ့စိတ်ဓါတ်နဲ့နေမယ်ဆိုရင် ကောင်းတဲ့အရာတွေကို တွေ့မြင်နိုင် ခံစားနိုင် လေ့လာသင်ယူနိုင်တယ်ဆိုတာပါပဲ။

ပြောလက်စပြန်ကောက်ရရင် ရေဒီယိုကလည်း သတင်းစာပြီးရင် ငယ်ငယ်ကတည်းက စွဲခဲ့တဲ့ မီဒီယာတစ်ခုဖြစ်ပါတယ်။ သူကမှ မိုးလင်းတာနဲ့ သတင်းစာနဲ့အတူ တစ်ခါတလေ သတင်းစာထက်စောပြီး ကိုယ့်နံနက်ခင်းတိုင်းကို ရောက်လာခဲ့ပါတယ်။ ရေဒီယိုက မနက် ၇ နာရီမှာလာတဲ့ လေ့ကျင့်ခန်း စ၊ တစ်၊ နှစ်၊ သုံး၊ လေး နဲ့ အိပ်ရာထခဲ့ရတဲ့ မနက်ခင်းတွေကို အခုထိ မှတ်မိနေဆဲပါ။

လေ့ကျင့်ခန်းနဲ့ အိပ်ရာက လူးလဲထအပြီးမှာပဲ၊ နံနက်ချိန်ခါ တေးသံသာမှာ တင်တင်မြရဲ့ မောင်လေးရေ ထပါတော့ တို့၊ တခြားနံနက်ခင်း မင်္ဂလာတေးတွေကို နားထောင်ရတာ အင်မတန် မင်္ဂလာရှိခဲ့တာပါပဲ၊ အခုပြန်တွေး အခုအရသာရှိနေပါတယ်။ အိမ်က ရေဒီယိုကြီးကလည်း ၁၈ လက်မ တီဗီအရွယ်လောက်ကိုရှိတဲ့ ရေဒီယိုအကြီးကြီးပါ။ အချင်းနှစ်လက်မလောက်ရှိတဲ့ ဘီးကိုလှည့်ပြီး လိုင်းဖမ်းရတာကိုလည်း အလွန်သဘောကျခဲ့ပါတယ်။

သီချင်းတွေနားထောင်၊ သတင်းတွေနားထောင်၊ အင်္ဂလိပ်လိုလည်း နားထောင်၊ တနင်္ဂနွေနေ့တွေမှာ ပုံပြင်လက်ဆောင်တို့၊ ညပိုင်းတွေမှာ ဇာတ်လမ်းပမာ နားဆင်စရာတို့၊ ဇာတ်တော်ကြီးတွေ ဇာတ်စာရွတ်တာတွေကို ငယ်ငယ်လေးနဲ့ကြိုက်နေခဲ့တာကို ကိုယ့်ကိုယ်ကိုယ်တောင် အခုစာရေးနေရင်း ပြန်အံ့သြမိပါတယ်။

အခုတော့ ချယ်ရီကိုးလ်တို့၊ ကိုင်လီမနော့တို့ကို ဒီမှာ ကြိုက်နေပြန်ပါပြီ။ အော် ဘယ်ဂလောက်များ ဇောက်ထိုးပြောင်းပြန်ဘ၀နဲ့ အကြိုက်လဲဆိုတာ ပြောတာပါ။

တစ်ခါ ရေဒီယိုကလာတဲ့ သိပ္ပံမှူးတင်ရဲ့ ဆေးလိပ်နဲ့ ကျန်းမာရေး သင့်ကြိုက်ရာရွေးတို့ (ဆေးလိပ်ကိုတော့ ခဏရွေးချယ်ခဲ့ဖူးပါသေး တယ်)၊ သောတရှင်များခင်ဗျာဆိုပြီး စလိုက်တဲ့ ဆရာဦးမျိုးသန့် (မောင်ဆုရှင်)ရဲ့ အသံလေးလေးပြည့်ပြည့်ပြားပြားကြီး နဲ့ သိပ္ပံပညာ နားဆင်စရာကိုလည်း မလွတ်တမ်းနားဆင်ခဲ့ရပါတယ်။

အဲဒီလိုပါပဲ ဆရာကြီးဦးဂုဏ်ဘဏ်ရဲ့မြန်မာ့အနုသဘင်အစီအစဉ်မှာ သီချင်းကြီးတွေ ပြောပြရင် အလွန်ကြိုက်ပါတယ်။ ဒီနေရာမှာ ဘောလုံးပွဲ တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ အပြောကောင်းတဲ့ မြန်မာ့အသံ ဦးလှဝင်းကြီးကိုလည်း ထည့်ရပါမယ်။ သူက နောက်ပိုင်းတော့ တီဗီမှာပါ ပြောပါတယ်။ ဘောလုံးကို လေနဲ့ကန်သူလို့လည်း အားကစားဂျာနယ်တစ်စောင်မှာ တစ်ခါက ဖတ်ဖူးပါတယ်။

ဦးလှဝင်းက စကားကို အချိတ်အဆက်မိမိနဲ့ ပြောတာသိပ်ကောင်းပါတယ်။ ကိုယ်အသက်အရွယ်နဲ့ဆို ဒီလောက်ပဲ မီလိုက်ပါတယ်။ လူကြီးတွေအပြောကတော့ ရှေ့ပိုင်း မြန်မာ့အသံလူကြီးတွေက ပိုအပြောကောင်းကြတယ်လို့ ဆိုပါတယ်။

ဒီဘက်ခေတ်မှာတော့ နှစ်စဉ်ကျင်းပတဲ့ ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲမှာ ဆုရသူရဲ့ ဆုရထိုက်တဲ့ အကြောင်းတွေကို ပြောပြတဲ့ ဦးဝင်းအောင်ဟာလည်း အတော်အပြောကောင်းတာမို့ သဘောကျမိပါတယ်။

အဓိကပြောပြချင်တာက ဒီအသံတွေဟာ ကိုယ့်ကို လွှမ်းမိုး ဆွဲဆောင်နိုင်ခဲ့တယ် ဆိုတာပါပဲ။ သူတို့အသံတွေ ကြားအပြီးမှာ သူတို့လို လိုက်ပြောချင်တဲ့စိတ်တွေ၊ ကြီးလာရင် ဒီလိုအလုပ်လုပ်ရင် ကောင်းမယ်ဆိုတဲ့ စိတ်တွေလည်း တစ်ခါတခါဖြစ်ခဲ့ဖူးပါတယ်။

ဒီနေရာမှာ အမေ့အမေ(အဖွား၊ ကိုယ်တို့က အမေကြီးလို့ခေါ်ပါတယ်)ကလည်း ရေဒီယိုကြိုက်တော့ မြေးချစ်တဲ့အဖွားနဲ့ အဖွားကိုခင်တဲ့မြေးဟာ အဖွဲ့ကျခဲ့တာကိုလည်း မှတ်မိနေပါတယ်။ အဖွားပေါင်ပေါ်ခေါင်းတင်ရင်း၊ အဖွားကခေါင်းကို ပွတ်ပေးနေရင်း ဒါမှမဟုတ် ကိုယ့်ကျောကိုအဖွားက ကုတ်ပေးနေတာကို အရသာခံရင်း ရေဒီယိုနားထောင်နေရတာဟာ ဟောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားသစ်တစ်ကားကို ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တွေနဲ့တူတူ ပရီးမီးယာပွဲ(ကြိုတင်ကြည့်ရတဲ့ အထူးပွဲ)ကြည့်ရသလို ဒါမှမဟုတ် အဲဒီထက်တောင် ပိုပါသေးတယ်။

ရေဒီယိုကို ခင်တွယ်ခဲ့ပုံနဲ့ မိသားစုအရသာတွေကို ရေးပြနေရတာက သတင်းစာကနေ ရေဒီယိုပြောင်းလိုက်တာဟာ ပေါ့သေးသေးမဟုတ်ဘူး။ ခင်ခင်တွယ်တွယ် လိုလိုချင်ချင် နှစ်နှစ်သက်သက် စိတ်အားသန်သန်နဲ့ ပြောင်းပစ်လိုက်တာလို့ပြောချင်တာပါ။

သတင်းစာကိုစွဲတဲ့သူကလည်း ရေဒီယိုလည်း ခင်တာပဲ၊ သာတဲ့ဘက်ကူးတာပဲ၊ သစ္စာဖောက်တာပဲလို့ ပြောလို့ရပေမယ့် လုပ်ငန်းသဘောတရား အခြေခံတွေက တူနေတာရယ်၊ မီဒီယာတွေပဲဖြစ်တယ်ဆိုတာရယ်၊ ပိုမြန်ပြီးစိန်ခေါ်မှုပိုများတဲ့ပတ်ဝန်းကျင်မှာ ရှင်သန်ချင်တာရယ်ကြောင့်ပါလို့ တော့ အကြောင်းပြချက်တွေပေးရပါလိမ့်မယ်။

နောက်ပြီးဒီလိုပြောင်းလုပ်ခွင့်ရတာဟာ ပြောင်းချင်တိုင်းပြောင်းလို့ရတာတော့ မဟုတ်ပါဘူး။ အဆင့်ဆင့်ကို ဖြတ်ကျော် အကဲစမ်းခံ စမ်းသပ်ခံပြီး မှ ရောက်လာခဲ့တာဖြစ်ပါတယ်။

ဂျာနယ်လောကမှာ အရေးပါတဲ့နေရာတစ်ခုကနေ ရေဒီယိုက အဖွဲ့ဝင်တစ်ဦး အဖြစ် ရောက်ရှိလာတာမှာ ချောချောမွေ့မွေ့ရှိနေတာကတော့ ကံကောင်းလှတယ်လို့ ဆိုရမလို မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ကောင်းချီးရမှုလို့လည်း ပြောလို့ရပါတယ်။

ဒီနေရာမှာ ကိုယ့်ဂုဏ်ကိုယ်ဖော်ရမယ့်ကိစ္စကတော့ ဂျာနယ်လောက ၁၀ နှစ်တာ ဖြတ်သန်းမှုမှာ လူတိုင်းကို ရိုးရိုးသားသား မှန်မှန်ကန်ကန် ပေါင်းသင်းခဲ့တာပါပဲ။ ကိုယ့်ကြောင့် လူတွေအခွင့်အရေးရဖို့ အဆင်ပြေဖို့သာ ကြည့်ခဲ့ပြီး ကိုယ်အခွင့်အရေးရဖို့ကိုတော့ တော်တော်အားစိုက် ခွန်စိုက်ကြိုးစားရယူခဲ့ရကြောင်းပါ။

နောက်တစ်ခုကတော့ ကိုယ်ကိုယ်တိုင်ကလည်း အပြောင်းအလဲကိုကြိုက်ပြီး ငြီးငွေ့လွယ်တတ်တာပဲဖြစ်ပါတယ်။ နေရာတစ်နေရာ လူတစ်ယောက် အစားအစာတစ်မျိုး အကြောင်းအရာတစ်ခုကို အကြာကြီး မကြိုက်နေပါဘူး၊ စွဲစွဲလန်းလန်း မရှိပါဘူး။ ကြာတော့ ရိုးလာ ပျင်းလာတဲ့စိတ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရွေ့လာတာဖြစ်ပါတယ်။

ကဲ အခုတော့ ရေဒီယိုရောက်လာတာ သုံးလတောင် ရှိလာပေါ့။ နေ့တိုင်းမှာ အသစ်အသစ်သော အတွေ့အကြုံတွေကို တွေ့နေလုပ်နေရပါ တယ်။ လောကကြီးမှာ သင်ယူစရာတွေကလည်း မကုန်နိုင်အောင် များပြားလှတာကို သတိပြုမိသလို လောက ကလည်း လူတွေကို သူ့နေရာသူ အံကျဖြစ်နေအောင် ဟိုလူဒီရွှေ့ ဒီလူဟိုရွှေ့နဲ့များ လုပ်နေသလားလို့တောင် ထင်မှတ်မိကြောင်းပါဗျာ။ ဆုံကြသေးတာပေါ့။

စက်တင်ဘာ ၂၉၊ ည ၁၀ နာရီခွဲ။