ငယ်ငယ်ကတည်းက အဖေ့အားကျပြီး သတင်းစာဖတ်ခဲ့တယ်၊ သတင်းစာကြိုက်ခဲ့တယ်။ တိုင်းပြည်မှာ ဖြစ်နေတဲ့သတင်းတွေ၊ တခြားတိုင်းပြည်တွေမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို သူများထက်ရှေ့က ကြိုပြီး သိချင်တဲ့စိတ်ရှိခဲ့တယ်။ ဒါကြောင့် ၂ တန်းလောက်ကတည်းက သတင်းစာနေ့စဉ်ဖတ်ဖြစ်ခဲ့တယ်။

ပြည်ပခရီးတွေထွက်ခွင့်ရတော့လည်း လေယာဉ်ပေါ် စောစောတက်ပြီး အရင်ဆုံးလုပ်ရတာက သတင်းစာ ၁ စောင်၊ ၂ စောင်ရအောင်ယူတဲ့ အလုပ်ပါ။ သတင်းစာရပြီးရင် ဖတ်တော့တာပါပဲ၊ အိပ်ငိုက်တဲ့အထိပေါ့။ ဒီမှာတစ်ခုပြောစရာရှိတာက စာဖတ်ရင် ခဏနေ အိပ်ပျော်သွားတာပါပဲ။ သတင်းထူး သတင်းဦး စိတ်ဝင်စားတဲ့ အကြောင်းအရာတွေဆိုရင်တော့ မျက်လုံးက ပိုပြီး ပြူးကျယ်လာတာပေါ့လေ။

အင်္ဂလိပ်စာလေးတတ်လာတော့ မြန်မာသတင်းစာဖတ်ရုံတင်မကတော့ဘဲ ပြည်ပနိုင်ငံတွေက အင်္ဂလိပ်ဘာသာနဲ့ ထုတ်တဲ့ သတင်းစာတွေကို ဖတ်ချင်လာခဲ့တယ်။ ဒါပေမယ့် ရန်ကုန်မှာက အဲဒီအင်္ဂလိပ်သတင်းစာတွေက ဈေးကြီးတော့ အဟောင်းတွေ၊ ပြည်ပကိုယ်သွားရင်၊ ဒါမှမဟုတ် ပြည်ပသွားပြီး ပြန်လာတဲ့သူတွေ ယူလာရင် ဖတ်ရတယ်။ အင်တာနက်ပုံမှန်သုံးခွင့်ရတဲ့အခါကျတော့ ကိုယ်ဖတ်ချင်တဲ့ သတင်းစာတွေကို အွန်လိုင်းကနေ သွားပြီးဖတ်တယ်။

ဒါပေမယ့် စက္ကူသတင်းစာကို လက်ထဲ ကိုင်ဖတ်ရတဲ့အရသာကို ပိုကြိုက်မိတယ်။ ဓာတ်ပုံအကြီးကြီးတွေနဲ့ အားရပါးရ သတင်းတွေ၊ သတင်းဆောင်းပါးတွေ တင်ဆက်ထားတဲ့ သတင်းစာကြီးတွေကို လက်ထဲကိုင်ဖတ်ရတဲ့ဟာက ခံစားမှုအရသာတစ်မျိုးဖြစ်နေတတ်တယ်။ လတ်လတ်ဆတ်ဆတ် သတင်းစာက ထွက်နေတဲ့ ပုံနှိပ်ထားတဲ့ အနံ့ကိုပါ ကြိုက်နေမိတယ်။ သတင်းစာကို ဖတ်ရုံတင်မဟုတ်၊ ကိုင်ရုံတင်မဟုတ်၊ အနံ့အရသာပါ ခံစားပစ်တာ။

မျက်လုံး(အမြင်)ကနေ စိတ်နား(အကြား)နဲ့ ကြားအောင် စိတ်ဝင်စားတဲ့အကြောင်းဆို ရင်ထဲ(ခံစားမှု)ရောက်တဲ့အထိ သတင်းစာကို ကိုင်(အတွေ့အထိ)ပြီး စက်ကျသတင်းစာလတ်လတ်ဆတ်ဆတ်အနံ့(ရသာ)အပြည့်ကို ၀ါးမစား(လျှာအရသာမခံ)ရုံတမယ် ဖတ်ပါတယ်။ ဒါတောင် တစ်ခါတလေတော့ သတင်းစာစက္ကူကို ၀ါးစားဖူးပါတယ်။ အဲဒီလောက် သတင်းစာကို ရူးသွပ်ပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းကျတော့ အသက်ကြီးလာသလောက် နေရာတွေ ရလာသလောက် အလုပ်တွေနဲ့ ရှုပ်ထွေးလာတာမို့ ကိုယ်ငယ်ငယ် အဖေတို့ခေတ်ကလို မနက်မိုးလင်းတာနဲ့ သတင်းစာသမား ပစ်ထည့်သွားတဲ့ သတင်းစာကို ဆေးပေါ့လိပ်တစ်လိပ်ခဲလို့ တစ်နာရီလောက်ကြာအောင် ဖတ်မနေနိုင်တော့ပါဘူး။ မနက်အိပ်ရာထ ရုံးမသွားခင် သတင်းစာသမား တံခါးကြားထည့်သွားတဲ့ သတင်းစာကို တစ်ချက်လောက်ကောက်ကြည့်ပြီး ရုံးကို အပြေးအလွှား ပြေးရပါတော့တယ်။ အမြန်ကမ္ဘာမှာ နေထိုင်ရတဲ့အခါ ဘ၀ဟာ ငယ်ငယ်ကလောက်တော့ အရသာ မရှိတာအမှန်ပါ။

လန်ဒန်ရောက်လာတော့ စိတ်ချမ်းသာတာက သတင်းစာတွေ ဖောဖောသီသီ အလကားဖတ်ရတာပါပဲ။ ရန်ကုန်တုန်းက အလွန်ဖတ်ချင်ခဲ့တဲ့ ကမ္ဘာကျော်သတင်းစာကြီးတွေကို နေ့စဉ်တွေ့မြင် ဖတ်ခွင့်ကြုံနေရပါတယ်။ ခက်တာက ဒီမှာ အလုပ်က အင်မတန်များ၊ အချိန်ကလည်း လုံးဝ မပေးနိုင်ဆိုတော့ မြင်သာမြင်ရ မကြင်ရ မောင့်ကို ဖြစ်ရပါတော့တယ်။

ဒါပေမယ့်လည်း မနက်ပိုင်းရထားစီးချိန်လေး နာရီဝက်လောက်အတွင်းနဲ့ ညနေရုံးဆင်းချိန် နာရီဝက်လောက်အတွင်းတော့ သတင်းစာကို ရထားပေါ်မှာ အပြည့်အ၀ အားစိုက်ဖတ်ရပါတယ်။ တနင်္လာကနေ သောကြာအထိ ဖတ်နိုင်ရင် တစ်နေ့ကို သတင်းစာ ၁၀ စောင်လောက်ဖတ်ခွင့်ကြုံလောက်အောင် ချမ်းသာနေတဲ့ အနေအထားမှာ ရောက်နေတယ်ဆိုရင် ကြွားတယ်လို့ ထင်ကြမှာပါပဲ။

မနက်ခင်း ရုံးအသွားရထားစီးရင် ဘူတာအ၀င်ဝမှာ အလကားကောက်ယူဖတ်နိုင်တဲ့ METRO ကို ဖတ်ပါတယ်။ အလကားသာဝေတာ တကယ်ကို ကောင်းတဲ့ သတင်းစာပါပဲ။ ခရီးသည်တိုင်းလိုလိုက ကောက်ယူဖတ်ကြပါတယ်။ သံပုံးကြီးတွေနဲ့ သပ်သပ်ရပ်ရပ်ထားထားပေးတာပါ။ ဘူတာတိုင်းမှာရှိပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ၊ အားကစား၊ ပညာရေး၊ အလုပ်အကိုင်၊ ကိုယ်တိုင်အောင်သွယ်၊ ကြော်ငြာကနေ ကဏ္ဍအစုံပါပါတယ်။ ဒါတောင် အမြန်လှန်လှောကြည့်ပြီး ကိုယ်ဖတ်ချင်တဲ့အကြောင်း ၂ပုဒ်၊ ၃ပုဒ်ပဲ သေချာဖတ်နိုင်ပါတယ်။ အခုနောက်ပိုင်းတော့ အကြမ်းဖျဉ်းဖတ်ပြီးချိန်မှာ ကိုယ်ဆင်းရမယ့်ဘူတာရောက်ချိန်နဲ့ ချိန်ကိုက်ပြီး ဖတ်တတ်နေပါပြီ။

ညနေကျရင်တော့ ညနေသတင်းစာ နှစ်စောင်၊ သုံးစောင်တောင် ဖတ်နိုင်ပါတယ်။ LONDON paper နဲ့ LITE တို့က အခမဲ့ဝေပါတယ်။ ပေါ့ပ်သတင်းများများနဲ့ စိတ်ဝင်စားစရာမို့ ဖတ်လို့ကောင်းတာပါပဲ။ LONDON EVENING STATDARD ကတော့ ပေါင်ဝက် 50 p နဲ့ ရောင်းတာဖြစ်ပေမယ့် သိပ်ညဥ့်နက် လာရင်တော့ အလကားဝေတာပါပဲ။

ဘူတာတွေ၊ ကားမှတ်တိုင်တွေမှာ ညနေခင်းဆို ဆိုင်ရာသတင်းစာတွေက ၀န်ထမ်းတွေက သတင်းစာတစ်စောင်ချင်းကို အလယ်ကနေခေါက်ထားပြီး ခရီးသည်တွေဆီကို တိုက်ရိုက်ဝေငှပေးပါတယ်။ ဖတ်ချင်ရင် ကမ်းယူလိုက်ရုံပါ။ တချို့လည်း သတင်းစာမကြိုက်တော့ မယူကြပါဘူး။ ဝေပေးတဲ့သူက လက်ထဲထိုးပေးနေတော့ ရှောင်ရရှားရ ငြင်းပယ်ရနဲ့မို့ တချို့က အလကားဝေတာဖြစ်ပေမယ့် စိတ်တောင်ညစ်ကြပုံပေါ်ပါတယ်။

အဲ ရုံးမှာကတော့ နံနက်တိုင်း သတင်းစာကြီး ၆ စောင်ယူထားပါတယ်။ The Times, The Financial Times, The Independent, The Guardian, International Herald Tribune နဲ့ The Daily Telegraph တို့ပါ။ အို့ ဟိုးဟိုး ကိုယ်တို့အကြိုက်သတင်းစာတွေပေါ့။ ဒါပေမယ့် စောနပြောခဲ့သလိုပါပဲ၊ ရုံးရောက်တာနဲ့ ကိုယ့်ကွန်ပျူတာဖွင့်ပြီး အလုပ်လုပ်ရမှာဆိုတော့ သတင်းစာတွေကို ကြည့်ပြီး မဖတ်နိုင်တော့ပါဘူး။

ကွန်ပျူတာစဖွင့်ထားတုန်း စောင့်နေချိန်လေးမှာပဲ ၂ စောင်၊ ၃ စောင်လောက်ကို အတင်းလှန်ကြည့်နိုင်မှ သတင်းစာကို လက်နဲ့ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒီက သတင်းစာကြီးတွေကလည်း စာမဖတ်ဘဲ ပုံကြည့်ပြီး တစ်ရွက်ချင်းလှန်တောင် အစအဆုံး ၃ မိနစ်လောက်လှန်ရလောက်အောင် စာမျက်နှာကလည်း များပါသေးတယ်။

အော် လူ့ဘ၀များ၊ ဒီသတင်းစာတွေ မဖတ်ရခင်က ရင်းရင်းနှီးနှီးတွေ့မြင်ဖူးဖို့၊ လက်ထဲကိုင်ကြည့်ခွင့်သာဖို့ အတော်တောင့်တယူခဲ့ရပြီး အခုနေ့စဉ် ကိုယ့်လက်တကမ်းမှာ တွေ့နေမြင်နေရပေမယ့် အချိန်မရလို့ တစ်ခါတခါ ကိုင်ကြည့်ခွင့်လေးတောင် မသာခဲ့ပါဘူးဆိုတာကို မချင့်မရဲလေးနဲ့ တင်ပြရပါတယ်ဗျာ။

သတင်းစာလေးလို့ ခေါ်ဝေါ် ဓာတ်ပေးခဲ့တဲ့ ဆရာတော်ကြီး နဲ့ သတင်းစာကို တစ်ဘ၀လုံး အေးအေးဆေးဆေး ဖတ်ခွင့်သာခဲ့သော ဖခင်ကြီးသို့ အမှတ်တရ။

စက်တင်ဘာ ၂၈၊ ည ၉ နာရီခွဲ။