အီးမေးလ်မိတ်ဆွေတွေ၊ ကိုယ့်အောက်ငယ်တဲ့ သူငယ်ချင်းတွေက အလုပ်အကိုင်နေရာလေးတွေ ရှိရင် ပြောပါ၊ ဘာအလုပ်လုပ်ရင် ကောင်းမလဲလို့ မေးကြတယ်၊ နောက်တစ်ခါ အမေ့မိတ်ဆွေ သားသမီးတွေကလည်း အမေ့ဆီလာလည်ရင်း တိုင်ပင်တာတွေ အကြံဥာဏ်တောင်းတာတွေ ရှိတော့ ကိုယ်ဘယ်လို အလုပ်စလုပ်ဖို့ ကြိုးစားခဲ့သလဲဆိုတာကို ပြန်စဉ်းစားမိတယ်။

ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်

၁၉၈၈ အရေးအခင်းမှာ ၇ တန်းရောက်နေပြီ၊ အဲဒီတုန်းက တစ်ခါ ကျောင်းပိတ်တာနဲ့ ကြုံဖူးတယ်။ ၁၉၉၆ ကျောင်းသားအရေးအခင်းမှာ တစ်ခါ ကောလိပ်ရောက်နေတော့ ကျောင်းပိတ်တာနဲ့ ကြုံပြန်တယ်။ ပထမတစ်ခါ ကျောင်းပိတ်တုန်းကတော့ ကလေးမို့ ထားလိုက်တော့၊ ဒုတိယအကြိမ် ကျောင်းပိတ်ချိန်မှာတော့ သူငယ်ချင်းတွေ လုပ်ငန်းခွင်ထဲ ၀င်သွားတယ်၊ တချို့ဆို ၁၉၉၃ ဆယ်တန်းအောင်ကတည်းက လုပ်ငန်းခွင်ထဲ ၀င်ကြတယ်။

ကိုယ်ကတော့ ဒုတိယအကြိမ် ၁၉၉၆ ကျောင်းပိတ်ချိန် တအောင့်ပဲဆိုပြီး စောင့်လိုက်တာ ၂ နှစ်ကိုခွဲရော၊ အဲဒီကျောင်းပိတ်ချိန်တွေမှာ အမေက အင်္ဂလိပ်စာ သင်ယူခိုင်းတယ်၊ မသင်ဘူး ပျင်းလို့။ လေးစားကြောက်ရွံ့ရတဲ့ ဆရာတော်ကြီးက အမေ့ကို ၀င်ငွေကူရှာပေးဖို့ အလုပ်လုပ်ခိုင်းတယ်၊ “ဆရာတော်ဘုရား တပည့်တော် အလုပ်ဝင်လိုက်ရင် ကောလိပ်ပြန်တက်ဖြစ်မှာ မဟုတ်တော့ဘူး၊ အလုပ်မှာ ကြိုးစားရင်း ရုန်းကန်လုပ်ကိုင်ရင်း ကျောင်းဘက်ပြန်လှည့်လာမှာ မဟုတ်တော့ဘူး၊ ဒါကြောင့် အလုပ်မလုပ်ပါရစေပါနဲ့ဦး ဘုရား“လို့ ပြန်လျှောက်တယ်။ ကိုယ့် ယုံကြည်ချက်နဲ့ကိုယ်၊ လူငယ်လည်းဖြစ်တော့ ကိုယ်ဆုံးဖြတ်တာ ပြောတာဆိုတာ မှန်တယ်ချည်း ထင်ခဲ့တယ်။

နောက် ၅ နှစ် ၆ နှစ်ကြာမှ သိရတာက လုပ်ငန်းခွင်ဝင်တာ နောက်ကျတဲ့အတွက် အခွင့်အရေးတချို့လက်လွတ်ခဲ့ရတယ်ဆိုတာပဲ၊ ဒါပေမယ့် ကြီးကြီးမားမား ၀မ်းနည်းရလောက်အောင် ဆုံးရှုံးတဲ့ အခွင့်အရေးတွေတော့ မဟုတ်ခဲ့ပါဘူး။ ဒီလိုပဲ ယုံတယ်။

နောက်တစ်ခုက ကောလိပ်ပြီးအောင် တက်မယ်၊ အလုပ်မလုပ်သေးဘူးဆိုတဲ့ဆုံးဖြတ်ချက်မှာ အတ္တနည်းနည်းပါနေတာကို ကိုယ့်ကိုယ်ကိုယ် သိနေတယ်။ ၈ တန်းလား ၉ တန်းလား မမှတ်မိတော့ဘူး၊ အမေက ဗေဒင်ဆရာတစ်ယောက်ဆီ သွားတာ ကိုယ့်ကို ခေါ်သွားတယ်၊ အမေက သားကြီးဆိုတော့ သိပ်အားကိုးတယ်၊ တစ်ခုခုလည်း ထူးထူးချွန်ချွန်ဖြစ်စေချင်တယ်။ ဒါနဲ့ ဆရာနဲ့ မေးစမ်းကြည့်တော့ ဗေဒင်ဆရာက ကိုယ့်ကို ပညာရေး ဆုံးခန်းတိုင်မှာ မဟုတ်ဘူး၊ တစ်ပိုင်းတစ်စနဲ့ပြီးမယ်။ ဒါပေမယ့် နိုင်ငံခြားသွားရမယ့် ကံပါတော့ တစ်နှစ်မဟုတ်တစ်နှစ် သွားရပါမယ်လို့ ဟောတယ်။

ဒီဆရာဟောပြောပုံကတော့ “ဟာ..မှန်လိုက်တာဆရာ“ ဆိုတာမျိုး မဟုတ်ဘဲ သိပ်ယေဘူယျဆန်တယ်၊ နောက်တစ်ခုက အဲဒီတုန်းက အဲဒီ ဗေဒင်ဆရာက သိပ်နေကောင်းပုံ မရဘူး၊ ဒီတော့ ငွေလိုတယ်။ ကြည့်ရတာ အမေကလည်း သူ့သားကို အားကိုးပုံ တစ်ခုခုဖြစ်စေချင်ပုံ ပေါ်တယ်ဆိုတော့ ကျောင်းပြီးမှာ မဟုတ်ဘူး၊ ပညာရေး တစ်ပိုင်းတစ်စနဲ့ ဒုက္ခရောက်မယ်ဆိုတော့ အမေက စိတ်ပူမယ်၊ “ဆရာရယ် ယတြာလေး ဘာလေး လုပ်လို့ မရဘူးလား“ ဆိုပြီး မေးလာရင်၊ “နိုင်ငံခြားက မြန်မြန်သွားရအောင် လုပ်လို့ မရဘူးလား“ လို့ မေးလာရင် ဗေဒင်ဆရာ နောက်တစ်ခွင် ရိုက်နိုင်တာပေါ့။

ကိုယ်က အဲဒီအချိန်ကတည်းက အဲဒီလို တွေးတတ်တယ်၊ ဗေဒင်လည်း မယုံဘူး။ အဲဒီ ဗေဒင်ဆရာကိုလည်း သိပ်မကြိုက်ဘူး၊ နောက်တစ်ခုက ငါ ဒီလောက်စာတော်တာ၊ အရည်အချင်းရှိတာ၊ ဘွဲ့တစ်ခုလောက်ကတော့ အချိန်မရွေးယူလို့ရတယ်လို့ စိတ်ကလည်း တင်ကြိုဆုံးဖြတ်ထားတာကိုး၊ ဒါနဲ့ပဲ ပြောရရင် ကျောင်းပြီးအောင်တက်ခဲ့တာပါပဲ၊ ဘွဲ့ရဖို့ ၁၀ နှစ်လောက်တော့ ကြိုးစားခဲ့ရပါတယ်။ ကောလိပ်ကတော့ ၅ နှစ်လောက်နဲ့ ပြီးခဲ့ပါတယ်။ သာမန်ကျောင်းသားတွေလို ၂ နှစ်ခွဲနဲ့ ကောလိပ်မပြီးသလို၊ ၄ နှစ်နဲ့လည်း ဘွဲ့ရခဲ့သူတော့ မဟုတ်ပါဘူး။

ဒါကြောင့် ဗေဒင်ဆရာမှားတယ်လို့ အပြတ်ပြောလို့ မရသလို “သူဟောတာ မှားတယ် အမေရဲ့“ လို့ ပြောလို့ရအောင် သည်းခံကြိုးစားခဲ့တဲ့ စိတ်ကိန်းအောင်းခဲ့တာမို့ ဗေဒင်ဆရာကိုလည်း ကျေးဇူးတင်ရပါတယ်။ အဲဒီတုန်းကလည်း အမေက အဆင်မပြေတဲ့ကြားက ဗေဒင်သွားမေးတာမို့ ယကြာတွေ ဘာတွေလည်း မလုပ်နိုင်ခဲ့ပါဘူး၊ ဒါကြောင့်ပဲ ကျောင်းပြီးနောက်ကျသလားတော့ မပြောတတ်ပါဘူး။ အဲဒီကတည်းက လူတွေဟာ အဆင်မပြေရင် ဗေဒင်ဆရာဆီ ရောက်သွားတတ်တယ်၊ အဆင်ပြေရင်တော့ ငါတော်လို့ဆိုပြီး ငါ့ကိုယ်မှာသာ အရာရာတည်လို့ မှတ်ယူတတ်ကြတယ်ဆိုတာကို သိမှတ်ခဲ့ပါတယ်။

ပြောချင်တာကတော့ ကျွန်တော်ဟာ မိဘပြောတာကော၊ ဆရာသမားပြောတာကော တစ်သွေမသိမ်းလိုက်လုပ်တာထက် ကိုယ့်ဦးနှောက်ကလေး နဲ့ စဉ်းစားပြီး ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်ကိုင်တတ်တယ်ဆိုတာကို ပြောပြတာပါ၊ အခုတော့လည်း မိဘ ဆရာသမားကို ပိုပြီးလေးစား နေရာပေး နားထောင် လိုက်နာလာသလို ဗေဒင်တို့၊ ကံတရားတို့ကိုလည်း နည်းနည်းချင်းယုံကြည်လာကြောင်းပါ။ လူတွေဟာ အသက်အရွယ်နဲ့ အတွေ့အကြုံတွေ အလိုက် ခံစားချက်တွေ၊ ယုံကြည်ချက်တွေ ပြောင်းလဲလာတယ်ဆိုတာကိုလည်း ဘ၀နဲ့ရင်းလို့ ထပ်သိခဲ့ရပြန်ပါတယ်။

အရာအားလုံးဟာ အမြဲမှန်လို့ ယူဆလို့မရပါဘူး၊ ကိုယ့်ဘက်ကတော့ မှန်နေပေမယ့် သူဘက်ကတော့ တစ်မျိုးမြင်နေတယ်ဆိုတာကိုလည်း လက်ခံလာပါတယ်။ ကိုယ့်ဘက်ကတော့ လက်ဖ၀ါး သူ့ဘက်ကကြည့်တော့ လက်ဖမိုးဆိုတာလို၊ ကိုယ့်ဘက်ကကြည့်တော့ “င“ ဖြစ်နေပြီး သူ့ဘက်ကကြည့်တော့ “၁“ ဖြစ်နေတတ်တာပါပဲ။

ကျွန်တော် အလုပ်ရွေးချယ်လုပ်ကိုင်ဖြစ်ခဲ့တဲ့အကြောင်းလေးကို ဒုတိယပိုင်းအဖြစ် ဆက်ရေးပါဦးမယ်။

စက်တင်ဘာ ၂၆၊ နံနက် ၁၀ နာရီ ၁၅ မိနစ်။