အဖေက နိုင်ငံရေးလုပ်ခဲ့ဖူးတယ်၊ မြို့နယ်အဆင့် ပါတီ(မဆလ)မှာ လှုပ်ရှားခဲ့တယ်၊ အဖေက စာပေ ဖတ်ရှုတာ အလွန်ဝါသနာထုံတယ်၊ နိုင်ငံရေးသမားဆိုတော့လည်း စာဖတ်ရတာပေါ့။ ငယ်ငယ်က ကိုယ်အိပ်ရာနိုးရင် နံနက်စောစော စက်ဘီးနဲ့ လိုက်ပို့တဲ့ သတင်းစာသမားက စက်ဘီးစီး မပျက်ဘဲ ပစ်ထည့်သွားတဲ့ သတင်းစာကို ပက်လက်ကုလားထိုင်ပေါ် ဆေးပေါ့လပ်တစ်လိပ်နဲ့ ထိုင်ဖတ်နေတတ်တဲ့ အဖေ့ကို တွေ့ရင် သိပ်သဘော ကျတယ်။ ငါလည်း တစ်နေ့ကျရင် အဖေ့လိုပဲ ဒီလိုကုလားထိုင်ပေါ်မှာ ဒီလိုဆေးလိပ်လေး ဖွာရင်း ထိုင်ဖတ်နိုင်မှာပဲလို့ တွေးခဲ့ဖူးတယ်။ လူကြီး မြန်မြန်ဖြစ်ရင် ကောင်းမယ်လို့ ခဏ ခဏတွေးခဲ့ဖူးတာပေါ့။

အဖေက သတင်းစာဖတ်ရင် တစ်နာရီလောက်ကြာတယ်၊ တစ်စောင်လုံးအကုန်ဖတ်တာ၊ ပြည်တွင်းပြည်ပသတင်း၊ ပါတီခေါင်းဆောင်တွေ၊ ကောင်စီ လူကြီးတွေ၊ မြို့တော်စည်ပင် ဆောင်ရွက်မှုသတင်းတွေ အကုန်ဖတ်တာကိုး၊ စိတ်ဝင်စားရင် လိုအပ်ရင် ဘောလ်ပင်နဲ့တောင် မျဉ်းသားတာတွေ  ဘာတွေလုပ်သေးတယ်။

အမေကတော့ မိုးလင်းလာတာနဲ့ ဘာမှ မလုပ်ဘဲ အဲဒီလို သတင်းစာ ထိုင်ဖတ်နေတဲ့ အဖေ့ကို သိပ်သဘောတွေ့တာတော့ မဟုတ်ပါဘူး။ အိမ်ထောင်ဦးစီး ယောက်ျားဟာ အလုပ်လုပ်ရမယ်၊ စီးပွားရေး ကြီးပွားရေး တိုးတက်ရေး တွေးတော ကြံဆနေရမယ်၊ ဒီလိုသတင်းစာကို ကျေညက်အောင် ဖတ်နေလည်း ဘာမှ မထူးပါဘူးလို့ အမေက တွေးတတ်တယ်။

ကိုယ်ကတော့ အဖေ့ကို သိပ်အားကျတော့ လူကြီးဖြစ်အောင်တောင် စောင့်မနေတော့ပါဘူး၊ မနက်စာ စားပြီးရင် အဖေချသွားတဲ့ သတင်းစာကို ကောက်ဖတ်တော့တာပါပဲ၊ အဲဒီတုန်းက ကိုယ်က ၂ တန်းကျောင်းသားပဲ ရှိသေးတယ်။ ဒါပေမယ့် နိုင်ငံတော်အဆင့်လူကြီးတွေ၊ တိုင်းအဆင့်လူကြီးတွေ၊ ပါတီကောင်စီကလူတွေနဲ့ နာမည်တွေကို အကုန်သိနေ၊ ရင်းနှီးနေပါပြီ။ အဖေတို့ လူကြီးတွေ စကားဝိုင်းဖွဲ့ပြောရင်၊ နိုင်ငံရေးဆွေးနွေးပြောဆိုကြရင်လည်း ဘေးကနေ ကောင်းကောင်းနားထောင်တတ်လာပါပြီ။

နောက်တစ်ခုက အဖေက စာဖတ်တာများလာတော့ စာတွေလည်း ရေးလာခဲ့တယ်၊ သူ့ဖြစ်ချင်တာတွေ မြင်ချင်တာတွေကို လက်တွေ့တော့ ဖြစ်အောင် မလုပ်နိုင်ပေမယ့် စိတ်ကူးယဉ်တာတွေ စိတ်ကူးနဲ့ ရေးတာတွေရှိလာခဲ့တယ်။ ရေးတာတွေကို သိမ်းထားလိုက် ထုတ်ဖတ်လိုက် ဆက်ရေးလိုက်နဲ့ ရှိပေမယ့် မဂ္ဂဇင်းတွေ စာအုပ်တိုက်တွေကို ပို့ပြီး ပါအောင်လုပ်တာ၊ စာအုပ်အဖြစ်ထုတ်ဝေတာမျိုးကို လုပ်ခဲ့တာတော့ မရှိခဲ့ဘူး။ သူ့ညီတစ်ယောက် အယ်ဒီတာချုပ်လုပ်တဲ့ မဂ္ဂဇင်းမှာတော့ တစ်ခါလား နှစ်ခါလား ပါဖူးတယ်ထင်တာပဲ။ ဒီလောက်ပဲ အားထုတ်မှုရှိခဲ့တယ်။

အမေကတောင် သူ့အသက်ငါးဆယ်ပြည့် ရွှေရတုအထိမ်းအမှတ်ဆိုပြီး ရောင်းတန်းဝင်စာအုပ်တစ်အုပ် ကိုယ်တိုင်ထုတ်ဝေနိုင်ခဲ့သလို ညီငယ်ရဲ့ အချစ်ဟာသ ၀တ္ထုစာအုပ် သုံးအုပ်ကိုလည်း ထုတ်ဝေသူအဖြစ်ထုတ်ဝေပေးခဲ့ပါတယ်။

အမေက သိပ်လက်တွေ့ကျတယ်၊ သဘောတရားတွေ ပြောဆိုဝေဖန်လေကန်နေတာကို သိပ်သဘောမကျဘူး၊ ဘာလုပ်ရင် ဘာဖြစ်မလဲ ဆိုတာပဲ ကြိုက်တယ်။ ရှေ့နေလည်းဖြစ်တော့ သက်သေခံအထောက်အထားမရှိဘဲ တွေးဆ မျှော်လင့်နေတာမျိုးကို သူက လက်မခံတတ်ဘူး။ လုပ်ရင်ဖြစ်ရမယ်၊ မဖြစ်ဘူးဆိုရင် လုပ်တာမှားနေလို့ ဆိုတာမျိုး သူက မြင်တယ်။

အမေနဲ့ အဖေ နှစ်ဘက်မှာ ကိုယ်က စာပေစိတ်ဝင်စားတာ၊ နိုင်ငံရေးစိတ်ဝင်စားတာမှာ အဖေနဲ့တူပြီး လက်တွေ့ကျတာ ဖြစ်အောင်လုပ်တာမှာ အမေနဲ့တူနေတာဟာ သိပ်ကံကောင်းသွားတယ်လို့ ပြောရမှာပါ။

ကျောင်းဆရာ နဲ့ စာရေးဆရာ

ငယ်ငယ်ကတည်းက ခေါင်းဆောင်လုပ်ရတာ၊ အကြီးအကဲလုပ်ရတာ၊ ဆရာလုပ်ရတာ၊ ဝေဖန်ပြောဆိုရတာ၊ ကိုယ့်ကိုအာရုံစိုက်လာအောင် တစ်ခုခုလုပ်ပြ ပြောပြရတာတွေမှာ စိတ်ဝင်စားခဲ့ပါတယ်။ စောင့်စားအောင့်ထားခဲ့ရတဲ့ ကောလိပ်ပြီးဆုံးချိန်မှာတော့ အလုပ်လုပ်ဖို့ သင့်ပြီလို့ ကိုယ်တိုင်ဆုံးဖြတ်ပြီး ဘာအလုပ်လုပ်မလဲလို့ အကြိမ်ကြိမ် စဉ်းစားတဲ့အခါ တစ်ဘ၀လုံးအတွက် လုပ်ချင်တဲ့အလုပ်က နှစ်ခုပဲ တွေ့ပါတယ်။

ဒီအလုပ်နှစ်ခုက လွဲလို့ ဒီဘ၀မှာ တခြားဘာမှ မလုပ်နိုင်ပါဘူး။ အခုတော့ နောက်အလုပ်တစ်ခုလုပ်ဖို့ ထပ်စဉ်းစားမိလာပြန်ပါတယ်။ အဲဒါကတော့ ဘုန်းကြီးလုပ်ဖို့ပါ။ ဆရာသမားတွေကတော့ မလွယ်ကူတဲ့အလုပ်မို့ သေချာစဉ်းစားဖို့နဲ့ နောက်တီးနောက်ချာမလုပ်ဖို့ ပြောပါတယ်။ အဲဒီလို ဝေဖန်ထောက်ပြပေးတဲ့ ဆရာသမားတွေကို ကျေးဇူးတင်ရပါတယ်။ အဲဒီအကြောင်းကတော့ နောက်ကြုံတဲ့အခါ ရေးပါဦးမယ်။

လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အလုပ်နှစ်ခုဆိုတာ ကျောင်းဆရာအလုပ်နဲ့ စာရေးဆရာအလုပ်ပါ၊ ဖအေတူလေးမို့ ကြီးပွားတိုးတက်ချမ်းသာမယ့် အလုပ်ကိုလုပ်ဖို့ တစ်ခါမှ စိတ်မကူးခဲ့ပါ။ အမေ့မိတ်ဆွေတွေက နိုင်ငံခြားမှာ ကျောင်းသွားတက်ရင်း အလုပ်လုပ်ဖို့၊ သင်္ဘောတက်ဖို့တွေကို ပြောပြတယ်၊ ကူညီပေးမယ်လို့ ပြောဆိုခဲ့ ကြပေမယ့် လုံးဝ စိတ်မ၀င်စားခဲ့ပါဘူး။

နောက်တစ်ခုက လုပ်ချင်တဲ့အလုပ် နှစ်ခုဖြစ်နေတာကတော့ မွေးဇာတာနဲ့လည်း ဆိုင်သလားတော့ မသိပါ၊ ကံကိုက တစ်ခုတည်းကို အပြီးအပြတ် မရွေးနိုင်ဘဲ ဟိုတစ်ခုလည်း လုပ်ချင် နောက်တစ်ခုလည်း ဖြစ်ချင်ဆိုတာမျိုး၊ ဒီတစ်ယောက်လည်း သဘောကျ ဟိုတစ်ယောက်လည်း ဘယ်လို ပြောရမလဲ နှစ်သက်မိတာမျိုး၊ အခွင့်အရေးဆိုလည်း နှစ်ခု တပြိုင်နက် ရတတ်တဲ့ ကံမျိုးကို ပိုင်ဆိုင်ထားတဲ့လူဆိုတော့ နှစ်ခုနှစ်ခွ အမြဲတွေးတတ် ပြောတတ် လုပ်တတ်ပါတယ်။

ဆက်ရရင် ကံကောင်းချင်တော့ အဲဒီလို အလုပ်လုပ်ဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ကောလိပ်အောင်စာရင်းထွက်ပါတယ်၊ အဆင့်မြင့်မြင့်နဲ့ အောင်တဲ့သူတွေထဲမှာပါလို့ ဆရာဖြစ်သင်တန်းဆက်တက်ခွင့်ရပြီး ၂ နှစ်စာချုပ်ချုပ် လခနဲ့ကျောင်းတက်၊ ကျောင်းပြီးရင် ဆရာဖြစ်မယ်ဆိုတဲ့လမ်းကို လျှောက်လှမ်းဖို့ အတန်းထဲက စာအတော်ဆုံးသူငယ်ချင်းတစ်ယောက်နဲ့ နှစ်ယောက်အတူ တိုင်ပင်ပြီး ရွေးချယ်ခဲ့ကြပါတယ်။

အမေကလည်း မကန့်ကွက်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အမေက သူ့သားသမီး သုံးဦးထဲမှာ တစ်ဦးကိုတော့ အစိုးရ၀န်ထမ်း လုပ်စေချင်ပါသတဲ့။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရ၀န်ထမ်းဆိုတာ အနယ်နယ်အရပ်ရပ်သွားရတယ်၊ အသက်အရွယ်ရ ရာထူးဌာနန္တရ ရလာရင် မိတ်ဆွေ အပေါင်းအသင်းများလာသလို တပည့်တပန်းတွေလည်း များလာမှာဖြစ်တယ်တဲ့၊ ဒီလိုဆို လိုအပ်လာရင် အပြန်အလှန်အကူအညီ အများကြီးရမယ်တဲ့။

ကိုယ်ကတော့ ကောလိပ်မှာဆရာဖြစ်ခွင့်ရမယ့်ကိစ္စဟာ ကိုယ့်အိပ်မက်ပဲ၊ ကိုယ်ဖြစ်ချင်တဲ့ကိစ္စ၊ ကိုယ်လုပ်ချင်တဲ့အလုပ်ဖြစ်တာမို့ သဘောကျသလို အမေ့စိတ်ကူးနဲ့လည်း ကိုက်ညီနေတာမို့ ၀မ်းသာပါတယ်။ သူငယ်ချင်းနဲ့အတူ ဆရာဖြစ်သင်တန်းကို သတင်းပို့ရမယ့် နောက်ဆုံးရက်မှာ အထုပ်ကိုယ်စီ အိပ်ရာလိပ်ကိုယ်စီနဲ့ အဆင်သင့်ဖြစ်ပြီး တက်ကြွနေပါတယ်။

အဲဒီမှာ အမေက စကားတစ်ခွန်းပြောလာပါတယ်၊ စိတ်ပြောင်းသွားသလား၊ ဒါမှမဟုတ် သူ့သားအတွက် သူသဘောတူလိုက်တဲ့ကိစ္စ မမှားဘူးဆိုတာ အတည်ပြုချင်လို့လားမသိပါ။ အမေပြောတာက “ငါ့သား မင်း သင်တန်းကို မသွားခင် ငါတို့ ကိုးကွယ်ဆည်းကပ်ရိုသေရတဲ့ ဆရာတော်ကြီးကိုတော့ မင်းလျှောက်ထားသင့်တယ်၊ သွားကန်တော့ရမယ်“လို့ ပြောလာပါတယ်။ “ဟုတ်တာပေါ့၊ သွားရမှာပေါ့၊ ကန်တော့ရမှာပေါ့“ လို့ အမေ့ကို ပြောပြီး သူငယ်ချင်းကိုပါ “ငါတို့ ဆရာတော်ကြီး သွားကန်တော့ရအောင်၊ မင်းပါ လိုက်ခဲ့ကွာ“ ဆိုပြီး ဆရာတော့်ကျောင်း ထွက်ခဲ့ကြပါတယ်။

၃ ၄ တန်းကတည်းက စနေ တနင်္ဂနွေတိုင်း၊ နွေရာသီကျောင်းပိတ်တိုင်း၊ ၁၉၉၆ ကျောင်းတွေပိတ်တဲ့အချိန်ပါမကျန် ရောက်ဖြစ်တာကတော့ ဆရာတော်ကြီးကျောင်းပါ၊ ကျောင်းအိပ်ကျောင်းစားနေရင်း ဘုန်းကြီးကျောင်းသား လုပ်ရပါတယ်။ တန်ခိုးကြီးတဲ့ ဘုန်းတော်ကြီးကျောင်းမို့ ကျောင်းမှာ ဘုန်းကြီးကျောင်းသားအဖြစ်နေချင်တဲ့သူတွေ အများကြီးပါပဲ။ ဆရာတော်ကြီးကလည်း တပည့်တိုင်းကို သူ့အနားခေါ်မထားပါဘူး၊ တော်တော် စည်းကမ်းသေ၀ပ် အပိုးကျိုးပြီး ဘာသာတရားလေးစားတဲ့သူ၊ နေ့နံသင့်ပြီး ဥပဓိကောင်းတဲ့သူမှ သူ့အနားထား၊ ၀တ်ဖြည့်ခွင့်ပြုပါတယ်။ ဆရာတော်ကြီးနား တစ်ခါလား နေဖူးပါတယ်။ တော်တော်ကို ဖိအားများပြီး တော်ရုံလုပ်ကိုင်လို့ မရပါဘူး။

အဲဒီနေ့ကတော့ ဆရာတော်ကြီးက ကျန်းမာရေးမကောင်းလို့ အနားယူနေပါတယ်၊ ဘယ်ဒကာ ဒကာမကိုမှ အဖူးတွေ့ မခံပါဘူး။ ဆရာတော်ကြီးက သက်တော်လည်း ၇၀ တော်တော် စွန်းလို့ ၈၀ ကပ်နေပြီ၊ တပည့်ဒကာ ဒကာမတွေကလည်း အလွန်များတဲ့ တန်ခိုးကြီး ဆရာတော်ကြီးမို့ တစ်ခါတခါတော့ အနီးကပ်တပည့်တွေရဲ့ တိုက်တွန်းမှုနဲ့ နာရီပိုင်းလောက် ဘယ်သူနဲ့မှ မတွေ့တော့ဘဲ နားနေတတ်ပါတယ်။

ကျောင်းက သံဃာတွေ၊ ကပ္ပိယတွေကလည်း ဆရာတော်ကြီးနားနေတဲ့အချိန် ကိုယ်ရောက်လာတာဆိုတော့ ကိုယ်ရောက်လာတဲ့အကြောင်း ဆရာတော်ကြီးကို သွားပြီးလျှောက်ထားပေးဖို့ မ၀ံ့ရဲကြပါဘူး။ သူတို့က ကိုယ့်ကို ပြန်ပုတ်ထုတ်ပါတယ်။ မင်းလည်း ကျောင်းသားလုပ်ခဲ့တာပဲ၊ ဒီအခြေအနေ၊ ဒီလိုအချိန်အခါ ဘယ်လိုနေရတယ်၊ ဘာလုပ်ရတယ်ဆိုတာ သိသားနဲ့လို့ ပြောကြတော့ ကိုယ်လည်း ဘယ်လိုမှ မတတ်သာဘူး ဖြစ်နေပါတယ်။

ခက်ပြီ၊ ကိုယ်ကလည်း ခဏနေ သင်တန်းကို သွားရတော့မယ်။ ဆရာတော်ကြီးကလည်း ဘယ်သူ့မှ အတွေ့ မခံဘူးဆိုတော့ ဘယ်လိုလုပ်ရပါ့မလဲ။ “အိုကွာ ငါက ဆရာတော့် ကျောင်းသားဖြစ်ခဲ့ဖူးတာပဲ၊ အခုဟာကလည်း ငါ့ဘ၀အတွက် အရေးကြီးတဲ့ အဆုံးအဖြတ် ဖြစ်နေတယ်၊ အမေကလည်း လွှတ်လိုက်တယ်၊ ဆရာတော်ကြီးကိုတော့ မဖြစ်မနေ လျှောက်ထားရမှာပဲ“လို့ တွေးတောဆုံးဖြတ်ပြီး ဆရာတော့်ကျောင်း လှေကားသုံးဆင့်တက် ပြတင်းတံခါးကနေ ကျောင်းအတွင်းကို ချောင်းပြီး“ဆရာတော်ကြီးဘုရား၊ ဆရာတော်ကြီးဘုရား“လို့ တကြော်ကြော်အော်ပြီး “တပည့်တော် ပန်ချာပီပါ“လို့ လျှောက်ထားလိုက်ပါတယ်။

တအောင့်ကြာတော့ ဆရာတော်ကြီးက ပြတင်းနား ကြွလာရှာပါတယ်။ တပည့်ကျော်ကို မျက်မှောင်ကုပ်ကြည့်တဲ့ပြီး “ဟကောင် ဘာလဲ“ လို့ မေးပါတယ်။ ဆရာတော်ကြီးဟာ နေကောင်းပုံမရပါဘူး။ အနားယူရင်း တရားမှတ်နေပုံရပါတယ်။ ပြတင်းနားမှာပဲ အကျိုးအကြောင်း လျှောက်ထားတော့ ဆရာတော်ကြီးက ကျောင်းတံခါးဖွင့်ပေးပါတယ်။ သူငယ်ချင်းပါခေါ်ပြီး ကျောင်းပေါ်တက်သွားပါတယ်။ ထပ်မံပြီး အကျိုးအကြောင်း ထပ်ဆင့်လျှောက်ထားတော့ ဆရာတော်ကြီးက သေချာနားထောင်ပေးပါတယ်။ ကိုယ့်ကိုလည်း သေချာကြည့်ပါတယ်။ သင်တန်းနဲ့ပတ်သက်ပြီးလည်း မေးပါတယ်၊ သင်တန်းပြီးရင် ဘယ်သွားရမှာလဲ၊ ဘာလုပ်ရမှာလဲ စတာတွေပေါ့လေ။ သူငယ်ချင်းကိုလည်း ဘယ်နယ်ကလဲ ရန်ကုန်ရောက်တာဘယ်လောက်ကြာပြီလဲ စသဖြင့် နည်းနည်းမေးပါတယ်။

ခဏကြာတော့ ဆရာတော်ကြီးက “အေးကွာ၊ အမေ့နား နေပါ၊ မင်းအမေက တစ်ယောက်တည်း (အဖေက ဆုံးသွားပါပြီ)၊ မင်းက သားကြီး ဖြစ်တယ်၊ ရှာဖွေကျွေးမွေးဖို့၊ မင်းအမေကို စောင့်ရှောက်ဖို့ မင်းမှာ တာဝန်ရှိတယ်“လို့ မိန့်ကြားပါတယ်။ သူငယ်ချင်းကိုလည်း “မင်းကကော ဘယ်လိုလုပ်မလဲ“လို့ မေးပါတယ်။ သူငယ်ချင်းကတော့ ရယ်နေပါတယ်၊ ဆရာတော်ကြီးကို ဘာမှ ပြန်မပြောပါဘူး။

သူငယ်ချင်းနှစ်ယောက်လည်း ဆရာတော်ကြီးကို ရှိခိုးဦးချကန်တော့ပြီး ကျောင်းက သံဃာတွေ၊ ကပ္ပိယကာရကတွေကို ဂါရ၀ပြုနှုတ်ဆက်လို့ ပြန်ခဲ့ကြပါတယ်။ လမ်းရောက်တော့ သူငယ်ချင်းကို ကိုယ်က “ဇာနည်ရာ..ငါတော့ ဆရာတော်ကြီး စကားနားထောင်မှဖြစ်မယ်၊ ဆရာတော်ကြီးက လေးလေးနက်နက်မိန့်ကြားတာကွ၊ ငါ သင်တန်းမသွားတော့ဘူးကွာ“လို့ ပြောလိုက်ပါတယ်။ သူငယ်ချင်းက အံ့သြသွားပုံ ရပါတယ်။ သေချာရဲ့လားဆိုပြီး ကိုယ့်ကို ကြည့်သလို မေးလည်းမေးပါတယ်။

ကိုယ်က ဆရာတော်ကြီးဟာ တန်ခိုးကြီးတဲ့ ဆရာတော်ကြီးဖြစ်တယ်၊ အကြောင်းမဲ့ မိန့်ကြားတာမျိုး မရှိဘူး။ တပည့်ဒကာ ဒကာမတွေက ဆရာတော်ကြီးကို သိပ်ကြည်ညိုကြသလို ယုံကြည်ကြတယ်။ ကပ္ပိယတွေ စကားဝိုင်းဖွဲ့ပြီး ဆရာတော်ကြီးရဲ့ ထူးခြားမှုတွေ၊ ကျောင်းတိုက်ရဲ့ထူးခြားမှုတွေ ပြောကြရင် အမြဲကြားနေရတော့ ကိုယ်က ဆရာတော်ကြီးကို ယုံကြည်တယ်လို့ သူငယ်ချင်းကို ဖြေရှင်းပြောပြပါတယ်။

တစ်ခါသားမှာ သူတပည့်တရုတ်လူမျိုးတစ်ယောက် နိုင်ငံခြားထွက်ဖို့ မထွက်ခင် ဆရာတော်ကြီးကို လာကန်တော့တာမှာ ဆရာတော်ကြီးက “မင်း အဲဒီလက်မှတ်ပါရင် ငါ့လှူစမ်းကွာ“ဆိုတော့ ဆရာတော်ကြီးကို သိပ်ကြည်ညိုယုံကြည်တဲ့ တပည့်က ချက်ချင်းပဲ လှူပါတယ်။ အကြောင်းမဲ့ မဟုတ်ဘူးဆိုလည်း သိနေကြတာကိုး။ အဲဒီ လက်မှတ်ခရီးစဉ်က လေယာဉ်ဟာ ပျက်ကျခဲ့တယ်လို့ ကြားဖူးတာမျိုးရှိပါတယ်။

အခု ကိုယ့်အတွက် ဆရာတော်ကြီး မိန့်ကြားတာကတော့ မိခင်ကြီးကို စောင့်ရှောက်ဖို့ အလေးကဲပုံ ရပါတယ်။ တခြား ဆရာတော်ကြီးအနေနဲ့ ကိုယ့်ကို ဘာတွေ ကြိုမြင်ထားပါသလဲ။ “သတင်းစာလေး“လို့ ခေါ်ခေါ်ပြီး ဓာတ်ပေးတာမျိုးတော့ ရှိခဲ့ပါတယ်။ ဓာတ်ပေးတယ်ဆိုတာ တစ်ခုခုကောင်းရာမွန်ရာဖြစ်အောင် အောင်မြင်အောင် နိမိတ်ပေးတာ၊ အားတစ်ခုခုပေးတာပေါ့။ အဆင်သင့်ုတော့လည်း အဲဒီအကြောင်းလေး ရေးပါဦးမယ်။

ဒီတော့ သူငယ်ချင်းလည်း ကိုယ်က သင်တန်းမသွားတော့ဘူးဆိုတော့ သူလည်း တစ်ယောက်တည်းဆိုရင် မသွားတော့ဘူးဆိုပြီး ဆရာဖြစ်သင်တန်းတော့ သူငယ်ချင်းနှစ်ယောက်စလုံး မသွားဖြစ်တော့ဘူး။ အဲဒီတုန်းက သူငယ်ချင်းက ဆရာဖြစ်သင်တန်းမသွားခဲ့ပေမယ့် သူက ထိပ်ဆုံးနံပါတ်တစ် Roll 1 နဲ့ အောင်တဲ့သူဆိုတော့ တက္ကသိုလ်ဆက်သွားပါတယ်၊ နောက်ပိုင်းမတွေ့ဖြစ်ကြတော့ပေမယ့် သူက စာအလွန်တော်သူဆိုတော့ အခုဆို ပါရဂူဘွဲ့တွေ ဘာတွေတောင် ရနေပြီထင်ပါတယ်။

သင်တန်းသွားခဲ့တဲ့ တခြားသူငယ်ချင်းတွေကလည်း ကောလိပ်မှာ ကျောင်းအုပ်တို့၊ ဌာနမှူးတို့တောင် ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြစ်လာတယ်လို့ ကြားပါတယ်။ သူငယ်ချင်းတွေအတွက် ၀မ်းသာမိပါတယ်။ အရည်အချင်းရှိတဲ့ ဆရာတွေဖြစ်ကြပါစေလို့ပဲ ဆုတောင်းပေးရပါတယ်။

ဟုတ်ပြီ၊ ဆရာဖြစ်သင်တန်းတော့ မသွားဖြစ်တော့ဘူး၊ ဒါနဲ့ ဘာဆက်ဖြစ်လာသလဲ။ ဆက်ပါဦးမယ်။

စက်တင်ဘာ ၂၆၊ မွန်းလွဲ ၁၂ နာရီခွဲ။