ရန်ကုန်ကလာတဲ့သူတစ်ယောက်အတွက်တော့ လန်ဒန်က အသားဖြူဖြူ မျက်လုံးပြာပြာ ဆံပင်နီနီ ပေါင်လုံးသွယ်သွယ်နဲ့ ကောင်မလေးတွေ ကြည့်ရတာ ငယ်ငယ်က ညီမလေးကစားတဲ့ ကော်ပတ်ရုပ်ကလေးတွေ ကြည့်ရသလိုပါပဲ။ မျက်စိထဲတော့ လှလည်းလှ ချစ်စရာလည်း ကောင်းနေတာမို့ ရောက်ရောက်ချင်းတော့ တော်တော်ကြည့်မ၀ ဖြစ်ခဲ့ပါတယ်။ သူတို့က ရင်သားလှတာကို ဖော်ပြကြွားချင်တော့ ရင်စည်း(ဘရာစီယာ)တွေ ဘာတွေလည်း တချို့က မ၀တ်ကျဘူး၊ မျက်လုံးက အဲဒီဘက် ပါပါသွားတော့ မြန်မြန်လိုက်ဖမ်းရပါတယ်။

ဘိုမလေးတွေအားလုံးကတော့ အင်္ဂလိပ်မလေးတွေ မဟုတ်ပါဘူး၊ တချို့က ဥရောပက လာတဲ့သူတွေပါ၊ တချို့က အရှေ့ဥရောပက လာတဲ့သူ တွေပါ၊ အရွယ်ထွားထွားတွေကတော့ လူကြီးမျက်စိနဲ့ ကြည့်လို့ကောင်းသလို ကလေးချစ်တတ်သူတွေ ကိုယ့်လိုလူအတွက်တော့ ကလေးဖြူဖြူ လေးတွေကလည်း အရုပ်ကလေးတွေလို ချစ်ဖို့အလွန်ကောင်းပါတယ်။

ဒါပေမယ့် ရုံးကမမတစ်ယောက်က ပြောပြတာကတော့ ကလေးတွေကို ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံတာ သွားမလုပ်ဖို့၊ ချစ်လို့ ခင်လို့ဆိုပြီး ကလေးကို ကိုင်တာ တွယ်တာ သွားမလုပ်ဖို့ သတိပေးပါတယ်။ သူတို့ဆီမှာက ကလေးတွေကို မူကြိုအရွယ်ကစလို့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသူကျောင်းသားတွေကို လူကြီးတွေ ဆရာသမားတွေက လိင်ပိုင်းဆိုင်ရာ အခွင့်အရေးယူမှုတွေ ရှိနေလို့ အမြဲလိုလို ပြဿနာဖြစ်ကြတယ်၊ သတင်းစာတွေ မှာလည်း အမြဲရေးနေကြတယ်။

ဒါကြောင့် မိဘတွေက သူတို့သားသမီးတွေကို ကိုင်တွယ်တာမကြိုက်ပါဘူး၊ သံသယနဲ့ ကြည့်တတ်သလို သားသမီးတွေကိုယ်တိုင်ကလည်း သူတို့ကို ထိတာတို့တာ ကိုင်တွယ်တာ မကြိုက်ပါဘူး။

သတင်းစာတွေထဲမှာဆိုရင် ဆရာမနဲ့သားတပည့်၊ ဆရာမနဲ့ သမီးတပည့်၊ ဆရာနဲ့ သမီးတပည့်တို့ဇာတ်လမ်းတွေ၊ ပြဿနာတွေဖြစ်ကြတာ၊ ဆရာဆရာမတွေကို တရားစွဲဆိုတာတွေကို အမြဲဖတ်နေရတယ်။ ဒါကြောင့်လည်း သူတို့က ကလေးတွေနား လူကြီးတွေကပ်ရင် သတိထား စောင့်ကြည့်ကြတာ ဖြစ်ပါတယ်။

ဒီမှာက ကလေးဆိုပေမယ့် ၁၅၊ ၁၆ နှစ်ဆိုရင် တော်တော်ထွားထွားကျိုင်းကျိုင်းဖြစ်ပြီး ရည်းစားသနာထားကြ၊ ယောက်ျားလေး၊ မိန်းကလေးမိတ်ဆွေတွေနဲ့ အတူနေကြ၊ အဲဒီထဲမှာ တချို့က လူငယ်ချင်းထက် ဆိုခဲ့သလို လူကြီးတွေ၊ ဆရာဆရာမတွေနဲ့ ရှုပ်ကြပြုကြ၊ လိင်တူဆက်ဆံမှုတွေကလည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသ နေထိုင်ခွင့်ရတော့ လိင်ကိစ္စဟာ လွယ်လွယ်ကူကူနဲ့ ဖြစ်နိုင်တဲ့ ပတ်ဝန်းကျင် ဖြစ်ပါတယ်။

တစ်ခါ ဒီမှာက ကိုယ့်စိတ်ထဲရှိရာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်လုပ်ကိုင်နိုင်တာဆိုတော့ မြန်မာ့အတွေးနဲ့ မှန်းဆလို့မရနိုင်တဲ့ အဖြစ်သနစ်တွေ က အလွယ်တကူ ဖြစ်ပျက်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ယဉ်ကျေးမှုအရ၊ ဘာသာတရားအရ ထိန်းသိမ်းထားတာတွေ ရှိသေးတော့ လွယ်လွယ်ကူကူ ဘာမှ ကြီးကြီးမားမား မဖြစ်နိုင်တာကို သတိပြုမိပါတယ်။

မိဘတချို့က ကလေးတွေကို နှိပ်စက်တာ၊ သတ်ဖြတ်တာတွေကိုလည်း သတင်းစာမှာ အမြဲလိုလို ဖတ်နေရပါတယ်၊ မြန်မာ့စိတ်ကူးနဲ့ဆို ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ၊ စိတ်ရူးပေါက်တိုင်း လုပ်နေသလိုဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ ကလေးကို ရိုက်ချင်တိုင်းတော့ ရိုက်လို့ မရပါဘူး။ အဲဒီလို ရိုက်ရင် ကလေးကိုယ်တိုင်ကလည်း လက်မခံဘဲ ပြန်အော်သလို ကလေးကို ရိုက်နေတာကိုတွေ့တဲ့ အိမ်နီးချင်းတို့၊ လမ်းသွားလမ်းလာတို့ကလည်း ရဲကို လှမ်းတိုင်ရင် ရဲက လာပြီး မိဘကို အရေးယူနိုင်ပါတယ်။

ပတ်ဝန်းကျင်အသစ်၊ ယဉ်ကျေးမှုအသစ်မှာ အကြုံအတွေ့သစ်တွေကတော့ နေ့စဉ်နေတိုင်း သွားရင်းလာရင်း စကားပြောရင်းနဲ့ကို ကြားနေ သိနေ မြင်နေ ရသလို တစ်ခါတခါ အံ့စရာလည်း ဖြစ်ရပါတယ်။

ကလေးချစ်သူတဲ့တစ်ယောက်အတွက်တော့ ဒီမှာနေနေသလောက် ကလေးလေးတွေကို ဝေးဝေးကပဲ ငေးရမယ်ဆိုတာ သတိထားရပါတော့ တယ်။

စက်တင်ဘာ ၂၅၊ နံနက် ၁၀ မိနစ်။