သတင်းတွေနဲ့ပဲနေရ လုပ်ရကိုင်ရတော့ သတင်းရင်းမြစ်တွေနဲ့ အမြဲဆက်ဆံနေရပါတယ်။

ဒီမှာ ဘာသွားတွေ့သလဲဆိုတော့ အဲဒီသတင်းရင်းမြစ်တွေရဲ့ ပြောင်းလဲသွားပုံကို တွေ့လာရပါတယ်။

လူဆိုတာက ကိုယ့်မျက်ချေးသာ ကိုယ်မမြင်တာ သူများဆိုရင်တော့ ထင်ထင်ရှားရှား မြင်အောင်ကြည့်တတ် ဝေဖန်တတ်တာကိုးဗျ။

နိုင်ငံခေါင်းဆောင်တွေကို ကြည့်ပါ၊ တိုနီဘလဲ၊ ဂျော့ရှ်ဒဗလျူဘုရှ် တို့ကို အလွန်အားကျသလို လေးစားခဲ့ပါတယ်၊ ပြောတတ် ဆိုတတ် ဆုံးဖြတ်(ရဲ)တတ်လိုက်တာလို့ သဘောကျတာပါ။ ခေါင်းဆောင်ဆိုတာ ဆုံးဖြတ်တဲ့သူကို ပြောပါ၊ ဆုံးဖြတ်မရဲသူဟာ ခေါင်းဆောင်မဟုတ်ဘူးလို့ ပြောဆိုတာတွေကိုလည်း ကြားဖူးပါတယ်။ ဆုံးဖြတ်လို့မှားသွားတာဟာ အပြစ်မဟုတ်ဘူး၊ ဆုံးဖြတ်ရမယ့်ဟာကို ရှောင်နေတာမှ အပြစ်ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

ခေါင်းဆောင်မှာလည်း ခေါင်းဆောင်ကျက်သရေဆိုတာ ရှိပါတယ်၊ လူဆိုတာက မိမိသာ အရှင်သခင် ဖြစ်လိုပြီး ကိုယ့်ကို အုပ်စိုးမယ့်သူဆို တော်ရုံလူကို လက်မခံတတ်ကြပါဘူး။ ဒီတော့ ကိုယ့်ခေါင်းဆောင်ဖြစ်မယ့်သူကို တော်တော်ကြီး သဘောကျမှ ချစ်ခင်မှ ခေါင်းဆောင်အဖြစ် တင်မြှောက်ကြတာမျိုးပါ။

အခု သမ္မတအိုဘားမားဆိုရင် အမေရိက ကသာမက ကမ္ဘာကပါ သဘောကျတဲ့ ခေါင်းဆောင်မျိုးဖြစ်ပါတယ်။

ဘယ်လောက်ကြီးကျယ်တဲ့ခေါင်းဆောင်ဖြစ်ဖြစ် တစ်ချိန်ကြရင် အာဏာမရှိတော့ရင် သူတို့မှာ ကျက်သရေ လျော့သွားတာကို တွေ့ရပါတယ်။

အာဏာရဲ့ အရှိန်အ၀ါ အလွန်ကြီးကျယ်တာကို တွေ့ရပါတယ်၊ အာဏာရှိချိန်မှာ လူဟာ အလွန်ဝံ့ဝံ့ကြွားကြွားဖြစ်နေပြီး အာဏာလက်လွတ်ရချိန်မှာ တော်တော်ကြီးကို နိမ့်ပါးသွားတဲ့ ရုပ်မျိုးကို တွေ့ရပါတယ်။

ရန်ကုန်မှာနေတုန်းက ၀န်ကြီး၊ ဒုတိယ၀န်ကြီးဟောင်းတွေကို မျက်ဝါးထင်ထင် မြင်တွေ့ဖူးပါတယ်၊ တော်တော် နေတတ်ထိုင်တတ် စိတ်ထားတတ်သူတွေတောင် အာဏာရှိစဉ်က ပုံစံနဲ့ ဘာမှမဆိုင်တော့ပါဘူး၊ ရုပ်ပိုင်းတော်တော်ကျဆင်းသွားတာကို တွေ့ရပါတယ်။

အသက်အရွယ်ကြောင့်ဆိုတာထက် အာဏာမဲ့ချိန်မှာ ကိုယ့်ကို ဘယ်သူမှ အရေးမစိုက်ကြတော့ဘူး၊ တပည့်သားမြေး ဂရုစိုက်မယ့်သူ မရှိတော့ဘူးဆိုပြီး စိတ်ဓါတ်ကျသွားပုံရပါတယ်။ ကိုယ်တွေ့ကော၊ ကြားသိရတာတွေအရပါ သားသမီးတွေကတောင် မိဘ အာဏာမဲ့ချိန်မှာ သိပ်ဂရုမစိုက်တော့တာကို တွေ့ဖူးပါတယ်။

မြန်မာပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး၊ အထက်ကဆိုခဲ့သလို သမ္မတဘုရှ်တို့၊ ၀န်ကြီးချုပ်ဘလဲတို့လည်း ရုပ်ရည်တွေ တော်တော်ကျသွားတာကို တွေ့ရပါတယ်၊ ဘီလ်ကလင်တန်ကြီးကတော့ နှလုံးရောဂါနဲ့ဆိုတော့ ထားလိုက်လို့ ရသေးပါတယ်။

အာဏာဟာ တော်တော်တန်ခိုးကြီးပါတယ်၊ လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီဟာ အာဏာကြောင့် အခုထက်ထိ ဟန်တွေမာန်တွေ ကြီးတုန်း ဖြစ်ပါတယ်။ အာဏာမဲ့ချိန်မှာ အီရတ်သမ္မတ ဆဒ္ဒမ် ဟူစိန်ရဲ့ မျက်နှာလေးဟာ အင်မတန်သနားစရာ ကောင်းပါတယ်။

အာဏာမဲ့ချိန်မှာ အပူတွေ အပိုတွေ လျော့သွားပြီ၊ လွတ်လပ်သွားပြီဆိုပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်တဲ့သူ နည်းနည်းပဲ တွေ့ဖူးပါတယ်၊ သူတို့ကတော့ နဂိုကတည်းက လောကဓံကို သိသူ၊ လူ့အကြောင်းကို သိသူတွေပဲ ဖြစ်ပါတယ်။

တကယ်တော့ အိုနာလာရင် ပိုပြီးနေတတ်ထိုင်တတ်ဖို့ လိုပါတယ်၊ အနောက်နိုင်ငံတွေမှာတော့ အသက်ကြီးလာလေ၊ အတွေ့အကြုံတွေများပြီး တန်ဖိုးတက်လေဖြစ်ပါတယ်၊ သူတို့ဟာ သေတဲ့အထိ အလုပ်တွေတစ်ခုပြီးတစ်ခု လုပ်နေကြပါတယ်။

အနောက်နိုင်ငံတွေမှာတော့ နိုင်ငံ့ခေါင်းဆောင်တွေဟာ အာဏာမဲ့ချိန်မှာ ဆိုင်ရာ သန်ရာဖောင်ဒေးရှင်းတွေ ထူထောင်ပြီး ဆက်လက်လုပ်ကိုင်နေကြပါတယ်၊ မြန်မာနိုင်ငံမှာတော့ အဲဒီလို တွေ့ရတာ မရှိသလောက်နည်းပါတယ်။ လက်ရှိအစိုးရလက်ထက်မှာတော့ အာဏာလက်မဲ့ဖြစ်ချိန်မှာ အစိုးရထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းအချို့မှာ နေရာထပ်ယူပြီး လုပ်ကိုင်ကြတာကလွဲလို့ ငါ တစ်ချိန်အငြိမ်းစားယူရင် ဘာလုပ်မယ်ဆိုတာ ကြိုတင်စဉ်းစားထားတာမျိုး မရှိကြပါဘူး။

ဒီနေရာမှာ အသက်ကြီးလာလေ၊ အတွေ့အကြုံများလာလေ တန်ဖိုးထပ်တက်လာသူတွေကတော့ ဂျာနယ်လစ်တွေပဲ ဖြစ်ပါတယ်။ နာမည်ကျော် ရုပ်မြင်သံကြားသတင်းဌာနတွေနဲ့ ရေဒီယိုအစီအစဉ်တွေက အစီအစဉ်တင်ဆက်သူတွေ၊ သတင်းထောက်တွေဟာ ငယ်ရွယ်စဉ် ၂၀ ကျော်ကတည်းက အခု အသက် ၇၀ ကျော်တွေအထိ လူကြိုက်များပြီး သူတို့တင်ဆက်မှုတွေ၊ သူတို့ပြောပြတဲ့သတင်းတွေကို ပရိသတ်တွေက မလွတ်တမ်း ကြည့်ရှုနားထောင်နေကြပါတယ်။

သူတို့ဟာ နာမည်ကျော် မင်းသားမင်းသမီးတွေလိုပဲ ထင်ရှားကျော်ကြားပြီး နှစ်စဉ်ဝင်ငွေလည်း သန်းနဲ့ချီပြီး ရနေကြပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေသာ တစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားတယ်၊ သူတို့ကတော့ ဆက်လက်ရှိနေကြဆဲဖြစ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်တချို့ဆို ငယ်စဉ်က သူတို့ပရိသတ်တွေဖြစ်ခဲ့ကြပါသေးတယ်။ အသက်ကြီးလေ တန်ဖိုးကြီးတဲ့ အဘိုးကြီးတွေ ဖြစ်နေပါတယ်။

ဂျာနယ်လစ်ရဲ့ တာဝန်ကတော့ ပြည်သူတွေ သူတို့သိသလို သိရအောင် ဝေငှသူတွေ ဖြစ်ကြတော့ လူတွေကလည်း သူတို့ကို ခင်ကြမင်ကြ ကျေးဇူးတင်ကြတာမဟုတ်လားဗျာ။

နာအိုလာရင်ဆိုတဲ့အကြောင်းတွေးမိရင်း ရေးချလိုက်တာပါ။

စက်တင်ဘာ ၂၃၊ ည ၉ နာရီ မိနစ် ၂၀။