တရုတ်စီးပွားရေးဟာ တဖြည်းဖြည်းနဲ့တိုးတက်ကြီးထွားလာ ကြောက်ဖို့တောင် ကောင်းပါတယ်၊ ကမ္ဘာမှာ တရုတ်ကို မသိတဲ့သူ မရှိပါဘူး။ တရုတ်အစားအစာ၊ တရုတ်တန်း၊ တရုတ်ပြည်၊ တရုတ်မဟာတံတိုင်း၊ တရုတ်ကြွေထည်ကစလို့ တရုတ်ကို မသိလို့မရပါဘူး။ အခုပိုဆိုးတာကတော့ တစ်ကမ္ဘာလုံးမှာ made in china လို့ခေါ်တဲ့ တရုတ်လုပ်တွေချည်း ၀ယ်နေရပါတယ်။

နေ့စဉ်သုံးပစ္စည်းတွေဖြစ်တဲ့ လက်ကိုင်ဖုန်း၊ လက်ကိုင်အိတ်၊ ဖိနပ်၊ အင်္ကျီ၊ ကွန်ပျူတာနဲ့ သုံးစွဲတဲ့ ပန်းကန်ခွက်ယောက်တွေအစ တရုတ်နဲ့ကင်းလို့မရပါဘူး။ တရုတ်ပြည်နားက လာခဲ့သူဖြစ်လေတော့ တရုတ်ကို အထင်မကြီးပါဘူး။ ဒီရောက်ပြီး သုံးလလောက်အကြာမှာ ဘောင်းဘီရှည်တွေ ကြပ်လာလို့ ဘောင်းဘီထပ်ဝယ်တာ ဈေးက အလွန်ကြီးပါတယ်။ ရန်ကုန်ဈေးထက် သုံးဆလောက်ကြီးပါတယ်၊ ဈေးကြီးလွန်းတော့ ဒီက ထုတ်လုပ်လား၊ နိုင်ငံကြီး တစ်နိုင်ငံငံက ထုတ်တာလားဆိုတော့ တရုတ်လုပ်ပါပဲ။

တရုတ်လုပ်ကိုတော့ ဒီလောက်ဈေးအများကြီးပေး မ၀ယ်နိုင်ဘူးဗျာဆိုတော့ မင်းဘာမှ မ၀တ်နဲ့တော့တဲ့၊ ရုံးက အစ်မကြီးတစ်ယောက်က ပြောပါတယ်၊ ဒီမှာက တရုတ်လုပ်တွေချည်း ရှိနေတာကိုး။ နိုင်ငံကြီးတွေကို တင်ပို့တဲ့ တရုတ်လုပ်တွေက အရည်အသွေး နည်းနည်းပိုကောင်း တာကတော့ အမှန်ပါပဲ။ ဒါပေမယ့် အများကြီးကောင်းတာတော့လည်း မဟုတ်ပါဘူး။

မြန်မာနိုင်ငံက အိတ်စ်ပို့ကွာလတီဆိုပြီး ဈေးသက်သက်သာသာ (ငွေကျပ်ထောင်ဂဏန်း) နဲ့ ၀ယ်လို့ရတဲ့ (အခုတော့ သူတို့တွေကလည်း ငွေကျပ်သောင်းနဲ့ချီရောင်းနေပါပြီ) အရည်အသွေးစံချိန်မီ အ၀တ်အထည်တွေဟာ ဒီမှာဈေးအလွန်ကြီးပါတယ်၊ သိန်းနဲ့ချီပြီး ပေးဝယ်မှ ရပါတယ်။ ဒါပေမယ့် လူတိုင်းနီးပါးတော့ ၀ယ်ဝတ်နိုင်ပါတယ်။

သူတို့ရဲ့ လူမှုအထောက်အပံ့စနစ်တွေက ကောင်းလို့ဖြစ်ပါတယ်။ တိုးတက်တဲ့နိုင်ငံတွေမို့ နိုင်ငံသားတစ်ယောက်ဟာ သတ်မှတ်ဝင်ငွေအောက်ပဲ ၀င်ငွေရှာနိုင်တယ်ဆိုရင် ဒါမှမဟုတ် အလုပ်မရှိဘူးဆိုရင် အစိုးရက ထောက်ပံ့ကျွေးမွေးထားရပါတယ်။ အလုပ်လက်မဲ့များလေ၊ သတ်မှတ်ဝင်ငွေ အောက်ပဲရှာဖွေနိုင်သူတွေများရင် အစိုးရအတွက် ၀န်ထုပ်ဝန်ပိုးကြီးဖြစ်စေပါတယ်။

ပြောချင်တာကတော့ မြန်မာနိုင်ငံသာ ချမ်းသာတဲ့ အနောက်နိုင်ငံတွေနဲ့ စီးပွားရေးလမ်းကြောင်းတွေ ကောင်းကောင်း ချိတ်ဆက်ထားနိုင်ရင် တရုတ်တွေရနေတဲ့ ဈေးကွက်ထဲမှာ မြန်မာက ပိုကောင်း ပိုသက်သာအောင် ထုတ်လုပ်ပြီး တင်ပို့ရောင်းချနိုင်ရင် မြန်မာလုပ်တွေလည်း ကမ္ဘာမှာ နေရာရလာမှာ ဖြစ်ကြောင်းပါ။

အခုတော့ မကျေနပ်လည်း တရုတ်နဲ့ပဲ ပေါင်းနေရဦးမှာပါ။

စက်တင်ဘာ ၂၃၊ ည ၉ နာရီ မိနစ် ၅၀။