ဒီနေ့တော့ ကိုယ်တိုင်တွေ့ကြုံခံစားရတဲ့ မြန်မာစိတ်ဓါတ်ဆိုတာလေးအကြောင်း ရေးချင်လာပါတယ်။

မြန်မာဆိုတာဘာလဲလို့မေးရင် ပထမဆုံး ဖြေရမှာကတော့ အစိုးရဖွင့်ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါပဲ။

မြန်တဲ့ မာတဲ့ အမျိုးမို့ မြန်မာလို့ခေါ်ပါသတဲ့။ ဟုတ်မဟုတ်တော့ ကိုယ့်ဘာသာကိုယ်စစ်ဆေးရမယ့်ကိစ္စပါပဲ။

နောက်တစ်ချက်က မြန်မာတန်ဖိုးဆိုတာဘာလဲပေါ့လေ။

မြန်မာတွေတန်ဖိုးရဲ့ သီးသန့်သဘောဆောင်တာကတော့ အားနာတတ်တာ၊ ဖော်ရွေတာ၊ အနိုင်ကျင့်တာကို မကြိုက်တာ၊ လူကြီးသူမကို လေးစားတာ နေရာပေးတာ၊ သည်းခံနိုင်တာ၊ အပင်ပန်းခံနိုင်တာ၊ အလုပ်ကြိုးစားတာတွေပေါ့လေ ရှိပါတယ်။

ကိုယ်တိုင်တွေ့ကြုံရတာကလည်း အဲဒါလေးတွေမို့ ပြောပြချင်တာပါ၊ ကိုယ်ကံကောင်းတယ်ပဲ ဆိုမလား။ မြန်မာတန်ဖိုးရှိတဲ့ နေရာလေး ရောက်ခဲ့တယ်ပေါ့။

နေရာသစ်၊ ပတ်ဝန်းကျင်သစ်၊ ယဉ်ကျေးမှုသစ်မှာ မြန်မာတန်ဖိုးတွေ မပြောင်းလဲဘဲ ရှိနေတာ ၀မ်းသာစရာကောင်းပါတယ်။

ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုတဲ့ မြန်မာ့စိတ်ဓါတ်၊ အားနည်းသူကို အားကြီးသူက ညှာရမယ်ဆိုတဲ့ အသိ၊ ၀ါရင့်က ၀ါနုကို သင်ကြားမျှဝေ ပေးရမယ်ဆိုတဲ့ အလေ့အကျင့်တွေက မြန်မာတွေရဲ့ ကောင်းမြတ်တဲ့ စိတ်ဓါတ်နဲ့ အစဉ်အလာတွေပါပဲ။

အားနာတတ်တာ၊ ယုံလွယ်လွန်းတာ၊ မေ့ပျောက်လွယ်တာ၊ ကျေအေးမြန်တာ၊ မနာလို ၀န်တိုတတ်တာတွေကတော့ မြန်မာတွေရဲ့ အနုတ်သဘောဘက်ယိမ်းတဲ့ လက္ခဏာတွေပေါ့၊ ဒါကလည်း လူထဲကလူတွေပဲမို့ အနည်းနဲ့အများဆိုသလို ရှိတတ်တာမျိုးမို့ အပြစ်ရှာလို့ မြင်ရပေမယ့် ချစ်နေရင်တော့လည်း ခွင့်လွှတ်ဖြေသိမ့်လိုက်လို့ ရနိုင်တာမျိုး ဖြစ်ပြန်ပါတယ်။

ကိုယ်ကတော့ လန်ဒန်မှာကို မြန်မာတန်ဖိုးရှိတဲ့ အ၀န်းအ၀ိုင်းလေးမှာ နေခွင့် ကျင်လည်ခွင့် အလုပ်လုပ်ကိုင်ခွင့် ရတဲ့အတွက် ၀မ်းသာ ဂုဏ်ယူ မိပါတယ်။

မိမိကိုယ်တိုင်အပါအ၀င် အလုံးစုံသန့်စင်ကောင်းမွန်ပြည့်စုံသူ မရှိနိုင်ဆိုတဲ့ သိုးဆောင်းစကားပုံလေးလိုပါပဲ။ ကောင်းတဲ့ မြန်မာ့တန်ဖိုးလေးတွေ ကို ချစ်သောမျက်စိဖြင့် မြင်အောင်ကြည့်ရင်း မေတ္တာတရားတို့ဖြင့် ချိုချိုသာသာ နွေးနွေးထွေးထွေး နေ့စဉ် နေထိုင်နိုင်ဖို့ ကြိုးစားနေကြောင်းပါ။

ရေးပါရစေဦး။

စက်တင်ဘာ ၂၁၊ ည ၁၀ နာရီ မိနစ် ၂၀။