ငွေဟာ အမြဲစိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာဖြစ်သလို သတိကြီးကြီးထားရမယ့် အရာလည်း ဖြစ်ပါတယ်။

ငွေကြောင့်ပဲ ဆင်းရဲတယ်၊ ချမ်းသာတယ်၊ ပျက်စီးတယ်၊ ဒေါသထွက်တယ်၊ ရန်မီးပွားတယ်။

အမြဲရှာနေရသလို အမြဲလည်း လိုနေတာပဲဖြစ်ပါတယ်။

ငွေကို ဘယ်သူမှ အလကား မရပါဘူး၊ အနည်းဆုံးတော့ တစ်ခုခုပေးဆပ်ပြီးမှ ရကြတာမျိုးပါ။

အလွယ်ဆုံးလို့ ဆိုရမယ့် မိဘဆီက တောင်းတာ၊ နှိုက်တာ၊ ခိုးတာတောင်မှ အားစိုက်မှုတစ်ခုခုတော့ လုပ်လိုက်ရပါတယ်။

ကိုယ့်ဘာသာရှာရပြီဆိုရင်တော့ ထိုက်သင့်တဲ့ အချိန်၊ ခွန်အား (ကိုယ်ကာယအားဖြင့်၊ စိတ်အင်အားဖြင့်၊ ဥာဏအားဖြင့်) တော့ ပေးဆပ်ရပါတယ်။

ငွေကြောင့် ပညာသင်ခွင့်၊ ကြီးပွားတိုးတက် စီးပွားရှာခွင့်၊ အပန်းဖြေအနားယူ လေ့လာခွင့်တွေရသလို ငွေကြောင့်ပဲ စိတ်ဝမ်းတွေ ကွဲရ၊ အကျင့် စာရိတ္တတွေ ပျက်ပြားရ၊ လူသတ်မိတဲ့အထိ ဖြစ်ရပြန်ပါတယ်။

ဒီမှာ မေးခွန်းတစ်ခုမေးစရာရှိတာက လူတစ်ယောက် ငွေဘယ်လောက်လိုသလဲ ဆိုတဲ့ မေးခွန်းပါပဲ။

ပြန်မေးစရာရှိတာက ဘယ်လူလဲ ဆိုတဲ့မေးခွန်းပါ။

စဉ်းစားရမယ့် အကြောင်းကတော့ ကိုယ်ဟာ ဘယ်လိုလူလဲဆိုတာပါပဲ။

လူတန်းစေ့ စားနိုင်၊ သောက်နိုင်၊ သုံးနိုင်၊ စွဲနိုင်၊ ပေးနိုင်၊ ကမ်းနိုင်တဲ့သူ ဖြစ်ဖို့က အများစု တောင့်တာတတ်ကြတဲ့ ရည်မှန်းချက်တစ်ခုပါ။

ဒီမှာ ကပ်ပြီး ပြောမယ်ဆိုရင်တော့လည်း ရနိုင်တာပေါ့လေ၊ ဘယ်နိုင်ငံက လူတန်းစေ့လည်းတို့၊ ဘယ်လောက် စားနိုင်သောက်နိုင်လဲတို့၊ ဘယ်လောက် ပေးနိုင်ကမ်းနိုင်လဲတို့ပါပဲ။

ကျွန်တော့် အကြုံအတွေ့ကို ဒီမှာ ချပြရရင်တော့ လူတစ်ဦးချင်းစီက ကိုယ့်စံ ကိုယ်ဖန်တီးပြီး ကိုယ့်နေရာ ကိုယ်ရောက်အောင် သွားနေကြတာပါပဲ။ ဒီနေရာမှာ တစ်ခုသတိပြုမိတာကတော့ လူတော်တော်များများက ရှေ့ကလူတွေဆီက ပုံစံတွေ အတုခိုးခဲ့ပြီး ကိုယ်ပိုင်တစ်ခု လုပ်လိုက်ကြတာပါပဲ။ လျှင်တဲ့သူ မြန်တဲ့သူ တော်တဲ့သူ ထက်တဲ့သူ ကံကောင်းတဲ့သူတွေကတော့ သူတို့နေရာတွေဆီ မြန်မြန်ရောက်ကြပြီး ကျန်သူတွေကတော့ ဖြည်းဖြည်းနဲ့ ရောက်တဲ့သူရှိသလို ဝေးဝေးပြီး ကျန်ခဲ့တဲ့သူလည်း ရှိပါတယ်။

စိတ်ဝင်စားစရာကောင်းတာကတော့ လူအားလုံးဟာ တစ်ဦးနဲ့တစ်ဦး မတူဘဲ တစ်ထပ်တည်းမကျတဲ့ ကိုယ်ပိုင်လမ်းတွေနဲ့ အသံမျိုးစုံထွက်ပြီး ခရီးသွားနေကြတာပါပဲ။

ငွေကတော့ လူတွေနဲ့ မနီးမဝေး ခရီးအကွာအဝေးကနေ ပေါ်လိုက်ပျောက်လိုက် ချစ်ကြိုက်မုန်းလိုက် အတူနေလိုက်ခွာပြဲလိုက်နဲ့ လိုက်ပါနေကြောင်းပါ။ ကိုယ်ကအတင်းလိုက်နေရင် သူက ရှေ့ကပြေးသလို အလိုက်အထိုက်ပဲနေရင်လည်း သူကလည်း အေးတိအေးစက်ပဲ နေပြပြီး ဂရုမစိုက်သလို ခပ်မိုက်မိုက်နေမိပြန်တော့ သူက တရွေ့ရွေ့နဲ့ ကိုယ်နဲ့ ဝေးရာကို ထွက်သွားတတ်ပြန်ပါတယ်။

ကိုယ့်စံကိုယ်မသိ၊ ကိုယ့်လမ်းကိုယ်မသိတဲ့ လူတွေ “ကိန်“ ကနဲ တစ်ခါတခါ အော်သွားတတ်တာ မကြာခဏဆိုသလို ငွေကြောင့်ဖြစ်နေတာ တွေ့ရတတ်ပါတယ်။

စက်တင်ဘာ ၂၁၊ ည ၁၀ နာရီ ၅၀ မိနစ်။