လန်ဒန်ရောက်တော့ လုပ်ချင်တာတွေ သွားလာလည်ပတ်ချင်တာတွေက အများသားပါ၊ အလုပ်တစ်ဖက်နဲ့မို့ အလည်ခရီးထွက်သလိုတော့ လုပ်မရပါဘူး၊ ဒါပေမယ့် စနေ၊ တနင်္ဂနွေနားရက်တွေမှာတော့ ဟိုမြို့ဒီမြို့သွားလည်သလို လုပ်ချင်တာတွေလည်း လုပ်ကြည့်ပါတယ်။

လန်ဒန်ရောက်တာနဲ့ ရက်ပိုင်းမှာပဲ ပရီးမီးယားလိဂ်က စလိုက်တော့ ဘောလုံးပွဲတစ်ပွဲတော့ ကွင်းထဲသွားပြီး အမှတ်တရကြည့်မယ်ဆိုပြီး စိတ်ထဲတေးထားပါတယ်။

သူငယ်ချင်းတချို့ကလည်း အာဆင်နယ်ပရိသတ်တွေဖြစ်ပြန် ကိုယ်ကိုယ်တိုင်လည်း အိမ်ငှားဖို့ အိမ်ခန်းလိုက်ရှာရင်း အမ်းမရိတ်ကွင်းကြီးဆီ ရောက်ဖူးထားတော့ အာဆင်နယ်ကွင်းမှာ တစ်ခါလောက်သွားကြည့်ရအောင်လို့ သူငယ်ချင်းတွေကို ပြောလိုက်တော့ လက်မှတ်ရဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။

နှစ်စဉ်ကြေးပေးပြီး အသင်းဝင်ထားမှ လက်မှတ်ဝယ်လို့ရတယ်လို့ ပြောပြပါတယ်။ လက်မှတ်ကလည်း တစ်စောင်ကို ပေါင် ၄၀ ကနေ ပေါင် ၆၀ လောက် ရှိတယ်လို့ ပြောတော့ ဘာပဲဖြစ်ဖြစ်တစ်ခါလောက်အောင် ကြည့်ကြရအောင်ကွာလို့ပဲ ပြန်ပြောဖြစ်ပါတယ်။

တကယ်ကြည့်ဖြစ်သွားတာကတော့ သြဂုတ်လ ၂၉ (စနေ)မှာ ကစားတဲ့ မန်ယူ-အာဆင်နယ်ပွဲပါ။ မြို့လယ်က အိုင်းရစ်ပါ့ဘ်(pub) တစ်ခုမှာ ကြည့်ဖြစ်တယ်။ ကိုယ်နေတဲ့နေရာက နည်းနည်းမြို့စွန်ကျပြီး ဂျူးတွေ၊ ကုလားလူမျိုးတွေနေတာများတော့ ပါ့ဘ်မရှိဘူး။ သူငယ်ချင်းနဲ့ ချိန်းပြီး သွားကြည့်တာပါ။ မန်ယူက အာဆင်နယ်ကို ၂-၁ နဲ့ နိုင်သွားတယ်။ အာဆင်နယ်ပရိသတ်ဖြစ်တဲ့ သူငယ်ချင်းအတွက် စိတ်မကောင်း ဖြစ်ပေးရသေးတယ်။ ကိုယ်ကတော့ အပြာရောင်ခြင်္သေ့ဖြစ်တဲ့ ချယ်လ်ဆီးပရိသတ်ဖြစ်ပါတယ်။

ပါ့ဘ်မှာကြည့်ရင် ဘီယာဖိုးပေးပြီး ဘီယာသောက်ရင်း ကြည့်လို့ရတယ်၊ ဘာမှထပ်ပေးစရာမလိုတော့ဘူး။ လူတွေအများကြီးနဲ့ ကြည့်ရတာ ပျော်စရာကောင်းတာမို့ တချို့လည်း အိမ်မှာကြည့်ရင် ရရဲ့သားနဲ့ လာကြည့်ကြတယ်။

အိမ်တိုင်းကတော့ ဘောလုံးပွဲတွေတိုက်ရိုက်လွှင့်ပေးတဲ့ စကိုင်းတီဗီလိုင်းယူထားတာ မဟုတ်ကြဘူး၊ ဈေးကြီးလို့ဖြစ်ပြီး သူတို့အသင်းပါတဲ့ပွဲက တစ်လမှာ နှစ်ပွဲလောက်တိုက်ရိုက်လွှင့်ပေးတာ၊ အဲဒီလွှင့်တဲ့အချိန် အလုပ်ထဲမှာဆိုရင် မကြည့်ဖြစ်ဘဲ ပိုက်ဆံပဲပေးလိုက်ရတယ်၊ မတန်ဘူးဆိုပြီး တပ်လိုက်ဖြုတ်လိုက်လုပ်ကြတယ်။ အဲဒီလိုတပ်လိုက်ဖြုတ်လိုက်ကလည်း လုပ်လို့ရတယ်။ တစ်ပွဲအတွက်ပဲ ပိုက်ဆံပေးကြည့်လို့ရသလို တစ်ပတ်ပဲတပ်ပြီးဖြုတ်လိုက်လည်းရတယ်။

စကိုင်းတီဗီဖြုတ်လိုက်တပ်လိုက်လုပ်တာကို ပါ့ဘ်တွေတောင် လုပ်ကြတာကိုတွေ့ရတယ်၊ လူများများဝင်စေချင်ရင် စကိုင်းတပ်ထားလိုက်ပြီး ဖြုတ်ချင်လည်း ပြန်ဖြုတ်ထားလိုက်ပြန်တယ်။ နောက်တစ်ခုက စားသောက်ဆိုင်တချို့မှာလည်း စကိုင်းတီဗီတပ်ထားတတ်တယ်။ ပါ့ဘ်နဲ့ စားသောက်ဆိုင်ကွာတာကတော့ ပါ့ဘ်မှာဆို ဘီယာတစ်ခွက်သောက်ပြီး ဘောလုံးပွဲကြည့်လို့ရပေမယ့် စားသောက်ဆိုင်ကတော့ အစားအသောက်ပါ မှာစားရမှာဖြစ်ပါတယ်။

သူငယ်ချင်းနဲ့အတူကြည့်ထားတဲ့ အိုင်းရစ်ဘားလေးကို သဘောကျပြီး အခုတစ်ပတ် မန်ယူ-မန်စီတီးပွဲကြည့်ဖို့သွားတော့ လမ်းမှားနေတာနဲ့ အတော်ရှာယူလိုက်ရသလို တွေ့တော့လည်း သူတို့ဆိုင်မှာ စကိုင်းတီဗီဖြုတ်ထားလိုက်ပြီ၊ ဘယ်ဆိုင်မှာတော့ရှိတယ်ဆိုပြီး လမ်းညွှန်ပေးပါတယ်။ ညွှန်ပေးလိုက်တဲ့ဆိုင်က စားသောက်ဆိုင်ဖြစ်နေလို့ အစားအသောက်ပါမှာယူစားခဲ့ရပါတယ်။ မန်ယူက ၄-၃ နဲ့ နိုင်သွားပြန်တယ်။ ကျေနပ်ဖို့ကောင်းပြီး တန်တယ်လို့ ယူဆနိုင်တာကတော့ ချယ်လ်ဆီးနဲ့တော့ပ်တင်မ်ဟမ်ပွဲပါကြည့်လိုက်ရလို့ပါ။ ၃-၀ နဲ့ နိုင်သွားခဲ့တယ်။ အပြာရောင်လွှမ်းခြုံတဲ့ညဖြစ်သွားတာပေါ့။

ဘောပွဲနှစ်ပွဲ ဆက်တိုက်ကြည့်နေတာနဲ့ပဲ အနွေးထည်လေးတစ်ထည်ဝယ်ဖို့တောင် အချိန်မမီတော့ဘဲ နောက်ကျသွားတယ်၊ ဒီမှာက ဈေးတွေ၊ ဆိုင်တွေက ညနေ ၆ နာရီမှာ ပိတ်ပါတယ်၊ ၆ နာရီမှာ ဆိုင်ထဲကို လူထပ်မ၀င်စေတော့ဘဲ ၆ နာရီမထိုးခင်အထဲရောက်နေသူတွေကတော့ စိတ်ကြိုက် အေးအေးဆေးဆေးဝယ်လို့ရပါသေးတယ်။

ပါ့ဘ်တွေမှာပဲကြည့်နေတော့ ရန်ကုန်မှာလည်း လိုက်ဖ်ကြည့်လို့ရတာပဲလို့ ပြောနိုင်ပါတယ်၊ ဟဲဟဲ ကြွားရာကြမလားတော့မသိဘူး၊ ဒီလ (စက်တင်ဘာ) ၅ ရက်နေ့ကတော့ အင်္ဂလန်နဲ့ ဆလိုဗေးနီးယား လက်ရွေးစင်အသင်းနှစ်သင်း လန်ဒန်က ခေတ်အမီဆုံး ကွင်းသစ်ကြီးဖြစ်တဲ့ ၀င်ဘလေကွင်းမှာ ချစ်ကြည်ရေးပွဲ ကန်ကြတော့ ကွင်းထဲသွားကြည့်ဖြစ်ပါတယ်။

ကွင်းဝင်ကြေးက ပေါင် ၃၀ ပေးရပါတယ်၊ အင်္ဂလန်တံဆိပ်ပါလည်စီး(စကာ့ဖ်) တစ်ထည်ဝယ်ပြီး အားပေးလိုက်တော့ နောက်ထပ် ၁၀ ပေါင် ထပ်ထွက်သွားပါတယ်။ အက်ဖ်အေက ဖွင့်ထားတဲ့ဆိုင်မှာ ၀ယ်လိုက်လို့ ဈေးကြီးသွားပါတယ်၊ အပြင်မှာဝယ်ရင် ၅ ပေါင်လောက်ပဲ ပေးရတယ်၊ တချို့ဆို နှစ်ထည် ၅ ပေါင်နဲ့တောင် ရောင်းတာတွေ့ပါတယ်။ အဲဒီလိုရောင်းတာကတော့ ပွဲအပြီး ပြန်ထွက်လာမှ ရောင်းတာဖြစ်ပါတယ်။ ကိုယ်က ပွဲကြည့်နေတုန်း ကိုယ်အားပေးတဲ့အသင်းကို အသင်းတံဆိပ်ပါတဲ့ လည်စီးလေးပတ်ပြီးအားပေးရတာပဲလို့ တွေးရင်းတန်ပါတယ်လို့ စိတ်ထဲထားလိုက်ပါတယ်။

အင်္ဂလန်အသင်းက ကမ္ဘာပေါ်မှာ နိုင်ငံနာမည်ထဲမှာ အချစ်ဆိုတဲ့စကားလုံးပါတဲ့ ဆလိုဗေးနီးယား sLOVEnia ကို ၂-၁ နဲ့ နိုင်ပါတယ်။ ချစ်ကြည်ရေးပွဲဆိုတော့ သိပ်အားထည့်မကစားကြပါဘူး။ သင့်ရုံလောက်ပဲ ကစားကြတာပါ။ ကမ္ဘာကျော် ဘောလုံးမင်းသား(ဟီးရိုး)တွေဖြစ်တဲ့ ဘက်ခမ်း၊ တယ်ရီ၊ ရွန်နေ၊ ဟတ်စကီး၊ လီနွန်၊ ဒီဖိုး၊ လမ်းပတ်၊ ဂျရတ်၊ ကိုးလ်၊ ဘရောင်းတို့ကို တွေ့ခဲ့ရပါတယ်။ ပေါင် ၃၀ တန်းကဆိုတော့ ခပ်ဝေးဝေးကပဲ တွေ့ခဲ့ရပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ ခရိုအေးရှားနဲ့ ၀င်ဘလေမှာပဲ ကန်တဲ့ပွဲကမှ တကယ့်ပွဲပါ၊ အင်္ဂလန်အသင်း တောင်အာဖရိကနိုင်ငံမှာ ကျင်းပမဲ့ ကမ္ဘာ့ဖလား ၂၀၁၀ ကို ၀င်ခွင့်ရသွားတဲ့ ပွဲလည်း ဖြစ်ပါတယ်။ အင်္ဂလန်က ၅-၁ နဲ့ နိုင်ပါတယ်။ အလုပ်ရှိတာကြောင့် သွားမကြည့်ဖြစ်တော့ပါ ဘူး။ လက်မှတ်လည်း ရဖို့မလွယ်ပါဘူး။

ပရီးမီးယားလိဂ်ပွဲတွေကတော့ ကွင်းထဲသွားမကြည့်နိုင်ရင်တောင် ပါ့ဘ်နဲ့ စားသောက်ဆိုင်တွေတော့ သွားကြည့်ဖြစ်နေဦးမှာပါ။

စက်တင်ဘာ ၂၀၊ ၁၁ နာရီ ၅၀ မိနစ်။