အွန်လိုင်းဘဏ်အတွေ့အကြုံကတော့ စိတ်ပူရပြီး ရင်ခုန်စရာကောင်းပါတယ်၊ ရန်ကုန်ကတည်းက ကြားသိခဲ့တာက ဟက်ကာတွေအကြောင်းပါ၊ သူတို့က ကြောက်ဖို့ကောင်းပြီး ကိုယ့်အချက်အလက်တွေ ဖြတ်ခိုးမယ်၊ ပြီးတော့ ကိုယ့်ပိုက်ဆံတွေကို ယူလိုက်မယ်ဆိုတော့ အွန်လိုင်းဘဏ်စနစ်ကို မသုံးရဲပါဘူး။ ခက်တာက ဒီဘက်မှာကလည်း ဒီလိုအွန်လိုင်းက ၀ယ်ရင် ဘာပဲဖြစ်ဖြစ်ဈေးသက်သာနေလို့ နောက်ဆုံးတော့ ၀ယ်ရပါတော့တယ်။ အရင် ၀ယ်ဖူးတဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို မေးကြည့်တော့လည်း ငါတို့ ဒီလိုပဲဝယ်နေတာ ကြာကြာလှပြီကွာဆိုတော့ အရဲစွန့်ပြီး ၀ယ်ရပါတော့တယ်။ မနေ့ကတော့ အွန်လိုင်းကနေ ဘွတ်ဖိနပ်ဝယ်ဖြစ်လိုက်ပါတယ်။

သက်ဆိုင်ရာ ဖိနပ်ရောင်းတဲ့ဆိုင်က ၀ယ်ပြီး ဘဏ်နဲ့ဆိုင်တဲ့ အချက်အလက်တွေတောင်းတော့ ဘဏ်ဘက်က ၀င်လာပြီး အချက်အလက်တွေ စစ်ဆေးသလို ကိုယ်တစ်ယောက်တည်းသိထားတဲ့ လျှို့ဝှက်နံပါတ်တွေ ဘာတွေကို ဘဏ်က စစ်ဆေးပါတယ်၊ ကျေနပ်ပြီဆိုမှ ၀ယ်ယူမှုကို အတည်ပြုသလို အီးမေးလ်နဲ့လည်း ဘာပစ္စည်းကို ဘယ်လောက်ဖိုး ၀ယ်ယူလိုက်တဲ့အကြောင်း ကိုယ့်ဆီစာတစ်စောင်ပို့ပေးလိုက်ပါတယ်။

ကိုယ်က အွန်လိုင်းကနေ ၀ယ်တာကို မကြိုက်တဲ့အထဲမှာ လူတွေကြားထဲ ဈေးမ၀ယ်ရတာကိုပါပဲ၊ တခြားလူတွေ ဘာတွေကြိုက်ကြလဲ၊ တခြားလူတွေ ဘာတွေ ရွေးချယ်လဲ၊ တခြားလူတွေ ဘာတွေဝယ်ကြလဲဆိုတာကို ကိုယ်စနည်းနာခွင့် မရပါဘူး။ ကိုယ်ကြိုက်တာတစ်ခုတည်းကိုပဲ ရွေးရတာဖြစ်ပါတယ်။ နောက်တစ်ခုက ကိုယ်ဘာလိုချင်တယ်ဆိုတာကို အတိအကျသိရပါတယ်၊ ဈေးထဲသွား ဈေးဝယ်ရင်တော့ ဟိုဒီလျှောက်ကြည့်ပြီး မြင်လို့ကြိုက်လို့ ၀ယ်ရတာ အရသာဖြစ်သလို ကိုယ်တိုင်အကြိမ်ကြိမ် ရွေးချယ်၊ လက်တွေ့ဝတ်ကြည့်၊ မြည်းကြည့်၊ စမ်းသပ်ကြည့်ပြီးမှ ၀ယ်နိုင်တာပဲဖြစ်ပါတယ်။

အွန်လိုင်းမှာကတော့ ကိုယ်လိုချင်တာကို တန်းပြီးရွေးချယ်ဝယ်ရတာမျိုးပါ၊ သူ့မှာလည်း ရွေးချယ်ခွင့်တွေတော့ ရှိပေမယ့် တစ်မျိုးပါပဲ၊ အချိန်ကုန်သက်သာချင်လို့လည်း အွန်လိုင်းကနေ ၀ယ်ကြပြုကြတာကိုး။ သူ့ကောင်းချက်ကတော့ စတိုးဆိုင်မှာတင်ရောင်းတဲ့ဈေးအောက် သက်သာပြီးအပြင်ထွက်ရတာ သက်သာတဲ့ကိစ္စပါပဲ၊ တစ်ခါတလေ မူရင်းဈေးထက် ၅၀ ရာခိုင်နှုန်းသက်သာသလို တစ်ခါတလေတော့မူရင်းဈေးအောက် ဆယ်ဆလောက်ကို သက်သာနေတာတွေအထိ ရှိပါတယ်။ ဥပမာ ကားလက်မှတ်လိုပေါ့၊ ပုံမှန်ဈေးက ပေါင် ၂၀ လောက်ရှိပေမယ့် အွန်လိုင်းကနေ ကြိုဝယ်ထားရင် ၂ ပေါင်လောက်ပဲ ပေးရပါတယ်။

ကိုယ်ဝယ်တဲ့ပစ္စည်းကို အိမ်အရောက် အခမဲ့ပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှုပေးတာတွေရှိသလို အခကြေးငွေသတ်မှတ်ပြီးမှ ပို့ပေးတာတွေလည်း ရှိပါတယ်။ ကိုယ့်အိမ်လာပို့တဲ့အထိ မစောင့်နိုင်သူတွေကတော့ ကိုယ့်အိမ်၊ ကိုယ့်ရုံးနဲ့နီးတဲ့ သူတို့စတိုးဆိုင်တစ်ခုမှာ ကိုယ်တိုင်သွားယူလိုက်လို့လည်း ရပြန်ပါတယ်။ လက်မှတ်ဝယ်တဲ့ကိစ္စကျတော့ လက်မှတ်ဝယ်ယူထားကြောင်း အီးမေးလ်တစ်စောင် (အီးလက်မှတ်) ပေးပို့လိုက်သလို ကိုယ့်မိုဘိုင်းလ်ဖုန်းကိုလည်း မတ်ဆေ့ဂ်ျပို့လိုက်တာမျိုးလည်း ရှိပါတယ်။ အီးမေးလ်ကို ပရင့်ထုတ်ထားရင်ပဲဖြစ်ဖြစ်၊ ကိုယ့်မိုဘိုင်းလ်ဖုန်း မတ်ဆေ့ဂ်ျကို ပြလိုက်ရင်ပဲဖြစ်ဖြစ် ကားစီးလို့ရပါတယ်။

အွန်လိုင်းက ၀ယ်တဲ့အခါ ကိုယ်ရွေးချယ်ဝယ်ယူထားတဲ့ပစ္စည်းတွေကို ဈေးခြင်းတောင်းလို့ခေါ်ရမယ့် basket ထဲကို တစ်ခုပြီးတစ်ခုထည့်သွားပါတယ်၊ နောက်ထပ်ကြိုက်တာတွေ့လို့ ပထမရွေးထားတဲ့ဟာကို ပြန်ဖြုတ်လိုက်လို့လည်း ရပါတယ်။ ချေးများတဲ့သူဆို ထည့်လိုက်ဖြုတ်လိုက်နဲ့ အွန်လိုင်းမှာလည်း အကြာကြီးဈေးဝယ်နေလို့ရပါတယ်။

အွန်လိုင်းကနေ ငွေလွှဲပို့တာ၊ ဖုန်းပြောခကြိုပေးတာ စတာတွေကိုလည်း လုပ်လို့ရပါတယ်။ ရေးပါဦးမယ်။

စက်တင်ဘာ ၂၀၊ နံနက် ၉ နာရီ။