လန်ဒန်မြို့လယ် ကိုဗန့်ဂါးဒင်း ဈေးကြီး

ရန်ကုန် ရှိနေစဉ် ကတည်းက ပြည်ပရောက် မြန်မာများ သူငယ်ချင်းများ မိတ်ဆွေများ ၎င်းတို့၏ ကိုယ်ပိုင် ဘလော့ဂ် များတွင် ရေးသားသော ၎င်းတို့၏ နေ့စဉ်ဘ၀ အတွေ့အကြုံများ၊ နေရာ ဌာနသစ် များကို သွားရောက် လေ့လာသည့် ခံစားမှုများကို ဖတ်ရှုပြီး သကာလ မိမိတွင်လည်း ထိုထို အခွင့်အရေး ရခဲ့ပါမူ ရေးသားမည့် အကြောင်း စိတ်တွင် တေးမှတ်ထားခဲ့ ဖူးပါသည်။

တကယ်တမ်း တွင်မူ ရန်ကုန်မှ လန်ဒန်လာသည့် လမ်းခရီးမှာပင် အတွေ့အကြုံသစ်များ၊ အဆန်းအသစ် များကို မြင်တွေ့ခဲ့ရပြီး သူငယ်ချင်း မိတ်ဆွေများကို ပြန်လည် ဝေငှ တင်ပြစရာများ ရှိခဲ့သော်လည်း နှစ်လကျော် သုံးလတွင်း ရောက်သည်အထိ တစိုးတစိမျှ တင်ပြနိုင်ခဲ့ခြင်း မရှိပါ၊ ကိုယ့်ကိုယ်ကိုယ်လည်း အားမရနိုင်သလို များပြားလှသော ရုံးအလုပ်များနှင့် ပုဂ္ဂလိကဆိုင်ရာ အလုပ်များကို ကြည့်ပြီး စိတ်ပျက်မိပါသည်။

ဤတွင်မှ မိမိ ယခင် ရန်ကုန်တွင် ဖတ်ရသော ပြည်ပရောက် မြန်မာများ နေ့စဉ် ဘလော့ဂ် ရေးသားသော အလုပ်မှာ မလွယ်ကူ ကြောင်းနှင့် သူငယ်ချင်း မိတ်ဆွေများ အတွက် မနည်း အားစိုက်ရေးသား နေခြင်းဖြစ်ကြောင်း ကိုယ်ချင်းစာလာ မိသလို လေးစားမိပါသည်။ တပြိုင်တည်း တွင်ပင် မိမိ၏ ကြိုးစား အားထုတ်မှုမှာ ညံ့ဖျင်း လှကြောင်းကိုလည်း သတိပြုမိသွား တော့သည်။

ယခုရေးသားမှုမှာလည်း ကြွားဝါမှုကို ဦးမတည်ဘဲ ပတ်ဝန်းကျင်သစ်တွင် မြင်တွေ့ရသော ယဉ်ကျေးမှု၊ ဘာသာစကား၊ အစားအစာ၊ ၀န်ဆောင်မှုစသည့် ကိုယ့်တွေ့ တကယ့်ခံစားမှုသက်သက်ကိုသာ တတ်နိုင်သရွေ့အားစိုက် ရေးသားမည်ဖြစ်ပါကြောင်းခင်ဗျာ။

ဇူလိုင် ၎
လေဆိပ်ကစ၊ အထင်နှင့် တကယ့်ဖြစ်ရပ်လွဲခြင်း

ရန်ကုန်မှ လန်ဒန်သို့ ထိုင်းလေကြောင်းဖြင့်အထွက် ခရီးဆောင်အိတ်တွင် ကီလိုဂရမ် ၄၀ သယ်ခွင့်ရမည်ဟုထင်ခဲ့သည်၊ ကီလို ၅၀ ခန့်ကို အိတ်ကြီးနှစ်လုံးဖြင့် သယ်လာခဲ့ပြီး ပေါင်ပိုကြေး(ကီလိုပိုကြေး) ၁၀ ကီလိုစာ တစ်ကီလို ၁၅ ဒေါ်လာခန့်ဖြင့် ဒေါ်လာ ၁၅၀ ထပ်ပေးရလည်း ဘာမှ မဖြစ်ဟု တွေးထားသည်။

တကယ်တမ်းတွင်မူ အမေရိက မဟုတ်၍ လန်ဒန်သို့ ကီလို ၂၀ သာ သယ်ခွင့်ရမည်ဟု သိလိုက်ရချိန်တွင် အတော်စိတ်ပျက်မိသည်။ ပေါင်ပို ကိစ္စကို သိပ်အလေးအနက်မထားခဲ့ပါ၊ ကမ္ဘာ့တိုက်ကြီးများ ကျော်ဖြတ်သွားရသူဖြစ်၍ ကီလို ၄၀ တော့ အသာလေး သယ်ခွင့်ရမည်ဟု စိတ်အေးအေးထား တွေးမိခဲ့သည်၊ စနစ်တကျ စုံစမ်းမေးမြန်းခြင်း မပြုခဲ့သည့်အပြစ်ကို တွေ့မိသည်။

ပေါင်ပိုကြေးပေးမည်ဟုမေးကြည့်တော့ လန်ဒန်အထိဖြစ်၍ တစ်ကီလို အမေရိကန်ဒေါ်လာ ၈၀ ဆိုသဖြင့် အားလားလား အော်မိသွားသည်။ နောက်တော့ ပေါင်ပိုကြေး သုံးကီလိုဝယ်လိုက်ရာ ၃၈ ကီလိုအထိသယ်ခွင့်ရလိုက်သည်။ ရန်ကုန်မှ လန်ဒန်အထိဖြစ်၍ လူတစ်ဦး ၂၄၊ ၂၅ ကီလိုအထိတော့ နားလည်မှုနှင့် ပေးသယ်ပါသည်။ အခုတော့ တစ်ကီလိုဝယ်တိုင်း သုံးကီလိုခန့် တိုးယူခွင့်ပေးသကဲ့သို့ ဖြစ်ပါသည်။ လေဆိပ်မှ ကောင်တာဝန်ထမ်းက စိတ်ရှည်ရှည်နှင့် အဆင်ပြေအောင် ရှင်းပြ၊ ညှိနှိုင်း၊ ဆောင်ရွက်ပေး၍ တော်တော့သည်။ ဒါတောင် ကိုယ်က ခွင့်ပြုသလောက်၊ နိုင်သလောက် လက်ဆွဲနှင့် လေယာဉ်ပေါ် ယူခဲ့သေးသည်။ အ၀တ်အစားများအပါအ၀င် နေရာယူသော ပစ္စည်းများကို အိတ်ကြီးတစ်လုံးစာတော့ လေဆိပ်လိုက်ပို့သော မိခင်နှင့် ပြန်ပေးလိုက်ရတော့သည်။

လေ့လာသိရသမျှ ဘိဇနက်ကလပ်စ် (စီးပွားရေးသမားများ၊ အရာရှိကြီးများနှင့် သူဌေးများ စီးနင်းသော အတန်း) က လက်မှတ်ဝယ်ယူ စီးနင်းမည်ဆိုလျှင်တော့ ခရီးဆောင်အိတ်ကို ကီလို ၃၅၊ ၄၀ အထိ ပြဿနာ မလုပ်ဘဲ သယ်ခွင့်ပြုသည်ဟု သိရသည်။ လက်မှတ်ဖိုးပိုပေးရသည်နှင့် ကီလိုကြေးပိုပေးရသည်နှင့် နှိုင်းစာကြည့်လျှင် ယင်းကဲ့သို့ တန်းမြင့်လက်မှတ်ဝယ်စီးခြင်းက ပိုတွက်ချေကိုက်ပြီး အဆင့်အတန်းမြင့်မြင့်လည်း သွားခွင့်ရသွားသည်ဟု သိရသည်။ ကိုယ်တွေ့ အတွေ့အကြုံတော့ မဟုတ်။

အရက်ကြိုက်သူများအတွက်

ဘန်ကောက်မှ လန်ဒန်သို့ ၁၀ နာရီကြာ စီးနင်းရသည့်အတွက် အစားအသောက်ကိုလည်း သုံးခါခန့်ကျွေးရာ အရက်သောက်သုံးသူများ အနေနှင့် ဘီယာ၊ ၀ိုင်၊ ဗော့ဂါ (ရုရှလုပ်အရက်) တို့ကို သတ်မှတ်အတိုင်းအတာနှင့် သောက်သုံးခွင့်ရသည်။ အစာပိတ်သောက်သုံးရသော ဘရန်ဒီလို အရက်လည်း တိုက်သေးသည်။

အချိန်နှင့် ပုံမှန်ကျွေးမွေးနေသည့်ကြားမှ အစာချေဖျက်အားကောင်း၍ ဗိုက်ဆာလာပါက ဆင်းန်ဒ၀စ်ရှ်နဲ့ အအေးကိုလည်း တောင်းယူ(မှာယူ) စားသောက်နိုင်သည်။ တောင်းယူဟု ဆိုရခြင်းမှာ လေယာဉ်မယ်များ နားနေသော အစားအသောက်များထားရာနေရာသို့ ကိုယ်တိုင်ထသွားရင်း (အပေါ့သွားရင်း) ပြောဆို စားသောက်နိုင်သလို၊ နေရာမှ ထိုင်ရာမထဘဲ ထိုင်ခုံမှ လူခေါ်ခလုတ်ကို နှိပ်ပြီးလည်း လေယာဉ်မယ်လာရောက်ပါက မှာယူ စားသောက်နိုင်သည်။

မှတ်ချက်။ စရိတ်ချွေတာလေကြောင်းလိုင်းများကတော့ အစားအသောက်မှာယူ စားသောက်ပါက မိမိဘာသာ ပိုက်ဆံပေးရသည်။

အခုကစပြီး အတွေ့အကြုံများကို ရင်းရင်းနှီးနှီးမျှဝေသည့်ပုံစံဖြင့် ရေးသားမည်ဖြစ်ပါသဖြင့် စကားပြောပုံစံဖြင့်သာ ရေးသွားပါတော့မည်။

ကရူလိုက်ရတာကြာ၊ ဇူလိုင် ၄၊ ၂၀၀၉

တန်းစီတာကို ဒီမှတော့ ကရူ(queue)တယ်လို့ခေါ်တာပေါ့၊ ကရူကို ပြည်ဝင်ခွင့် တုံးထုကတည်းက စတင်တွေ့လိုက်ရတာပါပဲ၊ နှစ်နာရီလောက်ကြာအောင် တန်းစီလိုက်ရပါတယ်။ ဂရိတ်တားလန်ဒန်လို့ သူတို့ခေါ်ကြတဲ့မြို့တော်ကြီးကို ၀င်လာချင်တဲ့သူတွေကလည်း မနည်းပါလားဆိုတာကို တွေ့ရတယ်၊ အများစုကတော့ အိန္ဒိယကုလား၊ ပါကစ္စတန်ကုလား၊ ဘင်္ဂလားဒေ့ရှ်ကုလား၊ အာရပ်ကုလားနဲ့ ကုလားပေါင်းစုံ၊ ခေါင်းမြီးခြုံ၊ ခေါင်းမီးမခြုံ၊ အဖြူရောင်ကုလား၊ အ၀ါရောင်ကုလား၊ ကုလားမည်း၊ မွတ်ဆလင်ဘာသာဝင် အာဖရိက ကပ္ပလီတွေအပါအ၀င် ကုလားတွေပဲ ဖြစ်ပါတယ်။

ကိုယ်က လန်ဒန်မှာ ခြောက်လအထက်နေမှာဆိုတော့ ဆေးလက်မှတ်ပါယူရပါတယ်၊ ရန်ကုန် ရေကျော်က မိုးသီးဆေးခန်းမှာ စစ်ဆေးလာတဲ့ ဆေးစစ်ချက်က အလုပ်ဖြစ်တာတွေ့ရပါတယ်၊ အဲဒါကို ကြည့်ပြီး လေဆိပ်မှာ ထပ်မံစစ်ဆေးတာ မလုပ်တော့ဘဲ ဆေးလက်မှတ်ရေးပေး လိုက်ပါတယ်၊ အဓိကကတော့ ဧည့်သည်မဟုတ်ဘဲ အလုပ်နဲ့နေထိုင်မယ့်သူ့ကို ဆေးမှတ်တမ်းယူထားတဲ့ သဘောပါပဲ။ အဲဒီမှာက မိနစ် ၂၀ လောက်ကြာပါတယ်။ အိတ်ရွေးပြီး စုစုပေါင်း၂ နာရီခွဲလောက် အကြာမှာတော့ လေဆိပ်အပြင်ကို ထွက်ခွင့်ရပါတယ်။

တော်ပါသေးရဲ့၊ ည ၆နာရီခွဲလောက်မှာ လေယာဉ်ဆိုက်ပြီး ၉ နာရီလာက်မှာ လေဆိပ်အပြင်ထွက်ခွင့်ရလို့၊ လာကြိုတဲ့ ကားအေဂျင်စီက မပြန်ဘဲ စောင့်နေရှာပါတယ်။ ဒါတောင် ကားဆရာက ကားမောင်းလိုင်စင်မပါခဲ့လို့ ကူညီတယ်လို့ နာမည်ကျော်တဲ့ လန်ဒန်ရဲက ရစ်နေတာနဲ့ နောက်ထပ် ၁၅ မိနစ်လောက် စောင့်လိုက်ရပြန်ပါတယ်။

လန်ဒန်မှာက ည ၉ နာရီလောက်မှ နေ၀င်တာမို့ (ဇူလိုင်လအတွင်း ရောက်လာလို့လည်း ဖြစ်ပါတယ်) လေဆိပ်အပြင်ထွက်တော့ အလင်းရောင် နည်းနည်းတောင် တွေ့လိုက်ရပါသေးတယ်။ ရာသီဥတုက နေလို့ကောင်းအောင် နည်းနည်းလေး အေးနေပါတယ်။ (အပူချိန်က ၂၀ ဒီဂရီစင်တီဂရိတ်လောက်တော့ ရှိပါမယ်)

လန်ဒန်ရေ… ကိုယ်ရောက်လာပြီလို့ တိုးတိုးလေး ပြောလိုက်ပေမယ့် လန်ဒန်မြို့ကြီးက အံ့စရာဖြစ်လောက်အောင်တော့ ကိုယ့်ကို မဆွဲဆောင်နိုင်ဘူးလို့ဆိုရင် ကြွားသလိုများ ဖြစ်သွားမလားမသိပါဘူး။

ဒီနေရာမှာ သတိရတုန်းတစ်ခုပြောချင်တာကတော့ ၂၀၀၇ ခုနှစ်က အမေရိက က ဆီယက်တဲလ်မြို့ကို ညဘက်လေယာဉ်ဆင်းတော့ ထိုင်ခုံမှာ မှေးနေခဲ့ရာကနေ မြို့ကို လေယာဉ်ပေါ်က ရုတ်တရက်ကြည့်လိုက်တာ မီးတွေက ဘယ်လောက်ထိန်ထိန်ညီးအောင် ထွန်းထားသလိုဆိုတော့ “ဟာ ငါ နတ်ပြည်ရောက်နေတာလား“လို့ အံ့အံ့သြသြ ဖြစ်ခဲ့ဖူးကြောင်းပါ။

လေဆိပ်ကနေ မြို့ထဲရထားစီးလို့ရ

တကယ်တော့ လာကြိုတဲ့အေဂျင်စီမရှိခဲ့ရင်လည်း လန်ဒန်ဟီးသရိုးလေဆိပ် ထွက်ပေါက်ဝင်ပေါက် (တာမီနယ်လ်) ၁၊ ၂၊ ၃ ဒါမှမဟုတ် ၄ ဒါမှမဟုတ် ၅ ကနေ လန်ဒန်မြို့လယ်ကို ရထားစီးလို့လည်း ရပါတယ်။ ပထမတော့ ကြားဖူးရုံသာ ကြားဖူးပြီး နောက်ပိုင်းမှ သေသေချာချာ သိလာတာပါ။ လက်မှတ်ကိုယ်တိုင်ဝယ်ပြီး ရထားစီးမယ်ဆို အများကြီးစရိတ်သက်သာတာပေါ့လေ။ အိတ်ကြီးအိတ်ငယ်တွေနဲ့ လေဆိပ်ကနေ မြို့ထဲ ရထားစီးနေကြတဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကို နောက်ပိုင်းမှာတော့ နေ့စဉ်တွေ့ရပါတယ်။ ရထားလိုင်းက ပီကာဒေလီလိုင်းလို့ ခေါ်ပါတယ်၊ မြေအောက်ရထားလိုင်းပါ၊ ဒီမှာတော့ ကျူ့ဘ် (tube) လို့ ခေါ်ကြပါတယ်။

လန်ဒန်မှာ မြေအောက်ရထားလိုင်းပေါင်း ၁၂ လိုင်းရှိပြီး လန်ဒန် အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို ဇုန်တွေ ခွဲပြီး ဒွေးရောယှက်တင် ကွန်ရက်တွေနဲ့ ပြေးဆွဲနေတာပါ။ တစ်ခါတစ်ခါတော့ လိုင်းတွေ ပျက်တာ၊ နှေးတာ ရှိပါတယ်။ မိုးလင်းတာနဲ့ အလုပ်မသွားခင် ဘယ်ကျူ့ဘ်လိုင်းတွေ ပျက်လဲ၊ ရပ်လဲ၊ ကိုယ်စီးရမယ့်လိုင်းက ကောင်းရဲ့လား သတင်းနားထောင်ရတာ၊ မိုးလေ၀သသတင်း နားထောင်ရတာကတော့ မလုပ်မဖြစ်တဲ့ အလုပ်တစ်ခုပါပဲ။

မှန်လှတဲ့ မိုးလေ၀သသတင်း

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှ ဓမ္မတဠာက ကမ္ဘာအေးစေတီ

လန်ဒန်မှာ တစ်ခု စိတ်ကျေနပ်ပြီး သဘောကျ သွားတာကတော့ မနက်ပိုင်း အလုပ် မသွားခင် ကြည့်ရ နားထောင်ရတဲ့ မိုးလေ၀သ သတင်းပါပဲ။ နေ့စဉ် ကြည့်ဖြစ်သလို နေ့စဉ် သဘောကျ တာပါပဲ။ မိုးလေ၀သ သတင်းတွေ ပြောပြတဲ့ ကောင်မလေး ချောတာလည်း ပါတာပေါ့လေ။ ပြောချင်တာက မိုးလေ၀သ သတင်းတွေက သိပ်ပြီး တိကျတာပါပဲ။ တစ်နာရီ တစ်ခါ ပြောင်းလဲပြီး ဒီနေ့၊ မနက်ဖြန် တစ်ခါတလေ သုံးရက်အထိ တင်ပြတတ်တဲ့ မိုးလေ၀သ သတင်းတွေက မှန်ကန်တာ ချည်းပါပဲ။

ဒီအချိန် မိုးရွာမယ်ဆို တကယ် ရွာပါတယ်၊ ဒီအချိန် လေတိုက် မယ်ဆို တကယ် တိုက်ပါတယ်၊ ဒီအချိန် ဒီလောက် ပူမယ်၊ အေးမယ်ဆို တကယ်ပဲ အတိအကျ အဲဒီလောက်ပဲ ပူပါ၊ အေးပါတယ်။ ပထမတော့ သိပ်အထင် မကြီးပါ၊ မိုးလေ၀သ သတင်း ကြည့်ရ ကောင်းမှန်းလည်း မသိပါ။ မိုးလေ၀သ သတင်းကြည့်တာ၊ ရာသီဥတု ကောင်းရဲ့လား မေးတာ မြန်းတာ လူပျိုကြီး၊ အပျိုကြီးတွေရဲ့ အလုပ်ပဲလို့ သူငယ်ချင်း တစ်ယောက် ပြောထားကထဲက မိုးလေ၀သ သတင်းကြည့်တာ၊ မေးတာကို မုန်းခဲ့ပြီး လုံးဝကို စိတ်မ၀င်စား ခဲ့ပါဘူး။

အခုတော့ မိုးလေ၀သ သတင်းမကြည့်လို့မှ မရတာ၊ လန်ဒန်ရာသီဥတုက ဆိုးပါတယ်၊ အခုတစ်မျိုး တော်ကြာတစ်မျိုးမို့ မကြည့်ထားရင် အနွေးထည် ၀တ်ရမှာလား၊ ထီးယူရမှာလား၊ ပေါ့ပေါ့ပါးပါး ၀တ်စားရမှာလား မသိဘဲဖြစ်နိုင်ပါတယ်။ ရန်ကုန်သားအတွက် ပုံမှန်တော့ အေးနေတာပဲဖြစ်ပေမယ့် ကုတ်အင်္ကျီတို့၊ အနွေးထည်တို့ ထူထူဝတ်ထားရင် ကျူ့ဘ်ထဲ ၀င်သွားရင် ပေါင်းအိုးထဲဝင်လိုက်ရသလို ဖြစ်သွားပါတယ်။ ကျူ့ဘ်တွေက ဆောင်းတွင်းတော့ အလွန်ကောင်းတယ်၊ နွေးထွေးနေတယ်လို့ သိရပါတယ်။

ကျူ့ဘ်ထဲ ၀င်သွားရင် အိုက်လောင်သွားတာမို့ ပထမတော့ အပေါ်က ထပ်ဝတ်ထားတာကို ချွတ်ချွတ်ပစ်လိုက်ပါတယ်၊ ဒါပေမယ့် နောက်ပိုင်းမှာ လန်ဒန်နာ (လန်ဒန်သား)တွေက အပြင်မှာလည်း ဒီအတိုင်းဝတ်ထားပြီး ကျူ့ဘ်ထဲလည်း ဒီအတိုင်းဆက်ဝတ်နိုင်ကြတာမို့ ကိုယ်လည်း အဲဒီလိုပဲ လိုက်ဝတ်လိုက်တော့ တစ်ပတ်လောက်ကြာတော့ သိပ်ထူပြီးအိုက်မနေတော့ပါဘူး။ စိတ်သာရှင်စော ဘုရားဟောဆိုတာ မှန်နေပါလားလို့လည်း တွေးမိပါတယ်။ ကိုယ်အိုက်မှ အိုက်တာဖြစ်ပြီး မအိုက်ဘူးဆိုလည်း မအိုက်တော့ဘူးပေါ့ (အိုက်ဆိုတဲ့ အသံထွက်က တရုတ်လိုတော့ ချစ်ဆိုတဲ့ အဓိပ္ပါယ်ရတာမို့ ဒီဝါကျရေးရင်း ပြုံးမိပါသေးတယ်)။

ပြောချင်တာက လန်ဒန်မှာ မိုးလေ၀သ ခန့်မှန်းချက်တွေ သိပ်မှန်ကန်တယ်၊ ဘာကြောင့်လဲဆိုတော့ မိုးလေ၀သ ဂြိုလ်တုတွေ အများကြီးလွှတ်တင်ထားတယ်၊ ခန့်မှန်းမှုတွေလုပ်လာတာ နှစ်ပေါင်းများစွာကြာပြီ၊ နောက်တစ်ခုက မိုးလေ၀သ ခန့်မှန်းချက်တွေဟာ နေ့စဉ်ဘ၀မှာကော ကုန်စည်ကူးသန်းရောင်းဝယ်မှုတွေမှာကော သိပ်အရေးကြီးလို့ မမှန်လို့ မရဘူး။

လူ ၈ သန်းနေတဲ့မြို့

လန်ဒန်မှာ လူ ၈ သန်းလောက်နေတယ်၊ ရန်ကုန်မှာက ၆ သန်းလောက်နေတယ်ဆိုတော့ တကယ်တမ်းပြောရရင် သိပ်မကွာဘူး၊ လန်ဒန်က ပြန့်ပြူးကျယ်ပြောတဲ့ လွင်ပြင်ကြီးပေါ်မှာ တည်ထားတဲ့မြို့ဖြစ်တယ် (လေယာဉ်ပေါ်က မြင်ခဲ့ရတာကို ပြောတာ၊ ကွင်းပြင်တွေ၊ မြစ်ချောင်းတွေ၊ ရေကန်ကြီးတွေ အများကြီးတွေ့ရပေမယ့် အဆောက်အအုံ သိပ်မြင့်တာကြီးတွေ၊ တောင်ကုန်းတွေ မတွေ့ရဘူး)။

အဆောက်အအုံအမြင့်တွေ မရှိဘဲ လူ ၈ သန်းနေဖို့ဆိုတာ မြို့က ကျယ်ပြန့်မှ ရမယ်လေ၊ အဆောက်အအုံတွေကလည်း ကောင်စီ(ကောင်ဆယ်လ်)အလိုက် နှစ်ထပ်၊ သုံးထပ်ပဲ ဆောက်တယ်။ ဒီတော့ လေကောင်းလေသန့်ရသလို ကောင်းကင်ကြီးကိုလည်း တစ်ဝကြီးကြည့်လို့ရတယ်။ အဆောက်အအုံတွေကို ဆောက်ချင်တိုင်းဆောက်လို့ မရဘူး၊ ကောင်စီက ခွင့်ပြုမှ ဆောက်လို့ရတယ်။

မြိ့လယ်မှာတော့ ရုံးကန္နား အဆောက်အအုံတွေက မြင့်ကြပါတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ရာကျော်က ဆောက်ခဲ့တဲ့ အဆောက်အအုံတွေချည်းမို့ ၃ ထပ်ကနေ ၈ ထပ်လောက်အထိပဲ မြင့်ကြတယ်။ မြေအောက်မှာတော့ နှစ်ထပ်လောက် နှိမ့်ပြီးဆောက်ထားသေးတဲ့အတွက် ၁၀ ထပ်အဆောက်အအုံလို့လည်း ပြောနိုင်တယ်။ လန်ဒန်ဟာ အဆောက်အအုံအဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြို့တစ်မြို့ပါပဲ၊ အဲဒီအတွက်ကိုလည်း လန်ဒန်မြို့က ဂုဏ်ယူထားပါတယ်။ အဆောက်အအုံအဟောင်းတွေကို ပြင်ချင်တယ်ဆိုရင် မျက်နှာစာကိုတော့ အတိုင်းတိုင်းထားရပြီး အတွင်းဘက်ကိုသာ ခိုင်ခန့်အောင်၊ ခေတ်မီအောင် ပြုပြင်နိုင်ပါတယ်။

အဆောက်အအုံဟောင်းတွေမှာ ကျောက်ဆစ်လက်ရာတွေ ကနုတ်တွေ၊ အရုပ်တွေ၊ ပန်းတွေနဲ့ ထည့်သွင်းတည်ဆောက်ခဲ့တာကို တွေ့ရပါတယ်။

မြေအောက်ရထားပဲ စီးမယ်

လူ ၈ သန်းနေပေမယ့် ကားတွေကြပ်မနေဘူး၊ မြေအောက်ရထားလိုင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီကတည်းက သေသေချာချာ သုံးထားတယ်၊ ဒါကြောင့် ဂျပန်က မြေအောက်ရထားတွေလောက်တော့ ခေတ်မမီတော့ဘူး၊ တစ်ခါတလေ ရထားခုန်နေရင် ရန်ကုန်က မြို့ပတ်ရထားတွေတောင် သတိရမိတယ်။ ရန်ကုန်မှာလည်း ဒီလို မြေအောက်ရထားလိုင်းတစ်ခုရှိရင် ဘယ်လောက်ကောင်းမလဲ၊ ခရီးသွားပြည်သူတွေ ဘယ်လောက်သက်သက်သာသာနဲ့ ခရီးသွားလာနိုင်မလဲလို့ တွေးမိပါတယ်။

ဒီရထားတွေ စီးရတာ တစ်ခုကြောက်ဖို့ကောင်းတာကတော့ ၂၀၀၅ ခုနှစ် ဇူလိုင်လ ၇ ရက် ကလို မြေအောက်ရထားထဲမှာ အကြမ်းဖက်သမားတွေက ဗုံးခွဲလိုက်ရင် ဘယ်လိုလုပ်မလဲဆိုတာပါပဲ။ 7/7 လို့ နာမည်ကြီးပါတယ်၊ အမေရိကမှာ ဖြစ်ခဲ့တာက 9/11 ပေါ့လေ။

ရထားစီးဖို့ ခရီးစဉ်တစ်ကြောင်းစာလက်မှတ်၊ တစ်ပတ်စာလက်မှတ်၊ တစ်လစာလက်မှတ်၊ တစ်နှစ်စာလက်မှတ် စသဖြင့်ဝယ်လို့ရပြီး ဒီမှာတော့ အဲဒီလက်မှတ်ကို Oyster ကတ်လို့ ခေါ်ပါတယ်။ အဲဒီကတ်တစ်လစာ ၀ယ်ထားလိုက်ရင် သတ်မှတ်ဇုန်တွေအတွင်း မြေပေါ်မြေအောက် ရထားတွေနဲ့ ဒပ်ဗ်ဘယ်လ် ဒက်ကာလို့ခေါ်တဲ့ နှစ်ထပ်ဘတ်စ်ကားကြီးတွေကို အ၀င်အထွက်အတွက် ဆင်ဆာနဲ့တို့ထိပြီး ကြိုက်သလို စီးလို့ရပါတယ်။

ရန်ကုန်မှာနေခဲ့တုန်းက ရထားကောင်းကောင်း မစီးခဲ့ရတဲ့ ကိုယ့်အတွက်ကတော့ ရထားစီးရတာ အလွန်သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရထားစီးရတာမြန်ပြီး ရထားပေါ်မှာ သတင်းစာလည်း ဖတ်လို့ရပါတယ်။ ရထားတစ်ခုမကောင်းတာက မြေအောက်ထဲ သွားတာမို့ ကြည့်စရာ ရှုစရာမြင်ကွင်းမရှိဘဲ ခရီးသွားဖော်ချင်းပဲ ကြည့်လို့ရပါမယ်၊ ဒီမှာက တစ်ယောက်နဲ့တစ်ယောက် ကြည့်တာရှုတာလည်း မရှိဘဲ ကိုယ့်ကိုယ်ကိုယ်သာ စိတ်ဝင်စားကြလို့ ကိုယ့်ကိစ္စနဲ့ကိုသာ အပြေးအလွှားသွားလာလုပ်ကိုင်နေကြရပါတယ်။

နှစ်ထပ်ဘတ်စ်ကားတွေက သတ်မှတ်အကွာအဝေးကိုပဲ ရထားပြေးတာနဲ့ယှဉ်ရင် ခရီးဝေးမှာ အချိန်နှစ်ဆလောက် ပိုကြာပေမယ့် ဟိုနားဒီနားကတော့ လမ်းမလျှောက်ချင်သူတွေအတွက် အလွန်အဆင်ပြေပါတယ်။ နောက်တစ်ခုက သူက နေသာတဲ့နေ့တွေဆို ပတ်ဝန်းကျင် ရှုခင်းတွေကို ကောင်းကောင်းငေးနိုင် ကြည့်နိုင်တာပါပဲ။ အပေါ်ထပ်ကများဆို ပိုတောင်မြင်ကွင်းကောင်းပါသေးတယ်။ နှစ်ထပ်ကားလိုမျိုး အမိုးဖွင့်ထားတဲ့ လန်ဒန်တစ်ခွင်ကြည့်နိုင်တဲ့ ကားတွေလည်း ရှိပါတယ်။

ဟိုင်းဝေး(တစ်မြို့ကနေ အခြားတစ်မြို့) သွားမယ်ဆို ဘတ်စ်ကားတွေနဲ့လည်း သွားနိုင်သလို အွန်လိုင်းကနေ လက်မှတ်ကြိုဝယ်ထားရင် ဈေးနှုန်းအလွန်သက်သာပါတယ်။ ပုံမှန်အသွားတစ်ကြောင်းကို ၁၅ ပေါင် (ဗြိတိသျှစတာလင်ပေါင်) ပေးရတဲ့ခရီးကို တစ်လလောက် ကြိုဝယ်ထားမယ်ဆို ၅ ပေါင်လောက်နဲ့ ရနိုင်သလို တစ်ခါတလေ သုံးလလောက်ကြိုဝယ်ရင် ၂ ပေါင်လောက်နဲ့တောင် ရနိုင်တယ်လို့ သိရပါတယ်။

ဘဏ်အကောင့်ရှိမှ

အလုပ်လုပ်ဖို့လာတာဆိုတော့ လစာငွေရဖို့က ဘဏ်အကောင့်တစ်ခုရှိမှ ဖြစ်မှာပါ၊ အလုပ်စ၀င်တဲ့နေ့မှာ ပထမဆုံးလုပ်ရတဲ့ အလုပ်ကတော့ စီမံအရာရှိနဲ့သွားတွေ့ပြီး ရုံးက သတ်မှတ်တဲ့ဘဏ်မှာ ငွေစာရင်းဖွင့်ရတာပါပဲ။ စာရင်းရှင်ငွေစာရင်း (current account) ဖွင့်ရပြီး ဘဏ်ကတ်တစ်ခုလျှောက်ရပါတယ်။ ကိုယ်က ရောက်ကာစဆိုတော့ အကြွေးပေးတဲ့ (credit card) မကိုင်ဘဲ ကိုယ့်ပိုက်ဆံကိုယ်သုံးတဲ့ (debit card) ကိုပဲ လျှောက်ပါတယ်။ သဘောက ကိုယ့်ပိုက်ဆံထည့်ထားမှ သုံးလို့ရတာပါ၊ ဘဏ်ကငွေကို ယူသုံးတာမဟုတ်ပါဘူး။ debit card မှာလည်း အတိုးပေးရင် ဘဏ်က ပိုက်ဆံကို ကိုယ်ရွေးချယ်တဲ့ ကတ်အပေါ်မူတည်ပြီး ခဏယူသုံးထားလို့ ရပါတယ်။ ပြောချင်တာကတော့ အလုပ်လုပ်မယ့်သူဟာ ဘဏ်စာရင်းတစ်ခုဖွင့်ပြီး ဘဏ်ကတ်တစ်ခု ယူထားမှ ပိုက်ဆံရနိုင် သုံးနိုင်မယ်ဆိုတာပါပဲ။ ဘဏ်ကတ်ကိုတော့ လျှောက်ထားပြီး ၄ ရက်အကြာမှာရ (တနင်္လာနေ့က လျှောက်၊ သောကြာနေ့ ရ) ပါတယ်။

ဘဏ်ကတ်မှာ အဲဒီကတ်ရဲ့နံပါတ်၊ ဘဏ်စာရင်းနံပါတ်၊ အသုံးပြုမယ့်သူအမည်၊ ကတ်ထုတ်ပေးတဲ့လ၊ ကတ်သက်တမ်းကုန်မယ့်လ၊ ကတ်ကိုင်ဆောင်သူလက်မှတ်တို့ ပါဝင်မှာဖြစ်ပါတယ်။ ဘဏ်ကတ်နဲ့ စတိုးဆိုင်၊ စားသောက်ဆိုင်၊ ကုန်တိုက်၊ ဘူတာရုံစတဲ့ ငွေသုံးမယ့် နေရာတွေမှာ ၀ယ်ယူသုံးစွဲလို့ရမှာဖြစ်ပါတယ်။ ကတ်ပြားကတော့ ပလတ်စတစ်ကတ်ပဲဖြစ်ပြီး လျှို့ဝှက်နံပါတ် (pin code) နဲ့ သုံးစွဲရတာ ဖြစ်ပါတယ်။ ကတ်ပိုင်ရှင်ဟာ ငွေရှင်းငွေပေးတဲ့နေရာမှာ ကိုယ့်လျှို့ဝှက်နံပါတ်လေးကို နှိပ်ပေးရပါတယ်။

ဘဏ်အတွေ့အကြုံသစ်

ဒီရောက်မှ ဘဏ်နဲ့ပတ်သက်ပြီး အတွေ့အကြုံနှစ်ခု ရပါတယ်။ တစ်ခုကတော့ အွန်လိုင်းဘဏ်စနစ်ဖြစ်ပါတယ်။ မိမိဘဏ်ရဲ့ ၀က်ဘ်ဆိုက်ကနေ မိမိအကောင့်ကိုသွားပြီး မိမိလိုချင်တဲ့ဝန်ဆောင်မှုကို ရယူတာဖြစ်ပါတယ်။ ပစ္စည်းဝယ်မလား၊ တယ်လီဖုန်းကြေးပေးမလား၊ သူငယ်ချင်းဆီ ငွေပို့ပေးမလား ကိုယ့်ရုံး ကိုယ့်အိမ်ကနေ ကွန်ပျူတာနဲ့ ထိုင်ရာမထ ညွှန်ကြားစေခိုင်းလိုက်နိုင်ပါတယ်။

တစ်ခါ တယ်လီဖုန်းကြေးကြိုတင်ပေးသွင်းခြင်းကိုလည်း တယ်လီဖုန်းတစ်ချက်ဆက်ပြီး ကိုယ့်ဘဏ်ကတ်နံပါတ်ပေးလို့ တစ်မိနစ်အတွင်း ဆောင်ရွက်နိုင်ပါတယ်။

နောက်အတွေ့အကြုံတစ်ခုကတော့ သူငယ်ချင်းတစ်ယောက်ကို ငွေလွှဲပေးတုန်းက ဖြစ်ပါတယ်။ HSBC ဆိုတဲ့ နာမည်ကျော်ဘဏ်မှာ စာရင်းဖွင့်ထားတဲ့ သူငယ်ချင်းကို ငွေပေးတော့ ကိုယ့်ဘဏ်စာရင်းထဲက ငွေလေးထုတ်ပြီး အဲဒီဘဏ်ကို သွားပါတယ်။

ဘဏ်အောက်ထပ် အ၀င်မှာ ငွေအကြွေထည့်ပြီး ကစားရတဲ့ စက်ကလေးတွေလို ရှေ့တွေမှာ လူတချို့ လုပ်ကိုင်နေတာကို တွေ့ရပြီး ရန်ကုန်မှာတွေ့ခဲ့ရတဲ့ ဘဏ်တွေလို ဘဏ်ကောင်တာတွေ၊ ဘဏ်စာရေးမတွေ မတွေ့ရလို့ ဟိုကြည့်ဒီကြည့် လုပ်နေတုန်း လှေကားကနေ အပေါ်တက်တော့မယ့် ဘဏ်စာရေးမတစ်ယောက်ကို တွေ့လိုက်တော့ “ကျွန်တော် ငွေလွှဲချင်လို့ဗျာ“လို့ ပြောတော့ သူက “ဟိုမှာစက်တွေ့လား၊ ရှင်လွှဲချင်တဲ့ သူ့အကောင့်နံပါတ် ရိုက်၊ လွှဲချင်တဲ့ပမာဏ ကို စက်ထဲထည့်၊ စက်က ပိုက်ဆံရေပြီးရင် ခလုတ်နှိပ်လိုက်“လို့ အပြေးအလွှား ရှင်းပြပြီး ထွက်သွားမလို့လုပ်တော့ “ခင်ဗျားကလည်း ကူညီပြပေးပါလားဗျာ“လို့ ကိုယ်က အထွန့်တက်တော့ “လုပ်လိုက်စမ်းပါရှင်၊ ကျွန်မမှာ ကတ်စတမ်မာ (ဘဏ်ဝန်ဆောင်မှုအသုံးပြုသူ) တစ်ဦးနဲ့ လုပ်လက်စ တန်းလန်းကြီးမို့ပါ“ဆိုပြီး အလျင်စလိုပဲ ထွက်သွားပါတယ်။

ကိုယ့်ဘာသာမလုပ်တတ်ရင်တော့ အပေါ်ထပ်တက်ပြီး ဘဏ်စာရေးမတွေနဲ့တွေ့လို့ လုပ်ကိုင်ရမှာပါပဲ၊ လူတချို့လည်း လုပ်နေတာတွေ့ရသလို ငါလည်း ဘာလို့မလုပ်နိုင်ရမှာလဲလို့တွေးပြီး ကွန်ပျုတာစကရင်(စက်)ကို လက်နဲ့တို့လိုက်တော့ အကောင့်နံပါတ်ရိုက်သွင်းစရာပေါ်လာလို့ သူငယ်ချင်းရဲ့ ဘဏ်စာရင်းနံပါတ်ရိုက်ထည့်လိုက်တော့ ပိုက်ဆံထည့်ဖို့ ပါးစပ်ဟသလို အံတစ်ခု ဟလာပါတယ်။ ဒါနဲ့ ပိုက်ဆံထည့်လိုက်တော့ စက်က ရေတွက်ပါတယ်၊ တွန့်ခေါက်နေတဲ့ပိုက်ဆံကိုတော့ စက်က မယူပါဘူး၊ ပြန်လဲပေးရပါတယ်၊ စက်မှာလည်း ပိုက်ဆံတွေ တွန့်ခေါက်နေရင် ဖြန့်ပြီးမှ ထည့်ပါလို့ ရေးထားပါတယ်။

ရေတွက်ပြီးတော့ လွှဲမယ့်ပိုက်ဆံ ပမာဏဒီလောက်ပါလို့ စက်က (စကရင်မှာ) တစ်ချက်ပြပါတယ်။ ခလုတ်နှိပ်လိုက်တော့ ခဏစောင့်ပါတယ်ဆိုပြီး စာရွက်တစ်ရွက်ထွက်လာပါတယ်။ ငွေပမာဏဘယ်လောက်ကို ဘဏ်စာရင်းနံပါတ် (နောက်ဆုံးနံပါတ် ၄ လုံးပဲ စာရွက်မှာ ရေးထားပါတယ်၊ ရှေ့ဘက်က နံပါတ်တွေကိုတော့ လုံခြုံရေး အကြောင်းပြချက်ထင်ပါရဲ့၊ ခရေပွင့်တွေပဲ ပြထားတာတွေ့ရပါတယ်) ကို ဘယ်အချိန်က ထည့်လိုက်ကြောင်း မှတ်တမ်းအဖြစ် သိမ်းဆည်းရန်လို့ စာရွက်မှာရေးထားပါတယ်။

စာရေးမထွက်သွားပြီး တစ်ခါမှ မလုပ်ဘူးတဲ့သူ လုပ်တာ ငါးမိနစ်အတွင်းမှာပဲ ပြီးသွားပါတယ်၊ “ဟာ…မြန်လှချည်လား“လို့ ကိုယ်ဘာသာ စိတ်ထဲပြောပြီး ကျေနပ်မိပါတယ်။ အားလုံးက လွယ်အောင်လုပ်ထားတာပဲလို့လည်း ပြည်သူ့ရေးရာဝန်ဆောင်မှုကောင်းပုံကို သဘောကျမိပါတယ်။

တယ်လီဖုန်း

နောက်ဆုံးပေါ်လက်ကိုင်တယ်လီဖုန်းတွေကို အလကားပေးပြီး သတ်မှတ်ဝန်ဆောင်မှုကို တစ်လသတ်မှတ်နှုန်ထား (pay monthly) နဲ့ တစ်နှစ်ခွဲ သို့မဟုတ် နှစ်နှစ်ယူမယ်ဆိုပြီး စာချုပ်ချုပ်ဆို ကိုင်ဆောင် သုံးစွဲလို့ ရပေမယ့် လန်ဒန်ရောက်စသူတွေကတော့ ဘဏ်စာရင်းငွေအ၀င်အထွက်လည်ပတ်မှု မကောင်းသေးတာ၊ နေခဲ့တဲ့အိမ်နေရာတွေသမိုင်းကြောင်း ၆ လ ကနေ ၃ နှစ်အထိ တောင်းခံတာကို မတင်ပြနိုင်သေးတာကြောင့် တယ်လီဖုန်းပြောခ ပိုက်ဆံကြိုသွင်းပြီးမှ သုံးရတဲ့စနစ် (pay as you go) ကိုပဲ သုံးစွဲနိုင်ပါတယ်။

လန်ဒန်မှာက တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေ O2, Vergin, Three, Orange, Tesco, BT က တစ်ခုနဲ့တစ်ခု ၀န်ဆောင်မှုတွေ အပြိုင်အဆိုင်ပေးကြတာမို့ တယ်လီဖုန်းခ ကြိုသွင်းပြီးမှ သုံးရတဲ့စနစ်မှတောင် ဖုန်းကို အလကားပေးတာကို တွေ့ရပါတယ်။

ကိုယ်တိုင်လည်း ၁၆ ပေါင်ခွဲနဲ့ Samsung E-1100 လက်ကိုင်ဖုန်းတစ်လုံးကို (တယ်လီဖုန်းပြောခ ကြိုသွင်းငွေ ၁၀ ပေါင်၊ လက်ကိုင်ဖုန်းဖိုး ၆ ပေါင်ခွဲ၊ ကိုယ်ဝယ်တဲ့အချိန် အလကားပေးတဲ့ ဖုန်းက ကုန်သွားလို့၊ နို့မို့ဆို ၁၀ ပေါင်ပဲ ပေးရမှာ) ဓါတ်အားသွင်းပြီး နာရီပိုင်းအတွင်း သုံးစွဲခွင့်ရလိုက်လို့ အံ့သြ၀မ်းသာမိပါတယ်၊ ရန်ကုန်မှာတုန်းက လက်ကိုင်ဖုန်းလည်းတစ်လုံးတောင် ကိုယ်ပိုင် မကိုင်ခဲ့ဘူးတော့ သုံးလေးရက်ကို လက်ကိုင်ဖုန်းလေး တကိုင်ကိုင်နဲ့ မြောက်ကြွမြောက်ကြွလေးဖြစ်နေခဲ့ပါတယ်။

အိမ်ခန်းငှားရမ်းခြင်း

လန်ဒန်မှာ ရတဲ့လစာကို အဓိကစားသုံးသွားတာကတော့ နေစရိတ်ဖြစ်တဲ့ အိမ်လခပါပဲ၊ ရောက်စကတော့ တည်းခိုခန်းလို ရောက်စ၀န်ထမ်းတွေ နေရတဲ့ အခန်းကျဉ်းကျဉ်းလေးမှ တစ်နေ့ ၃၅ ပေါင်လောက်ပေးပြီး နေရပါတယ်၊ မနက်စာ (Breakfast) တော့ပါပါတယ်။ မနက်စာကိုတော့ ၅ ပေါင်လောက် ထည့်သွင်းတွက်နိုင်ပါတယ်။ ဆိုချင်တာက အဲဒီလို အနိမ့်ဆုံးတည်းခိုခန်းလို အခန်းကျဉ်းကျဉ်းလေးတောင် တစ်ညအိပ်ခ (တည်းခ) ပေါင် ၃၀ လောက်ပေးရပါတယ်။

အခန်းက အလွန်ကျဉ်းတော့ အသက်ရှုလို့တောင် မ၀တော့သလို ခံစားရပြီ၊ အိုက်လောင်လာသလို ဖြစ်တာကြောင့် လေအေးပေးစက်(အဲကွန်း) ဖွင့်ဖို့လိုက်ရှာတာ တော်တော်ကြာပေမယ့် မတွေ့ပါဘူး၊ “ဟာ ကွာ ဒီအခန်းကလည်း အဲကွန်းလည်း မပါဘူး“လို့ စိတ်ထဲ မကျေမနပ် ရေရွတ်မိပါတယ်။ လူက ပိုတောင် ပူလောင်အိုက်စပ်လာသလို ခံစားရပါတယ်။

တကယ်တော့ လန်ဒန်က အခန်းတွေမှာ အဲကွန်းမရှိပါဘူး၊ ဒီလောက်အေးတဲ့ တိုင်းပြည်မှာ ဘယ်လိုလုပ်အဲကွန်းရှိပါ့မလဲ၊ ဒါပေမယ့် ဇွန်လကုန်ကနေ အောက်တိုဘာအထိကတော့ သိပ်အအေးကြီး မဟုတ်ပါဘူး၊ တစ်ခါတလေ ကိုယ်က အိုက်လို့ အ၀တ်တွေချွတ်ပစ်ပြီး အောက်က အတွင်းခံလေးနဲ့ပဲ ကိုယ်လုံးတီးနေရတာမျိုး အခုသုံးလအတွင်းမှ နှစ်ခါလောက်လုပ်ဖူးပါတယ်။ တကယ်အိုက်စပ်လာပြီး မခံစားနိုင်တော့လို့ပါ။

အခန်းတွေမှာ အဲကွန်းမရှိပေမယ့် အပူငွေ့တွေထုတ်ပေးတဲ့ လေပူထုတ်စက် (heater) တွေ့တော့ ရှိပါတယ်။ လန်ဒန်က တစ်နှစ်မှာ ၆ လကျော်ကတော့ တော်တော်အေးတာဆိုတော့ အပူပေးတဲ့စက်တွေ အခန်းတိုင်းမှာ မရှိလို့မရပါဘူး။ အပူထိန်းချုပ်စနစ်ကိုတော့ ဗဟိုထိန်းချုပ်စနစ် (central command) နဲ့ တစ်နေရာကနေ ထိန်းချုပ်တာဖြစ်ပါတယ်။ အရင်ဒီလိုခေတ်မမီသေးခင်ကတော့ အိမ်တွေမှာ chimney လို့ခေါ်တဲ့ မီးလင်းဖိုတို့၊ မီးခိုးခေါင်းတိုင်တို့ထားရပါတယ်။ တချို့အိမ်တွေမှာဆို အဲဒါတွေကို မဖျက်သေးဘဲ ဒီအတိုင်း ထားထားဆဲဖြစ်ပါတယ်။

နောက်တစ်ခုထပ်သိရတာကတော့ အဲကွန်းကို သူဌေးအိမ်တွေမှာသာ ထားနိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲကွန်းတစ်လုံး အိမ်မှာ တပ်ဖို့က စည်းကမ်း နည်းလမ်းတွေက အလွန်များပြီး ရှုပ်ထွေးတယ်။ ကောင်စီမှာ လျှောက်ထားရပြီး သဘာ၀၀န်းကျင်ထိခိုက်မှုအတွက် သင့်တော်တဲ့ ပေးဆပ်မှုတွေ(တာဝန်ယူမှုတွေ၊ အခွန်ကိစ္စတွေ) ပြုလုပ်ပြီးမှ တပ်လို့ရတယ်လို့ သိရပါတယ်။ တတိယကမ္ဘာက နိုင်ငံတွေမှာတော့ ပူအိုက်တဲ့ဒေသဖြစ်ပြီး သုံးစွဲဖို့ကလည်း မဖြစ်မနေလို့တာမို့ လွယ်လွယ်ကူကူပဲ တပ်ဆင်သုံးစွဲကြပါတယ်။

ကိုယ်တိုင်လည်း ရန်ကုန်မှာ အလုပ်လုပ်ခဲ့တုန်းက မီးပျက်လို့၊ မီးအားမနိုင်တော့လို့ အဲကွန်းပိတ်လိုက်ရင် လုံးဝ မခံစားနိုင်ပါဘူး။ ရန်ကုန်တုန်းက ရုံးကလည်း အလုံပိတ်ရုံးဖြစ်တာမို့ အဲကွန်းမရှိရင် တော်တော်လေး နေရထိုင်ရခက်ပါတယ်။ အခုတော့ ဒီမှာ ကိုယ်လုံးတီးနဲ့ ကိုယ့်အခန်းထဲ တစ်ခါတစ်ခါနေရပေမယ့် ရုံးမှာတော့ အဲဒီလို သွားလုပ်လို့မရပါ၊ လေ၀င်အောင် လုပ်ထားတဲ့ ပြတင်းတံခါးလေးကိုပဲ ဖွင့်လိုက်ရကြောင်းပါဗျာ။

ကြိုးစားရေးသားပါဦးမယ်။ ဆုံကြသေးတာပေါ့။

စက်တင်ဘာ ၁၉ ၂၀၀၉။ ၃ နာရီမတ်တင်း။ လန်ဒန်။