တိုက်တိုက်ဆိုင်ဆိုင် အခုတလောနာရေးတွေဆက်တိုက်ကြုံရတယ်၊ လမ်းထဲမှာ နာရေးသုံးခု၊ အလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မိခင်တွေနဲ့ ဇနီးကွယ်လွန်သွားတော့ သေခြင်းကိုဆင်ခြင်မိသလို ရှင်ကွဲ၊ သေကွဲစတဲ့ ခွဲခွာခြင်းများစွာကို စောကြောမိတော့တယ်။

မသေခင် တစ်ဦးအပေါ်တစ်ဦး ကောင်းထားကြဖို့၊ ပြေပြေလည်လည် အေးအေးဆေးဆေးနေကြဖို့၊ ချစ်ခင်နွေးထွေးထားကြဖို့ သိပ်အရေးကြီးတယ်။

”မိဘကို မသေခင်လုပ်ကျွေးပါ၊ သေမှမငိုပါနဲ့” တဲ့၊ ငယ်ငယ်လေးထဲက လမ်းမပေါ်ချရောင်းတဲ့ ဆောင်ပုဒ်ဖတ်ခဲ့ဖူးတယ်။ တကယ်တော့ မိဘကတော့ ထိပ်ဆုံးထားရမှာပေါ့၊ ညီအစ်ကိုမောင်နှမ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေ၊ လမ်းသူလမ်းသားတွေ၊ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေ အားလုံးနဲ့ မကြာခင်မှာ သေကွဲ သို့မဟုတ် ရှင်ကွဲ ခွဲခွာရမယ်ဆိုတဲ့စိတ်ကလေး အမြဲထည့်ထားမယ်ဆိုရင် တစ်ဦးအပေါ်တစ်ဦး မကောင်းတဲ့စိတ်တွေရှိနေဦး၊ လျော့ပါးသွားမှာဖြစ်ပါတယ်။

ခွဲခွာခြင်းပုံရိပ်များ

ခွဲခွာမှုစစ်စစ်မှန်မှန်တွေကို ကိုယ်တိုင်မြင်တွေ့ခံစားနိုင်တာကတော့ အများအားဖြင့် ရှင်ကွဲအတွက်ဆို လေဆိပ်၊ ကားဂိတ်၊ ရထားဘူတာရုံနဲ့ သင်္ဘောဆိပ်ဖြစ်ပြီး သေကွဲအတွက်ကတော့ သုဿန်ပဲဖြစ်ပါတယ်။ အရွယ်ရောက်ပြီး(တချို့လည်း အရွယ်မရောက်ခင်ကတည်းက)လူတိုင်းနီးပါး ဆိုခဲ့ပါနှစ်နေရာနဲ့ အကျွမ်းတ၀င်မဟုတ်တောင် မစိမ်းသူများဖြစ်ပါတယ်။

လက်ဝှေ့ရမ်းနှုတ်ဆက်လို့၊ နှုတ်ဆက်အနမ်းလေးပေးလို့၊ ဆိုင်သူကိုယ်စီသိပါတယ်ဆိုသလို တိုးတိုးတိတ်တိတ်နှုတ်ဆက်လို့၊ ဖိနပ်ကလေးချွတ် လက်အုပ်ကလေးချီမိုး ထိုင်ကန်တော့တဲ့မြင်ကွင်းတွေ၊ မျက်ရည်တွေတွေစီးလို့ မခွဲနိုင်မခွဲရက်ဖြစ်ကာ ကြေကြေကွဲကွဲနှုတ်ဆက်လို့ အို..ကြည့်လိုက်ရင် ခွဲခွာခြင်းတွေကို ထိထိခိုက်ခိုက်မြင်တွေ့နိုင်ပါတယ်။

ပညာရေးအတွက်၊ စီးပွားရေးနဲ့ လူမှုရေးအတွက်၊ မသွားမဖြစ်လို့သွားရတဲ့ခရီးတွေနဲ့ ခွဲခွာခြင်းတွေအများအပြားကို ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲလိုလိုတွေ့မြင်နိုင်ပါတယ်။

အပျော်ခရီး၊ ပျားရည်စမ်းခရီး၊ အပန်းဖြေခရီး၊ ကံစမ်းမဲခရီးစသဖြင့် ပျော်ပျော်ပါးပါး ခေတ္တခဏခွဲခွာပြီး သွားရတဲ့ခရီးတွေနဲ့ လက်ရှိအခြေအနေထက် ကောင်းမွန်မယ်ထင်လို့
သွားတဲ့ခရီးတွေမှာတော့ တက်ကြွခြင်းတွေ၊ လန်းရွှင်ခြင်းတွေ၊ ရယ်သံတွေ၊ အပျော်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ခေတ္တခွဲခွာခြင်း(ရှင်ကွဲ)ပြောပြီးလို့ အပြီးအပြတ်ခွဲခွာခြင်း(သေကွဲ)တွေကိုလည်း ကြည့်လိုက်ပါဦး၊

”မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” ဆိုသလို သုဿန်ရောက်တဲ့အခါ ကြားလိုက်ရတဲ့ ငိုကြွေးသံတွေ၊ ရင်ဘတ်စည်တီးခံစားအော်ဟစ်နေတာတွေ၊ တွေတွေကြီးငေးစိုက်ကြည့်ရင်း ရင်နဲ့မမျအောင်ခံစားနေသူတွေ၊ ဟန်ဆောင်ငိုနေသူတွေ၊ တစ်ဖက်ကငိုနေပေမယ့် တခြားတစ်ဖက်မှာ စိတ်ကူးကျားကွက်ရွှေ့နေသူတွေ၊ အို.. ခွဲခွာခြင်းရသတွေ အမျိုးမျိုးဖြစ်နေတာပါပဲ။ အမျိုးမျိုးကြုံရတာပါပဲ။

မွေးဖွားလာပြီးနောက်မှာတော့ သေကြရဦးမှာပဲ၊ မင်္ဂလာမရှိဘူးပဲဆိုဆို၊ မကြားချင်ဘူးပဲပြောပြော၊ ကြောက်တယ်လို့ပဲကွန့်ကွန့် ဒီလမ်းကို မဖြစ်မနေသွားပြီး တစ်ဦးနဲ့တစ်ဦး ခွဲခွာကြရတာပါပဲ၊ မသေခင်ကလည်း ဒီလူနဲ့တွေ့ ဟိုလူနဲ့ခွဲ၊ ဟိုလူနဲ့တွေ့ ဒီလူနဲ့ခွဲဆိုသလို တွေ့လိုက် ဆုံလိုက် ကြုံလိုက် ခွဲလိုက်နဲ့ ဒီဒွန္နယာကြီးထဲ နေနေရပါတယ်။

နောက်တော့လည်း သတ်သတ်မှတ်မှတ်သေသေချာချာခွဲသလို ရုတ်တရက်ခွဲခွာသွားရတဲ့ သေကွဲတွေလည်း မရေမတွက်နိုင်အောင်ရှိခဲ့ကုန်ပါပြီ။

ဘယ်လိုခွဲမလဲ

လူ့လောကထဲရောက်လာကတည်းက တစ်ချိန်မှာ လောက ကနေပြန်ထွက်ခွာ(ခွဲခွာ)သွားရမယ်ဆိုတာ သိပြီးသားပေမဲ့ တွန့်ဆုတ်တာတွေ၊ စိုးရွံ့တာတွေ၊ တွက်ဆရတာတွေ များလိုက်တာ၊ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အနိုင်နဲ့ခွဲမလား၊ အရှုံးနဲ့ခွဲမလားဆိုတာပဲ။

”ကိုယ်စိုတ်သမျှ ကိုယ်ရိတ်သိမ်းရမှာပဲ” ဆိုတဲ့စကားပုံလေးရှိသလို ဗုဒ္ဓဘာသာဝင်ဆိုလည်း ကံ ကံ၏အကျိုးတရားကြောင့် ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတာတွေက ခွဲခွာတဲ့အခါ ကိုယ့်နောက်လိုက်မဲ့(ကိုယ့်နောက်ပါမဲ့)အကျိုးဆက်တွေပါပဲ။

အနိုင်နဲ့ခွဲခွာခြင်းတွေမှာတော့ ပျော်ရွှင်ခြင်းတွေ၊ တက်ကြွခြင်းတွေ၊ အားရခြင်းတွေပါတတ်တယ်။

ဘောလုံးပွဲတစ်ပွဲကန်ပြီး ဘောလုံးကွင်းကြီးကိုခွဲခွာထွက်လာတဲ့အခါ နိုင်ပြီးထွက်လာ(ခွဲခွာ)ရင် သိပ်ပျော်ဖို့ကောင်းတယ်။ တက်ကြွလန်းဆန်းနေတာပဲ။ စကားလုံးတွေ ပေါက်ပေါက် ဖောက်သလိုကို ပေါက်ထွက်လွင့်ပျံလို့၊

နိုင်ငံရေးသမားတွေရွေးကောက်ပွဲကနေ ထွက်(ခွဲ)လာတဲ့အခါ အနိုင်နဲ့ဆိုရင် ဘယ်လောက်ပျော်စရာကောင်းသလဲ၊ ဘယ်လောက်တက်ကြွအားရစရာကောင်းလဲ၊ သမိုင်းသစ်ရေးလိုက်ပြီတို့၊ စာမျက်နှာသစ်ဖွင့်လိုက်ပြီတို့၊ တစ်ခေတ်ဖြစ်စေရမယ်တို့နဲ့ ပြောမဆုံးပေါင် တောသုံးတောင်မဟုတ်လား။

အရှုံးနဲ့ခွဲခွာခြင်းမှာတော့ အလွန်ဝမ်းနည်းစရာကောင်းတယ်၊ စိတ်ဓါတ်ကျခြင်းတွေ၊ နာကျည်းမှုတွေ၊ တက်တစ်ခေါက်ခေါက်နဲ့ ခံပြင်းရတာတွေရှိတယ်၊ အထူးသဖြင့် မနိုင်သင့်တဲ့သူနိုင်သွားရင်၊ ကိုယ့်လောက်မှမတော်တဲ့သူ မတတ်တဲ့သူကို ရှုံးခဲ့ရင် အသည်းနာနာရင်နာနာနဲ့ နေရတတ်တယ်။

ကိုယ်ဘယ်လိုပုံစံနဲ့ခွဲမလဲဆိုတာကို ကိုယ်ပဲဆုံးဖြတ်ရမှာပါ၊ ကိုယ်ပဲကြိုတင်ပြင်ဆင်လုပ်ဆောင်ရမှာပါ။ သူများက ဘယ်လောက်ပဲ ထိန်းချုပ်ထားတယ်ဆိုဦးတော့၊ မိမိနိုင်သလောက်ရုန်းကန်ကြိုးစားခဲ့မယ်ဆိုရင် တစ်နေ့တော့အနိုင်နဲ့ ခွဲနိုင်ရမှာပေါ့။

တကယ်တော့ခွဲခွာခြင်းတွေကို အခုမှတွေ့ကြရတာမဟုတ်ပါဘူး၊ သတိမထားမိလို့သာ တစ်ခါခွဲလိုက် ၀မ်းနည်းလိုက် ပျော်ရွှင်လိုက်၊ ပူဆွေးလိုက် တက်ကြွလိုက်ဖြစ်နေကြတာပါ၊ ဘ၀ပေါင်းများစွာ သံသရာအဆက်ဆက် ငိုပြီးခွဲလိုက်၊ ပျော်ပြီးခွဲလိုက်၊ အရှုံးနဲ့ခွဲလိုက်၊ အနိုင်နဲ့ခွဲလိုက်၊ အပ္ပါယ်လေးဘုံဆင်းလိုက်၊ နတ်ပြည်ခြောက်ထပ်တက်လိုက်နဲ့ကို ခွဲခဲ့သမျှမေ့နေကြပြီး ဒီဘ၀ဒီတစ်ခေါက်ခွဲရတာကိုပဲ အတည်ကြီးလုပ်ပြီးခံစားနေကြတာဖြစ်ပါတယ်။

လူမှုရေးအခွဲလေးတွေ

မခိုင်မြဲတဲ့အချစ်တွေ ကွဲကွာသွားကြတာ၊ နားလည်မှုမရှိကြတော့တဲ့ အိမ်ထောင်တွေပြိုကွဲကြတာ၊ အစုစပ်လုပ်ငန်းရှင်တွေ အကြွေးနဲ့အမြတ်ခွဲဝေမှု မညီမျှတော့လို့ စကားတွေများပြီး ခွဲခွာကြတာ၊ လုပ်ငန်းခွင်တွေ တစ်ခွင်ပြီးတစ်ခွင်ပြောင်းရွှေ့ခွဲခွာရတာတွေကိုလည်း အများကြီးတွေ့ရပြန်တယ်။

တချို့ဆိုခွဲခွာခြင်းကို ဟာသလိုလို ရယ်စရာလိုလိုတောင် ပေါ့ပေါ့ပါးပါးလုပ်နိုင်ကြတယ်။ ခွဲခွာခြင်းများတဲ့သူကို မြန်မာ့လူမှုနယ်ပယ်မှာတော့ ယုံကြည်မှုနည်းသွားတတ်ကြတယ်။ ”သုံးကျောင်းပြောင်းရှင်နဲ့ သုံးလင်ပြောင်းတဲ့မိန်းမ” ဆို သိပ်အလေးမထားချင်တော့ဘူး။ ဒီနေရာမှာ သုံးမယားပြောင်းတဲ့ယောက်ျားဆိုတာမပါတာကတော့ နည်းနည်းမမျှတာရာကျမလားမသိဘူး။

ပြောလိုရင်းက ခွဲခွာတာများလာရင်လည်း သက်သောင့်သက်သာဖြစ်လာတယ်လို့ပြောရမယ်၊ တစ်ဖက်မှာတော့ ခွဲခွာတာဟာ သံယောဇဉ်ခမ်းခြောက်လာတဲ့သဘောပါပဲ၊ နောက်တစ်ခါ မတည်ငြိမ်မှု မရင့်ကျက်မှုကိုလည်း ပြသရာရောက်ပါတယ်။

မြန်မာ့လူမှုပတ်ဝန်းကျင်မှာ မိန်းမကောင်းတွေဟာ တစ်လင်တစ်မယားစနစ်ကိုပဲ ကျင့်သုံးကြတယ်၊ ဘယ်လောက်ပဲနစ်နာနေပါစေ ဘယ်လောက်ပဲခံစားရပါစေ ကိုယ့်အတွက်မစဉ်းစားဘဲ တစ်ဖက်သားအတွက် သားသမီးတွေအတွက်စဉ်းစားရင်း တော်တော်နဲ့မခွာပြဲကြပါဘူး။

အဲ..ခွဲခွာခြင်းကို အလေးအနက်မထားသူတွေကတော့ ရည်းစားလည်းထည်လဲတွဲ(ခေတ်မီသတဲ့)၊ အိမ်ထောင်လည်း အခုပြု ခဏကွဲ၊ အလုပ်လည်း ဒီလ၀င် နောက်လထွက် အပျော်ကဲလို့ လုပ်ကိုင်နေထိုင်နေတာတွေ့ရတယ်။

နိုင်ငံခြားမှာတော့ ခွဲခွာခြင်းကို သေဖို့တောင်မကြောက်ကြသလို အိမ်ထောင်မှုမှာတော့ မယူခင်ကတည်းက ကွဲကွာကြရင်ဖြစ်လာမဲ့အခြေအနေအတွက်စာချုပ်(Prenuptial agreement) ကိုတောင် ရှေ့နေရှေ့ရပ်တွေကို ဈေးကြီးကြီးပေးငှားပြီး ချုပ်ဆိုကြသတဲ့။ ဒါဟာ အချစ်လျော့လို့လည်း မဟုတ်ပါဘူး၊ လူမှုသဘောအရ ဖြစ်လာနိုင်တဲ့ (မယုံကြည်ထိုက်တဲ့ လောကလို့ဆိုရမလား)အလားအလာတွေကို ကြိုတင်တွက်ချက်ပြီး ပြင်ဆင်ထားကြတာပါ။

မြန်မာတွေအတွက်တော့ ခွဲတာကွဲတာက ဟာသလိုတောင်ဖြစ်နေပါပြီ၊ ဟိုယခင် နိုင်ငံတော်လွတ်လပ်ရေးရပြီးနောက် တည်ထောင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေကနေ အခုထက်ထိကို ကွဲခွဲကြတာ အကြိမ်ကြိမ်တွေ့ကြရပါတယ်။ ဆယ်စုနှစ်တွေနဲ့ချီပြီး ရှင်သန်ရပ်တည်နိုင်တဲ့ မြန်မာအဖွဲ့အစည်းဆိုတာ မြန်မာလုပ်ငန်းဆိုတာ တော်တော်နည်းပါတယ်။ ရှိခဲ့တယ် တွေ့နေတယ်ဆိုလည်း ဂုဏ်ပြုချီးကျုးရမှာဖြစ်ပါတယ်။

၂၁ ရာစုအခွဲ

ဒီနေ့ခေတ် ၂၁ ရာစုမှာတော့ လူတွေရဲ့ အသိအမြင် အတွေးအခေါ်တွေဟာ အများကြီးကို ပြောင်းလဲခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံရေး၊ နိုင်ငံတကာရေးလို အမှားမခံတဲ့ အရေးကိစ္စတွေမှာတောင် ထာဝရရန်သူ ထာဝရမိတ်ဆွေဆိုတာ မရှိတော့ပါဘူး။ နောက်တစ်ခုကလည်း ကိုယ့်လူ သူ့လူ မိတ်ဆွေ ရန်သူခွဲနေတယ်ဆိုကတည်းက နည်းနည်းကျဉ်းနေတဲ့သဘောထားရှိသူလို့ ဆိုရတော့မှာဖြစ်ပါတယ်။

၂၁ ရာစုမှာ နှစ်ဘက်အကျိုးရှိရင် လက်တွဲလက်ကိုင်ကြမှာဖြစ်ပြီး တစ်ဖက်ဖက်က နစ်နာတယ်ထင်ရင်တော့ ခေတ္တခဏပဲဖြစ်ဖြစ် လက်တွဲဖြုတ်မှာဖြစ်ပါတယ်။ တစ်ခါ ဒီအဖွဲ့အစည်းနှစ်ခုပဲ ရန်သူတွေဖြစ်ခဲ့စေဦးတော့ ပြန်လည်ပေါင်းစည်းလုပ်ကိုင်ပြီး နှစ်ဘက်အကျိုးစီးပွားကို ဖန်တီးကြဦးမှာဖြစ်ပါတယ်။

ခွဲခွာခြင်းဟာ မုန်းသွားတာမဟုတ်သလို တစ်သက်လုံးပြန်မပေါင်းစည်းကြေးလို့ ကြေညာလိုက်ကြတာလည်း မဟုတ်ပါဘူး။ ကမ္ဘာ့အားကစားဈေးကွက်တစ်ခုဖြစ်တဲ့ ဘောလုံးသမားအပြောင်းအရွှေ့ဈေးကွက်မှာ ဒီသဘောကို ကောင်းကောင်းကြီးတွေ့နိုင်သလို တရားကျစရာ သဘောကျစရာလည်း ကောင်းပါတယ်။

အရွယ်ကောင်းတုန်း ကစားအားအကောင်းဆုံး အတော်ဆုံးအခြေအနေမှာ လစာအကောင်းဆုံးရတဲ့ ဘောလုံးသမားတွေဟာ အချစ်ခင်ဆုံး အပျော်ဆုံးဆိုတဲ့
ကလပ်အသင်းတွေကို မကြာခဏဆိုသလို ခွဲထွက်သွားကြပါတယ်။ တစ်ခါတလေကျတော့လည်း ဒီအသင်းကိုပဲ နောက်တစ်ကြော့ပြန်ဝင်လာကြပြန်ပါတယ်။

၂၁ ရာစုဟာ အမြန်ကမ္ဘာဖြစ်ပြီး အရာအားလုံးက သေချာတွက်ချက်ထားတာတောင် လွဲချော်နိုင်တာမျိုးကြောင့် ခွဲခွာခြင်းတွေ၊ ပေါင်းစည်းတာတွေ မကြာခဏတွေ့ရမှာဖြစ်ပါတယ်။

၂၁ ရာစုမှာ နိုင်ငံတကာကူးလူးဆက်ဆံမှုတွေဟာ အလွန်ကိုများလာပါတယ်။ နိုင်ငံအချင်းချင်းက နိုင်ငံသားတွေဟာ အပြန်အလှန်ကူးလူးပြီး အလုပ်အကိုင်တွေလုပ်ကိုင်ကြပါတယ်။ တစ်နိုင်ငံတည်းမှာ တစ်သက်လုံးနေတာမျိုးထက် ရေကြည်ရာ မြက်နုရာရှာလို့ ဒုတိယအိမ်၊ တတိယအိမ်တို့ကို တည်ထောင်လာခဲ့ပြီဖြစ်ပါတယ်။

အခွဲနိဂုံး

မွေးဖွားခြင်းရဲ့ ခွဲခွာခြင်းက သေဆုံးခြင်းဖြစ်သလို ခွဲခွာခြင်းရဲ့ သေဆုံးခြင်းကလည်း တစ်ဖန်(အသစ်)မွေးဖွားခြင်း သို့မဟုတ် ပြန်လည်ပေါင်းစည်းခြင်းပဲဖြစ်ပါတယ်။

ခွဲခွာတယ်၊ ကွဲကွာတယ်ဆိုတာ အဆုံးသတ်မဟုတ်ပါဘူး၊ မပေါင်းစည်းခင် ခွဲခွာခြင်း ကွဲကွာခြင်းဖြစ်ပါတယ်။ ပေါင်းစည်းနိုင်ဖို့ တူညီတဲ့အခြေတွေကို ဖန်တီးကြဖို့ ခွဲခွာကြရတာ ဖြစ်ပါတယ်။ အခြေတူနေရင်တော့ နဂိုကတည်းက ခွဲခွာဖို့မလိုပါဘူး။ သင်္ချာသဘောတရားမှာလည်း အခြေတူရင်ပေါင်းလို့ရတယ်ဆိုတာ ရှိပါတယ်။

ဆောင်းပါးကို နိဂုံးသပ်ရရင်တော့ မွေးဖွားခြင်းကနေ သေဆုံးခြင်းကြားမှာ အကြိမ်ကြိမ် ခွဲခွာခြင်းတွေကို ကြိုက်သည်ဖြစ်စေ မကြိုက်ဘူးဆိုဆို ကြုံတွေ့နေရဦးမှာဖြစ်ပါတယ်။ ဒါကိုက လောကရဲ့သဘောတရားတစ်ခုပဲ ဖြစ်ပါတယ်။ ထူးဆန်းမှု လုံးဝမရှိပါဘူး။ ၂၁ ရာစုကမ္ဘာရဲ့သဘောကလည်း ဒီအတိုင်းကို ပြဋ္ဌာန်းထားပါတယ်၊ ဒီမှာဘက်မှာ ခွဲခွာကြပေမဲ့ ဟိုမှာဘက်မှာ ပြန်ပေါင်းစည်းကြမှာဖြစ်ပါတယ်။

သံသရာမှာလည်း အကြိမ်ကြိမ်ခွဲပြီး အကြိမ်ကြိမ်ပေါင်းစည်းခဲ့ကြပြီးဖြစ်တာကို သိပြီးလည်းဖြစ်ကြပါတယ်။ ဒါဆို ခွဲခွာခြင်းများစွာကို သေသေချာချာသိပြီး လိုအပ်လာလို့ရှိရင်လည်း ကျေကျေနပ်နပ်ခွဲခွာကြရုံမှတစ်ပါး(သေဆုံးခြင်းထိတိုင်) ဘာများရှိဦးမှာလဲ။