ခြောက်တန်း ခုနစ်တန်းလောက်ကစပြီး တရားရုံးချုပ်ရှေ့နေဖြစ်တဲ့မိခင်နောက်ကို အမှုအိတ်ဆွဲပေးပြီးလိုက်နေတဲ့ ကောင်လေးတစ်ယောက်ရှိခဲ့ဖူးတယ်၊ အမှုသည်တိုက်တဲ့ လက်ဖက်ရည်သောက်၊ ကျွေးတဲ့ထမင်းကိုစား ရှေ့နေအမေ့အရှိန်နဲ့ စတိုင်ကောင်းကောင်းဖမ်းပြီး သူ့ကိုယ်သူရှေ့နေ ပေါက်စလို့ ထင်နေတဲ့ ကောင်လေးတစ်ယောက်ရှိခဲ့ဖူးတယ်။ ရှေ့နေရှေ့ရပ်ဆိုတာ စားရမှဝါးရမှလို့ သူ့ဘာသာတွေးထင်ထားတဲ့ကောင်လေးဟာ ရုံးချိန်းတွေလိုက်ရင် မစားရမသောက်ရတဲ့အခါ စိတ်ဆိုးတယ်၊ ဒေါသကြီးတယ်၊ အမေ့စကားကို နားမထောင်တော့ဘူး၊ အစားကြီးကြီး စိတ်ကြီး ကြီးကောင်လေးတစ်ယောက်ဖြစ်တယ်။

ဒီကောင်ကလေးပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းပိတ်ရက်တွေမှာ ဘုန်းကြီးကျောင်းမှာ နေရတယ်၊ ဘုန်းတော်ကြီးကို ၀တ်ဖြည့်ရတယ်၊ လူကြီးတွေ ဆိုဆုံးမမှုကိုခံရရင် မျက်ရည်တွေတွေကျလို့ နောက်မမိုက်တော့ဘူး၊ နောက်မဖြစ်စေရဘူး၊ ငါ လိမ္မာတော့မယ်လို့ တွေးတယ်၊ နောက်တစ်ခါမှာတော့ သူ့အတွေးသူမေ့၊ သူ့ကတိသူဖျက်ပြီး မိုက်ဆဲဆိုးဆဲဖြစ်ခဲ့တယ်။

အဲဒီကောင်လေးဟာ သူ့သားချင်းတွေထဲမှာတော့ အကြီးဆုံးဖြစ်တယ်၊ မိခင်ရဲ့အားကိုးမှုကို ခံခဲ့ရတယ်၊ ဉာဏ်ကောင်းပေမဲ့ ၀ီရိယမကောင်းခဲ့ဘူး။ ပျင်းပျင်းရိရိနဲ့ ဘ၀ကိုအေးအေးဆေးဆေးကျော်ဖြတ်ဖို့ ကြိုးစားတဲ့ ကောင်လေးတစ်ယောက်ဖြစ်တယ်။ မိခင်စကားကိုလည်း တစ်ခါတစ်ခါနားမထောင်ဘူး၊ သူ့ချစ်တဲ့အဘွားနဲ့အတူ မိသားစုထဲတစ်စင်ထောင်ပြီး ဗိုလ်လုပ်ချင်ခဲ့တယ်။

အဲဒီကောင်လေးပဲ ပျင်းပျင်းရိရိပေါ့ပေါ့ပါးပါးနဲ့ ၁၀ တန်းအောင်တယ်။ ဖခင်တိုက်တွန်းလို့ ဗိုလ်သင်တန်းလျှောက်ပြီး ၀င်ဖြေတယ်၊ ကျတယ်။ ဂျီတီအိုင်ဝင်ခွင့် ၀င်ဖြေတယ်၊ အောင်တယ်၊ ဂျီတီအိုင်ကျောင်းတွေပိတ်တာကို အကြာကြီးဖြတ်သန်းပြီးမှ သူများ နှစ်နှစ်နဲ့ပြီးတာကို သူက လေးနှစ်တက်ခဲ့ရတယ်။ ယဉ်ကျေးမှုတက္ကသိုလ်ဆိုတာကို သူ့ညီလေးနဲ့အတူလိုက်တတ်တက်၊ လပိုင်းပဲတက်ပြီး ၀ါသနာမပါတော့ဘူးဆိုပြီး ထွက်တယ်။ ကောင်လေးက စိတ်ခံစားချက်ကို ဦးစားပေးတယ်၊ သူလုပ်ချင်တာ သူလုပ်တယ်၊ သူခံစားရတာ သူလုပ်တယ်၊ သူပျော်တာ သူလုပ်တယ်။

သူ့မိခင်ကြီးဖြစ်စေချင်တဲ့ ရှေ့နေတစ်ယောက်တော့ ဖြစ်မလာခဲ့ဘူး။ အဝေးသင်တက်ရင်း ဘီအေ(မြန်မာစာ)ဆိုတဲ့ဘွဲ့တစ်ခုကိုတော့ သူဆယ်တန်းအောင်ပြီး ၁၀ နှစ်နီးပါးအကြာလောက်မှာ သူယူလိုက်တယ်။ သူဘာလုပ်ချင်လဲဆိုတာ ဘာဖြစ်ချင်လဲဆိုတာကို မသိတဲ့ကောင်လေးရဲ့အနာဂတ်ဟာ တကယ်တော့ရင်လေးစရာဖြစ်ပါတယ်။
သူဟာငယ်ငယ်က မိခင်ကြီးသင်ထားတဲ့အတိုင်း ဆရာဝန်ကြီးလုပ်မယ်၊ အင်ဂျင်နီယာကြီးလုပ်မယ်လို့ပြောတတ်တယ်။ ၅ တန်း၊ ၆ တန်းရောက်တော့ ဖခင်ကြီးကို အားကျပြီး စာရေးတာကိုစိတ်ဝင်စားလို့ စာစီစာကုံးပြိုင်ပွဲတွေ ၀င်ဝင်ပြိုင်တတ်တယ်။ အဲဒီလိုပြိုင်ရင်လည်း သူဟာအတော်ဆုံးတစ်ယောက်လို့ သူဟာသူထင်နေသူတစ်ယောက်၊ အသားလွတ်ဘ၀င်မြင့်သူတစ်ယောက်ဖြစ်ခဲ့တယ်။

တကယ်တော့ ဒီစိတ်ထားတွေဟာ သူ့ဖခင်ကြီးဘက်က ပါလာတဲ့စိတ်ထားတွေဆိုတာ ကောင်းလေးသိတယ်။ လူတွေအပေါ်သဘောကောင်းပေမဲ့ လူတွေကိုအထင်မကြီးသူဖြစ်တယ်။ အာပေါင်အာရင်းကောင်းပေမဲ့ လက်တွေ့ထလုပ်ဖို့ တွန့်သူဖြစ်တယ်။ နိုင်ငံရေး၊ သဘောတရားရေး၊ လူမှုရေး၊ စိတ်ပညာကို စိတ်ဝင်စားပြီး စာရေး စာဖတ်ဝါသနာပါသူဖြစ်တယ်။

ဒီလိုနဲ့ ကောင်လေးဟာ ယောင်တောင်ပေါင်တောင်နဲ့ပဲ ကျောင်းပြီးသွားခဲ့တယ်၊ ဒါနဲ့ သံဃာတွေပင့်ဖိတ်ပြီး ရေစက်ချမယ်လို့တော့ မထင်လိုက်ပါနဲ့ (ဘလိုင်းကြီး ၀င်နောက်တာပါ)၊ ကျောင်းပြီးရင်အလုပ်တစ်ခုတော့ လုပ်ရမယ်ဆိုတာကို သူ့ဟာသူအတင်းကြီးသိတားထဲ့ကောင်လေး (တကယ်တော့ ကောင်လေးတို့ကိုးကွယ်တဲ့ဆရာတော်ကြီးက မိခင်ကိုကူကွယ်ဆိုပြီး အလုပ်လုပ်ဖို့တိုက်တွန်းမက တိုက်တွန်းလို့ပါ)ဟာ သူ့အလုပ်သူလျှောက်ပြီး သူနေရာ သူဖန်တီးလိုက်တဲ့အခါ ဘာသာပြန်အယ်ဒီတာဆိုတဲ့နေရာလေးတစ်ခုကို သူ့အသက် ၂၃ နှစ်မှာ ရရှိခဲ့ပါတယ်။ သူ့အယ်ဒီတာချုပ်က သူ့ထက် သုံးနှစ်ပဲကြီးတယ်။

ကျောင်းပြီးတုန်းက ကောင်လေးဆုံးဖြတ်တာ အလုပ်နှစ်ခုပဲလုပ်ဖို့ပါ၊ တစ်ခုက ကျောင်းဆရာအလုပ်နဲ့ နောက်အလုပ်တစ်ခုကတော့ စာရေးဆရာအလုပ်ပါပဲ။ ဒီအလုပ်နှစ်ခုကလွဲလို့ တခြားအလုပ်တွေ (ကြီးပွားရေး၊ စီးပွားရေး) လုပ်ဖို့ စိတ်ကူးမရှိခဲ့တဲ့ ဖအေတူ အူတူတူအတတ ကောင်လေးတစ်ယောက်ရယ်ပါ။ ဖခင်ကြီးရဲ့စိတ်ပုံစံ ကိုယ်ပုံစံတွေကို ထပ်တူထပ်မျကူးချထားတဲ့ကောင်လေးဟာ နှစ်တန်းလောက်ကတည်းက သတင်းစာကိုအလွတ်နီးပါးဖတ်တတ်ခဲ့သလို သူများဆရာလုပ် အားဘောင်အားရင်းသန်သန်ဝေဖန်လေကန်တဲ့အလုပ်ကိုလည်း နှစ်ခြိုက်ခဲ့ပါတယ်။ ကောင်လေးရဲ့ဖခင်ကြီးကတော့ လေနိုင်ငံရေးသမား၊ လေစာရေးဆရာသာဖြစ်ခဲ့ပါတယ်၊ တကယ်ဖြစ်ဖြစ်မြောက်မြောက်မစွမ်းဆောင်သွားခဲ့ပါဘူး။

ဒီနေရာမှာ အဓိကပဲ့ကိုင်ရှင်လို့ပြောရမဲ့ ကောင်လေးဘ၀မာလိန်မှူးကတော့ သူ့မာတာမိခင်ကျေးဇူးရှင်ကြီးပဲဖြစ်ပါတယ်။ ပျင်းပျင်းရိရိ နေတတ်စားတတ်တဲ့ကောင်လေးကို မာမာတင်းတင်းကြွပ်ဆတ်ဆတ်ဖြစ်အောင် သူတတ်ကျွမ်းနားလည်နိုင်စွမ်းရှိသလောက်ပုံသွင်းလိုက်ပါတယ်။ သူ့ထက် အရပ်မြင့်မားသန်မာနေပြီဖြစ်တဲ့ သားကို ကိုင်ပေါက်ဆောင့်တွန်း နံရံနဲ့ခေါင်းပွတ်ဆွဲ ရက်ရက်စက်စက်အသည်းနာအောင် အင်အားပါဝါပြလို့ အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့ပါတယ်။

အိမ်ပေါ်ကလည်း ကောင်လေးနဲ့ကောင်လေးညီလေး (ညီအစ်ကိုနှစ်ယောက်)ကို အကြိမ်ကြိမ် နှင်ချခဲ့ပါတယ်။ အဲဒီအချိန်ကတော့ မိခင်ကျေးဇူးဆိုတာကို မသိသလို ပုန်ကန်ဖို့စိတ်ချည်းများနေတဲ့ကောင်လေးဟာ သူရဲကောင်းဆန်ဆန် မိုက်မိုက်မဲမဲတွေလည်း လုပ်ခဲ့ပါတယ်။ ခုချိန်မှာတော့ မိခင်ရဲ့ဆိုဆုံးမမှုတွေဟာ တန်ဖိုးဖြတ်လို့မရတဲ့အရာတွေဆိုတာ ခုနကောင်လေး သိလာခဲ့ပါတယ်။ အိမ်ပေါ်က နှင်ချခံခဲ့ရတဲ့အခါ ဘ၀ဆိုတာ ဘာမှမရှိရင် ဒုက္ခရောက်ပြီဆိုတဲ့ အသိကိုပေးလိုက်သလိုပါပဲ၊ တစ်ခုခုဖြစ်ချင်ရင် တစ်ခုခုတော့ လုပ်တတ်ရမယ်ဆိုတဲ့အသိကို မျက်ရည်တွေအများကြီးရင်းပြီး ကောင်လေးရလိုက်ပါတယ်။

ဘာသာပြန်အယ်ဒီတာဖြစ်လာတဲ့ ကောင်လေးဟာ ဆရာသမားတွေရဲ့သွန်သင်မှုတွေအပြင် သူ့ကိုယ်ပိုင်စွမ်းအားတွေပါ ထုတ်သုံးလို့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်၊ သူရေးတဲ့စာ စာမျက်နှာပေါ်ပါလာတဲ့အခါ အလွန်ပျော်ရွှင်ခဲ့ပါတယ်၊ သူ့ဘ၀မှာ သူလုပ်ချင်တဲ့အလုပ်ကို သူလုပ်လိုက်ရတာပဲ၊ ငါဟာ ဘ၀မှာ ကံအကောင်းဆုံးလူသားလို့ သူထင်ခဲ့ပါတယ်။ သူလုပ်ချင်တဲ့အလုပ် လုပ်ရတာတောင် ဒီအလုပ်က သူနဲ့မသင့်တော်ဘူး၊ မလုပ်တော့ဘူးလို့ သုံးလေးကြိမ်လောက်ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအလုပ်ကထွက်ပြေးချင်စိတ်ပေါက်ပေမင့်လည်း ဒီထက်ကောင်းတဲ့ ဒီထက်စိတ်ပါတဲ့ ဒီထက်ဆွဲဆောင်အားကောင်းတဲ့ နောက်ထပ်အလုပ်တစ်ခုကိုလည်း သူမမြင်ခဲ့ပါဘူး။

ဒီလိုနဲ့တစ်နှစ်ခွဲလောက်အကြာမှာ သူ့ဆရာက သူ့ကိုနိုင်ငံရပ်ခြားလွှတ်ပြီး သတင်းစာပညာတွေကို သေသေချာချာသင်ယူစေပါတယ်။ ကောင်လေးဟာ အစက ဒါတွေ(နိုင်ငံခြားသွားဖို့တို့၊ ရွယ်တူသူငယ်ချင်းတွေထက်လစာပိုရမှာတို့)ကို သိခဲ့သူမဟုတ်ပါဘူး၊ သူလုပ်ရတာတွေကို အကောင်းဆုံးလုပ်ခဲ့သူသာ ဖြစ်ပါတယ်။ နိုင်ငံခြားရောက်တော့လည်း သူရရမဲ့အခွင့်အရေးထက်ပိုတဲ့ အခွင့်အရေးတွေရဖို့ ထပ်ဆင့်ထပ်ဆင့် တောင်းဆိုကြိုးစား အားထည့်ခဲ့ပါတယ်။

ဒီလိုနဲ့ လအတန်ကြာပညာတွေသင်ကြားပြီးလို့ ကောင်လေးပြန်ရောက်လာတဲ့အခါ သူ့ဆရာလည်း မရှိတော့သလို သူ့အလုပ်လုပ်တဲ့ဂျာနယ်လည်း မရှိတော့ပါဘူး။ ကောင်လေး အတော်စိတ်လေသွားခဲ့ပါတယ်၊ ဒါပေမဲ့လည်းလေ ဘ၀ဆိုတာ ဒီလိုတွေ့ကြုံဆုံကွဲတတ်တဲ့သဘာဝဆိုတာကို သိထားပြီးနှင့်သူမို့ သူစိတ်ဓါတ်တော့ ကျမသွားခဲ့ပါဘူး။ ဘာသာပြန်ရရင် ဘာသာပြန်၊ စာအုပ်အပြင်အဆင်ဝိုင်းဝန်းကူစရာရှိကူနဲ့ သူသင်ထားတဲ့ပညာတွေ၊ တတ်ထားတဲ့အသိတွေ အသုံးချလို့ရမဲ့နေရာတစ်ခုဆီကို သူယဉ်ကျေးမှုတက္ကသိုလ်တက်ရောက်စဉ်က ခင်မင်ရင်းနှီးထားနှင့်တဲ့ သူငယ်ချင်းဖြစ်သူ အကူအညီနဲ့ ရောက်ခဲ့ပါတော့တယ်။ ကောင်လေး အလွန်ပျော်ရွှင်ခဲ့သလို အလွန်လည်း လက်စွမ်းဉာဏ်စွမ်းပြပါတော့တယ်။ တစ်ခါတရံ ဘ၀ဟာချိုမြိန်တဲ့သစ်သီးတစ်လုံးလိုပါပဲ၊ ပုပ်အဲ့မသွားခင်အထိပေါ့။

သူရောက်လာခဲ့တဲ့ ဌာနမှာလည်း ပညာရပ်ပိုင်းနဲ့မဆိုင်တဲ့ကိစ္စတွေ လူမှုရေးဆိုင်ရာပြဿနာတွေနဲ့ ထုံးစံနည်းလမ်းမကျတဲ့အရာတွေနဲ့ တွေ့ရတဲ့အခါမှာလည်း ကောင်လေးဟာ သည်းခံခြင်းတရားကို ရင်ဝယ်မပိုက်နိုင်ခဲ့ပြန်ပါဘူး။ နောက်ပိုင်းသူတက်ရောက်တတ်မြောက်လာတဲ့ စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုဌာနက ပညာတွေကလည်း သည်းခံဖို့ကို မသင်ပေးလိုက်ခဲ့ဘူး။ ဒီလိုနဲ့ နဂိုကတည်းကမှ အငုတ်စိတ်ထကြွတတ်ပြီး အယဉ်ကျေးကြီးမဟုတ်တဲ့ အရိုင်းဆန်တဲ့ကောင်လေးဟာ ရင့်ထော်ရိုင်းစိုင်းလာတာကို သတိပြုမိသူတချို့ရှိကောင်းမှရှိမှာဖြစ်ပေမယ့် သူကိုယ်တိုင်ကတော့ ကောင်းကောင်းကြီးသိလာခဲ့ပါပြီ။

မပီပြင်တဲ့ ၀ိုးတ၀ါးအနာဂတ်ရယ်၊ ပါးလျလာတဲ့အိတ်ကပ်ရယ်နဲ့ မချမ်းမြေ့တော့တဲ့စိတ်ဓါတ်ဆိုးရယ်ကြောင့် သာရာအရပ်မှာ နားခိုဖို့ စတင်ကြံဆောင်ပါတော့တယ်။ တစ်ပြိုင်တည်းမှာ ဘ၀ဟာ ပုပ်အဲ့တဲ့သစ်သီးတစ်လုံးပါလားဆိုတာကို နားလည်စပြုတဲ့အခါ ဘာသာတရားဘက်ကို အားကိုးစရာအဖြစ် မှတ်ယူလေ့လာကျင့်ဆောင်ပါတော့တယ်။ မကျန်းမာလာတဲ့အခါ သေခြင်းတရားကို ပိုဆင်ခြင်မိလာတဲ့ ကောင်လေးဟာ တစ်ခါတလေကျတော့လည်း ဘာမှမဖြစ်ချင်တော့ပါဘူးတဲ့။ တိုးတိုလေးညည်းတတ်တဲ့ သူ့နှုတ်ကထွက်ကျလာတဲ့စကားကတော့ သေသွားလည်းဘာမှမဖြစ်ပါဘူးတဲ့။

ကောင်လေးဟာ ဒီဘက်ပိုင်းမှာတော့ မိခင်ရယ်၊ အိမ်အပေါ်ရယ်ကို ပိုမိုခင်တွယ်လာတာကို သတိပြုမိတဲ့သူတွေက သိကြပါတယ်၊ သူ့ခမျာ ရည်းစားသနာလည်းမရှိပါဘူး၊ ရုပ်ကဆိုးဆိုး စိတ်ကပုပ်ပုပ် ကပ်စီးကလည်းနဲပြီး ဟန်လည်းမလုပ်တတ်တဲ့သူ့ကို ကောင်မလေးတွေ မကြိုက်တာကတော့ ကောင်မလေးတွေမှာ အပြစ်မရှိရှာပါဘူး၊ အချစ်ကိုကိုးကွယ်တဲ့ ဖြူစင်နူးညံ့မှုကို တန်ဖိုးထားတဲ့ ဘယ်ကောင်မလေးကမှ သူ့ကို ကြိုက်မှာမဟုတ်တာကို သူကိုယ်တိုင်ကလည်း သိထားပါတယ်။ သူကလည်း ငါလိုနေတာ အချစ်မဟုတ်ဘူးဆိုတဲ့ သီချင်းကို အမြဲတမ်းသီဆိုနေပါတယ်။

ကောင်လေးဟာ တစ်ခါတစ်ခါ တရားထိုင်တယ်၊ စိတ်တော့ သိပ်တည်ငြိမ်လှတယ် မဟုတ်ဘူး၊ တစ်ခါတစ်ခါ သူ့မှတ်စုစာအုပ်ထဲ ရေးချင်ရာတွေရေးတယ်၊ တစ်ခါတစ်ခါ မှင်နဲ့ ပုံတွေဆွဲတယ်။ သူ့စိတ်ကို သူထိန်းတဲ့သဘောဖြစ်မှာပါပဲ။ ကောင်လေးမှာ ပါးနပ်တဲ့အချက်လေး တွေတော့ ရှိပြန်တယ်။ သူဟာ တည်တည်နေတတ်တယ်၊ သူငယ်ချင်းလည်း များများစားစား မရှိဘူး။ နောက်ပိုင်းကာလတွေမှာတော့ သူဟာ ကျန်းမာရေးလည်း သိပ်မကောင်းတဲ့အတွက် ပိန်ပိန်ပါးပါးလေးပဲဖြစ်နေတတ်တယ်။
အခုတော့လည်းလေ သူပုံစံပြောင်းသွားပြန်တယ်၊ ပျော်ပျော်ပဲနေတော့မယ်ဆိုလား၊ ဟုတ်တယ်လေ သူ့ပုံစံကြည့်ရင် တက်ကြွမှုမရှိလိုက်၊ နေမကောင်းဖြစ်လိုက်၊ သေခြင်းတရားကိုပဲ အောင်နိုင်သူတစ်ယောက်လိုပြောလိုက်ဆိုလိုက်ဆိုတော့ မြင်သူတိုင်းက သူ့ကို ကြောက်နေကြတယ်၊ စကားမပြောလိုကြတော့ဘူး၊ ”တက်ကြွမှုမရှိတော့ဘူး၊ ရဲရင့်မှုမရှိတော့ဘူး……”သီချင်းလေးလိုဖြစ်နေတယ်။ သနားမယ်ဆိုရင်တော့ သနားစရာ အကောင်းသား၊ အခုတော့ သူက ပျော်ပျော်နေတော့မတဲ့၊ သူငယ်ချင်းတွေအတွက်တော့ ၀မ်းသာစရာပေါ့ကွယ်။

ကောင်လေးဟာ ဒီမနက်ကတော့ ဆံပင်ကို တိုတိုထပ်ညှပ်လိုက်ပြန်တယ်။ သူ့ကိုယ်သူတော့ အတော်ကြည့်ကောင်းချောမောသွားတယ်လို့ ထင်နေတယ်၊ သူ့မိခင်ကြီးနဲ့နှမငယ်ကတော့ အလွန်ရုပ်ဆိုးသောပုံစံဖြစ်ကြောင်းပြောကြတယ်၊ သူကတော့ မှုပုံမရပါဘူး။ ကောင်လေးရဲ့အနာဂတ်လှပါစေလို့ ဆုတောင်းပေးရုံမှတစ်ပါး တို့များဘာများတတ်နိုင်ပါမလဲလေ။