ကောင်မလေးအကြောင်းတွေ ပြောရင် မကြိုက်တဲ့မေမေ

ဂေါက်နေတဲ့သားကိုကြည့်ရင်း စိတ်ဓါတ်တွေပြောင်းလဲ

တစ်ထောင်ဖိုး ၁၁ လုံးရတဲ့ ကြက်ဥ၀ယ်သလို

ရုတ်တရက်ကြီးလာမေးနေတယ်

မင်းဘယ်သူ့ကြိုက်သလဲတဲ့၊

 

တရားဘက်များသွားတဲ့ သားမှာ

ကြောင်လို့ အလို့ ယောင်လို့ နလို့

ဘယ်နှယ့် ဘယ်နယ် အမေ့နှယ် ဘယ်လို

ဝယ်ပြီးနောက်ဆက်တွဲ ၀န်ဆောင်မှုပါတဲ့ အရောင်းပြခန်းထဲက 

ပစ္စည်းဝယ်သလို

အိမ်ထောင်ရေးကိုမှတ်တယ်၊

 

သားက ရယ်တယ်

အမေပြောတော့ ကြာကူလီပြုံးတဲ့

အမေ ရင်ခုန်တယ်လားလို့

အဖေနဲ့တကယ် ချစ်ခဲ့ကြသလားလို့

မတည်မြဲတဲ့ဘ၀တွေအကြောင်း အမေကိုယ်တွေ့ သင်ခန်းစာရှိသားပဲ၊

 

ကျွန်တော်က အချစ်ကို ဒီလိုယုံတယ်

ပုံပုံလဲသွားတဲ့အထိ

ပြိုပြိုဆင်းသွားတဲ့အထိ

ရစရာမရှိအောင် ခံလိုက်ရတဲ့အထိ

အသည်းထဲ စိမ့်သွားအောင် အနှက်ခံလိုက်ရတဲ့အထိ

အားရှိပါးရှိ ယုံတယ်

သေတဲ့အထိပေါ့၊

 

မေမေ ကျွန်တော့်ကို အခွင့်ပေးပါ

အချစ်ကို ကိုးကွယ်ခွင့်ပေးပါ

ရဲရဲယုံကြည်ခွင့်ပေးပါ

အရူးမကို တွေ့တဲ့အထိ

ဒါမှမဟုတ်

ကျွန်တော်ကိုယ်တိုင် ရူးသွားတဲ့အထိ၊

 

မေမေ မဲ့တယ်

တော်တော်ကြီးကို မဲ့တယ်

ကြမ်းကြမ်းတမ်းတမ်းကြီးကို မဲ့တယ်

ဟဲ ဟဲ

ကျွန်တော် ရယ်တယ်

သွက်သွက်လက်လက် ရယ်တယ်

ဟက်ဟက်ပက်ပက် ရယ်တယ်

ဟုတ်တယ်

ကြာကူလီပြုံးလေးနဲ့။

 

မတ် ၁၂၊ ၂၀၀၉။