တယ်လီဖုန်းသံ

စောင့်မျှော်နေရတာ ကြာပေါ့

တစ်နေ့နေ့တစ်ချိန်ချိန်

အို ဒီလိုများဖြစ်လာရင်

နာ ဘယ်လိုများ တုန့်ပြန်မှာလဲပေါ့

လေကျင့်ဇာတ်တိုက်ထားလို့ မရတဲ့ ဇာတ်ကွက်

“အမေ ခြေထောက် ထောက်မရတော့ဘူး၊ ပြုတ်ကျသွားတယ်” တဲ့။

 

စိတ်ဓါတ်ပြင်းထန်လှတဲ့အမေ

တရားနားလည်လွန်းတဲ့အမေ

တရားအမြဲမှတ်တဲ့အမေ

အဖေ၊ အမေနဲ့ အားကိုးအားထား ယောက်ျားမရှိတော့တဲ့အမေ

သူ့ကိုယ်သူ အားကိုးရင်း

သူ့အားသူတင်းရင်း

လောကအလယ် ခပ်ရင့်ရင့် နေထိုင်ခဲ့တဲ့ အမေ။

 

အခုတော့ ဝေဒနာထိုးဖောက်လို့

တစ်ခုခုဖြစ်မှာ စိုးကြောက်တဲ့အခါ

အားကြီးကြီးရှိတဲ့ သားကြီးဆီ အားကိုးတကြီး ဖုန်းဆက်တယ်

သား ဆိုတာ ဓါးပဲတဲ့

အန္တရာယ်ရန်စွယ်တွေ ကာကွယ်သတဲ့

အခုတော့ ဝေဒနာရန်သူကို သားအားနဲ့တိုက်မလို့ ထင်ပါရဲ့

ပျက်နေတဲ့အသံနဲ့ ငိုသံလေးစွက်လို့ ဆက်ရှာတယ်

အော် ရင်နာဖို့ ကောင်းလိုက်ပါဘိ။

 

အော် ဝေဒနာဆိုတာ 

ဘယ်လောက်ပဲ ကျင့်ကြံထားပါစေဦး

လိပ်ပြာလွင့်လောက်အောင် တိုက်ခိုက်လှချည်လား

ရက်စက်လှချည်လား

တရားရှင်ဖြစ်စေဦးတော့ ဝေဒနာဆရာက မညှာဘူးဆိုတော့

ခက်ဖြင့်ခက်ရချည့်။

 

အမေ့ထံပါး အမြန်သွား

သူအားကိုးတဲ့ သားမျက်နှာမြင်ခဏ

ဝေဒနာတစ်ဝက်ကျစေ

ကျန်ဝေဒနာတစ်ဝက် ဆရာသမားတို့ ချစေ

တတ်အားသရွေ့ ပြုစုထွေးပွေ့ 

ဘုရားသခင်ထံ ဆုတောင်း

အမေ အမြန်နေကောင်းပါစေ။

 

အခုက အစ နောင် တခဏတော့ 

အမေ့မှာ ဒီထက်ကြီးတဲ့ ဝေဒနာတွေ

နှိပ်စက်ကလူပြုခံရဦးမှာ သေချာပေါ့

ဘယ်လိုလဲ အမေ

အားငယ်သွားပြီလား

စိတ်ညစ်သွားပြီလား

ပျိုစဉ်က ဒီသားဒီသမီးတွေအတွက်

အသက်ပေးရမလား

မပြတ်ထွေးရမလား

လိုအင်ဆန္ဒအမြဲ ဖြည့်ပေးတဲ့အမေ

အခုတော့ သူ့ဝန်ကြောင့် သားသမီးတွေ လေးမှာကိုလည်း မလိုလားပြန်ဘူးလေ။

 

အမေ

တကဲ့အမေ

အရိပ်တကြည့်ကြည့်နဲ့

သားသမီးတွေရဲ့စိတ်ကို သိ သိလွန်လွန်းတဲ့အမေ

ဒီအမေနဲ့ ဒီသား စိတ်ချင်းသိပုံများတော့

မြင်သူ ကြားသူ ကျေနပ်လွန်လွန်းလှပါတယ်လေ

တချို့များကတောင် အမြင်တောင် ကတ် ကတ်လို့

ပြော ပြောကြဦးမယ်

ပို ပိုလွန်းလှသလေလို့

မပိုပါဘူး အမေ

မပိုပါဘူး အမေ

လိုရင်သာ ရာထောင် အဆတွေ လိုနေမှာပါလေ

သိတတ်တဲ့သားဆိုရုံလေးနဲ့ ဒီမွေးကျေးဇူးတွေ ဒီကျွေးကျေးဇူးတွေ

ဘယ်လိုဘယ်ပုံ ဆပ်လို့ကုန်မှာလဲလေ။

 

မိ ကိုလက်ယာ ဖ ကိုလက်ဝဲ

ပခုံးထမ်းတင်လို့ ချေးသေးယိုပါစေ

အသက်ဆုံးတိုင် လုပ်ကျွေးလေလည်း 

မိဘကျေးဇူး ချေမရဘူးဆိုတော့

သားငယ်ရဲ့ တစ်ထွာတစ်မိုက် သိတတ်ပုံကလေးနဲ့တော့

ကျေးဇူးကြွေးအရေး ရင်လေးလှပါတယ်လေ

တစ်ခုဖြေတွေးသာတာက

မသိတတ်တဲ့သား မဖြစ်တာကိုပဲ

ရင်အေးလှပါပြီလေ။

 

ဒီထက်ပိုတဲ့ ပေးဆပ်မှုတွေ

ဒီထက်ပိုတဲ့ ကျေးဇူးတရားတွေနဲ့

မပြုစု မလုပ်ကျွေးနိုင်မှာ

အမေ သားကို စိတ်တိုင်းမကျမှာကိုပဲ

ရင်မှာ အကြိမ်ကြိမ်ပူလို့

ခေတ်သားတစ်ယောက်အနေနဲ့

ရင်ဆန္ဒအပူလောင်မီးတွေကို သည်းခံငြိမ်းသတ်ရင်း

အမေချစ်တဲ့ အမေ့ကိုချစ်တဲ့ တာဝန်သိသားကြီးတစ်ယောက်တာဝန်ကို

ဒီကမ္ဘာမြေတုန်ဟီးသွားတဲ့အထိ

ဟစ်ကြွေးလို့

သားထမ်းမယ် အမေ။

 

အမေ နေကောင်းပါစေ

တရားဓမ္မကိုလည်း ဒီထက်ပိုလို့ နားလည်ပြီး အားထုတ်နိုင်ပါစေ

ဝေဒနာရန်ကို တရားအပြုံးနဲ့

မတုန်မလှုပ်ခံနိုင်ရည်ရှိပါစေ

ဘုရားသမီးအစစ်ဖြစ်ပြီး တရားအသိအစစ်တွေကို

ကိုယ်တိုင်ကိုယ်ပိုင်ညဏ်နဲ့ ပိုင်ဆိုင်ပါစေ

မီးတွေဖြစ်တဲ့ သားသမီးတွေအရေးကိုလည်း 

လျှော့ချလို့ သူ့ကံနဲ့ သူ့ဘ၀ ရှိစေတော့ရယ်လို့ ဖြေတွေးနိုင်ပါစေ

သံယောဇဉ်လျှော့၊ အမြင်အတန်းတွေလျှော့

လောဘ၊ ဒေါသ၊ မောဟတွေ လျှော့ပြီး

မကြာမီ ဆုံးတော့မယ် ဒီဘ၀လမ်းခရီးကို

ပန်းတိုင်မပျောက်ဘဲ လှမ်းကိုင် ရောက်ရှိနိုင်ပါစေ အမေ

အသေမဦးခင် ညဏ်ဦးလို့

ဒီဘ၀ ဒီခန္ဓာအရင်းမှာ

အမေမြတ်လို့ ပျော်ပါစေလေ။

 

ဖေဖော်ဝါရီ ၁၄၊ ၂၀၀၉။

ဖေဖော်ဝါရီ ၁၂ (ပြည်ထောင်စုနေ့) နေ့လယ်ပိုင်းက ရုတ်တရက် ခြေထောက်အကြောများ ဆိုင်း(အားနည်း)ကာ လေဖြတ်မလို ဖြစ်သွားသော အမေသို့ ရှိခိုးကန်တော့ရင်း ရေးဖွဲ့သည်၊ အခုတော့ သက်သာသွားပါပြီ၊ သို့ပေမဲ့ လက္ခဏာပြခဲ့ပြီမို့ အရင်ထက်ပို ဂရုစိုက်ရပါတော့မည်။