စိတ်ညစ်လို့ဆေးလိပ်ချည်းသောက်တာ ခေါင်းကြီးအုံကိုက်လို့
အပြင်မှာတော့ မိုးလေးရွာရုံ
မိုးကာကွတ်အင်္ကျီတစ်ထည်
ရေစက်လက်

ဒီအထည်အောက်မှာ လုံခြုံခြင်းရှိတယ်
အောက်မှာ နွေးထွေးမှုရှိတယ်
ရင်ခုန်ခြင်းရှိတယ်
မင်းရှိတယ်

စိတ်ညစ်ပေမဲ့လည်း မီးခိုးငွေ့တွေနဲ့အတူ ပါမသွားဘူး
ညစ်တာတခြား စိတ်ကတခြား
မကူးလူးကြဘူး
အိုက်မော

မင်းကတော့ ကပိုကရိုလေး လှဆဲ
ကွတ်အင်္ကျီလေး ရေခါတော့
မင်းအသက်ငွေ့ငွေ့
မင်းရနံ့သဲ့သဲ့

မိုးကတော့ ဖွဲဖွဲရွာဆဲ
လေပြေပြေလေး တစ်ချက်ချက်တိုက်လို့
အကောင်းဆုံးစကားတစ်ခွန်းပြောတယ်
ငါနဲ့လိုက်ခဲ့ပါလားကွယ်။

ဖေဖော်ဝါရီ ၄၊ ၂၀၀၉။