သားကို ချစ်တာ စိတ်ပူတတ်တာ

လွန် လွန် လွန်းတယ်

ကျွန်တော် ကလေးမဟုတ်တော့ဘူး မေမေ

မေမေ တစ်ချက်ပြုံးတယ်

သားခေါင်းကို လက်ကလေးနဲ့သပ်တယ်

နုနုညံ့ညံ့လေးပါပဲ

သားကတော့ ဒေါကန်နေတယ်

ကျွန်တော့်ကိုယ် ကျွန်တော်ယုံတယ်

ကျွန်တော့ပြသာနာ ကျွန်တော်ရှင်းမယ်

ကျွန်တော်လူကြီးဖြစ်နေပြီ

ကျွန်တော့်ကို လူကြီးလိုမြင်ပါ

ကျွန်တော့်ကို လူကြီးဖြစ်ခွင့်ပေးပါ

အပိုတွေ မလုပ်ပါနဲ့

အပိုတွေ မပြောပါနဲ့

ကျွန်တော်လုပ်ချင်မှ လုပ်မယ်

ကျွန်တော်နေချင်သလို နေမယ်

ကျွန်တော့်ဘာသာ ဆုံးဖြတ်မယ်

သားက သူ့ကိုယ်သူ အထင်ကြီးတယ်

သူအကုန်သိတယ်

သူအကုန်တတ်တယ်

သူမသိတာ သူမတတ်တာ မရှိဘူးလို့ထင်တယ်

သူဟာ လူကြီးတစ်ယောက်ဖြစ်တယ်

ခေတ်ကလည်း သူ့ခေတ်ဖြစ်တယ်

မေမေတို့ခေတ် မဟုတ်ဘူး

မေမေဟာ သူ့လောက်လည်း မတတ်ဘူး

မေမေဟာ မိဘဖြစ်လို့ ဆရာသိပ်လုပ်တာပဲလို့ တွေးတယ်

နေရာတကာပါတယ်

နေရာတကာ ဆရာလုပ်တယ်

တချို့ကိစ္စတွေ သူလည်း မသိပါဘဲ ၀င်ပြောတယ် ၀င်စွက်တယ်လို့ ထင်တယ်

မေမေဟာ အရပ်ငါးပေ မပြည့်ဘူး

သားက အရပ်ခြောက်ပေနည်းပါးမြင့်တယ်

မေမေဟာ နိုင်ငံရပ်ခြားကို ငယ်ငယ်ကသာ တစ်ခါရောက်ဖူးတယ်

သားကတော့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံကြီးတွေအပါအ၀င် လက်ဆယ်ချောင်းပြည့်လုနီးရောက်ဖူးတယ်

သားတို့ခေတ်က အိုင်တီခေတ်

ဒီခေတ်ထဲမှာ သားက ရှင်သန်ပေါက်မြောက်တယ်

မေမေဟာ ဘာမှလည်း မသိပါဘူး

ဆရာလုပ်ဖို့ ဆုံးမဖို့ စိတ်ပူဖို့ပဲ သိတယ်

သားခံစားချက်ကိုလည်း မသိဘူး

သားရှင်သန်ခွင့်ကိုလည်း အပြည့်မပေးချင်ဘူး

သားရဲ့အစွမ်းအစကိုလည်း အကုန်မသိဘူး

သားဟာ မေ့မေ့ကို အမြဲမကျေမနပ်ဖြစ်တယ်

အထူးသဖြင့် သူ့အတွေးနဲ့ဆန့်ကျင်ဘက်တွေ ပြောဆို ဆုံးမတဲ့အခါမှာ ပိုဖြစ်တယ်

တကယ်တော့ သားအချစ်ဆုံးဟာလည်း မေမေပါပဲ

မေမေအချစ်ဆုံးဟာလည်း သားပါပဲ

ဒါပေမယ့် မေမေနဲ့သားဟာ နီးတာနည်းပြီး ဝေးတာများနေတယ်

မေမေဟာ သူ့သားဘယ်လောက်ကြီးရင့်လာပါစေ

သူ့အတွက်တော့ ငယ်နုထွေးလေးပါပဲ

ဘာမှ မသိနားမလည်တဲ့ ကလေးလေးပါပဲ

လောကဓံက ကြီးလွန်းတယ်

ငါ့သားလေးက နုငယ်တယ်

လောက က မာယာအလွန်များတယ်

ငါ့သားလေးက ရိုးအတယ်

လူတွေက ဟန်ဆောင်တယ်

ငါ့သားလေးက ဖြောင့်မှန်တယ်

ဒီအကြောင်းတွေ ဒီကောင်လေး ကောင်းကောင်းနားမလည်ဘဲ

ဘယ်လိုရှင်သန်မလဲလို့ သူအမြဲတွေးတယ်

သေးသေးလေးဖြစ်ဖြစ် ကြီးကြီးမားမားဖြစ်ဖြစ် ကိစ္စအကုန်ကို သားလေးအတွက်ပူမြဲပူပန်တယ်

သားလေး ချွတ်ချော်တိမ်းမှောက်မှာကို အလွန်စိုးရိမ်တယ်

သူ့သားအကြောင်းကိုလည်း သူအသိဆုံးဖြစ်တယ်

သူကလွဲလို့ သူ့သားအကြောင်း ဘယ်သူမှ သူ့လောက်မသိဘူးလို့လည်း ခံယူတယ်

ဒီကောင်လေးတောင် သူ့အကြောင့် ငါ့လောက်မသိသေးပါဘူးလို့ သူထင်တယ်

မေမေဟာ သားကိုချစ်တယ်

ချစ်သမှ သိပ်ချစ်တယ်

သားကလည်း မေမေ့ကို သိပ်ချစ်တယ်

အလွန်ချစ်တယ်

သားနဲ့မေမေဟာ တစ်ယောက်နဲ့တစ်ယောက် ဖေးမကြတယ်

နားလည်မှုရှိကြတယ်

ဒါပေမဲ့ သားကတော့ သူ့မေမေကို တစ်ခါတစ်ခါ တွေတွေကြီး ကြည့်တတ်တယ်

စကားမပြောဘဲ တွေတွေကြီးကြည့်တယ်

မေမေကတော့ စကားတွေလည်း အများကြီးပြောတယ်

အိပ်နေလည်း နိုးပြောတယ်

အရေးကြီးရင် ကြီးသလိုပြောတယ်

သူ့စိတ်ထဲရှိသမျှ အကုန်ပြောတယ်

တစ်ခါတစ်ခါ ထန်ထန်ပြောတယ်

တစ်ခါတစ်ခါ ထိခိုက်အောင်ပြောတယ်

တစ်ခါတစ်ခါ မှတ်မိအောင် ပြောတယ်

အပြောကတော့ မလျှော့တဲ့အပြင် ပိုပိုပြောတယ်

ပြောပြီးတဲ့အခါတိုင်းလည်း ပြုံးတယ်

မေမေဟာ သားကိုကြည့်ပြီး အမြဲပြုံးတယ်

ပြုံးတယ်

ပြုံးတယ်

ဒီကောင်လေး ဘာမှ နားမလည်သေးဘူးလို့ ပြောတယ်

ပြုံးတယ်

ဒီကောင် ကလေးပဲရှိသေးတယ်လို့ ပြောတယ်

ပြုံးတယ်

ဒီကောင်လေး ရိုးအလွန်းတယ်လို့ ပြောတယ်

ပြုံးတယ်

သားကတော့ ခေါင်းတခါခါနဲ့ ရှိနေဆဲ

သူ့မေမေကို သူအခုထိ မကျေနပ်နေဆဲ

ဒါပေမဲ့ သူသိတာတစ်ခုတော့ ရှိတယ်

သူ့မေမေကို သူချစ်တယ်

အလွန်ချစ်တယ်။

 

ဇန်န၀ါရီ ၂၆၊ ၂၀၀၉။

မေမေသို့အမှတ်တရ

(ဒါလေးရေးတော့မှ မေမေလို့ အမေ့ကို တင်စားပြီးရေးတာပါ၊ ပုံမှန်အားဖြင့်တော့ အမေ့ကို အမေလို့ခေါ်ချင်ခေါ်၊ မားသားလို့ခေါ်ချင်ခေါ်၊ မားမားလို့ခေါ်ချင်ခေါ် ခပ်မာမာပဲခေါ်ပါတယ်၊ နူးနူးညံ့ညံ့မခေါ်ပါ၊ အမေနဲ့စကားပြောတဲ့အခါ ကိုယ့်ကိုယ်ကိုယ်နာမ်စားသုံးတဲ့အခါမှာလည်း သားလို့ မသုံးပါ၊ ကျွန်တော်လို့ပဲ သုံးပါတယ်၊ ငယ်ငယ်ကတည်းက ဒီလိုပဲ သုံးစွဲခေါ်ဝေါ်ခဲ့ပါတယ်၊ သိပ်နူးနူးညံ့ညံ့မနေခဲ့၊ မသုံးခဲ့ပါ၊ ကိုယ့်ထက်အသက်ကြီးတဲ့သူတွေကတောင် အမေနဲ့စကားပြောတဲ့အခါ သား သားနဲ့ သုံးလို့ သားကလေ သားကလေနဲ့ နာမ်စားသုံးပြောလို့ အမေကတောင် တွေ့လားဆိုပြီး ပြောလည်းပြော မျက်နှာအမူအရာနဲ့လည်း ပြောပြပါတယ်၊ ဒါပေမဲ့အခုထိ ကျွန်တော်က အမေ့ကို မေမေလို့ မခေါ်သေးပါ၊ နူးညံ့ဖို့လိုနေသေးကြောင်းပြဆိုတာပါပဲ။)