ဟောလီးဝုဒ်ကားတွေမှာ တွေ့ဖူးတယ်

အသားအရောင်ခွဲခြားတဲ့လူငယ်တွေကြားမှာ ရှိတယ်

အမျိုးသားရေးဝါဒီတွေ ဓနရှင်တွေ ဂုဏ်ကြီးရှင်တွေ

ပျော်သတဲ့လား

စိတ်အဆာဖြေသတဲ့လား

တော်ရုံတော်ပေါ့

လူတိုင်းတော့ ဒေါသရှိသူတွေချည်း

လမ်းထဲကလူငယ်တွေ လက်သီးစွမ်းပြလိုက်ကြတာ

ရုပ်ရှင်တစ်ကားကြည့်နေရသလို

သည်းခိုက်ခိုက်တုန်

လူငယ်တစ်စုက လူငယ်တစ်ယောက်ကို စိန်ပြေနပြေထိုးနေတာများ

ခွေးပိန်ကို ကန်ကြောက်တာထက် ဆိုးတယ်

အကြင်နာမဲ့လိုက်တာများ

မြန်မာဗီဒီယိုထဲက လူကြမ်းထက်ကဲတယ်

သူတို့ ဒီစိတ်တွေ ဘယ်က ရသလဲ

မြန်မာရဲ့ အကြင်နာတွေ ဘယ်ရောက်ကုန်သလဲ

နာကိုယ်တိုင်ထိုင်ကြည့်နေရုံကလွဲလို့ ဘာမှ မလုပ်နိုင်ခဲ့ဘူး

ကိုယ်ပါ ရောအထိုးမခံနိုင်ခဲ့ဘူး

ကြောက်တယ်

နာလည်း တစ်လမ်းလုံး စိတ်ပြေနပြေထိုးတာကို ခံရဖူးတယ်

ပထမတစ်လုံးမှာ ပြာသွားတယ်

ဒုတိယတစ်လုံးမှာ ဝေသွားတယ်

တတိယတစ်လုံးမှာ ကြယ်တွေ တွေ့လာတယ်

စတုတ္ထတစ်လုံး ပဉ္စမတစ်လုံး

ပထမခြေထောက်တွေ

ဒုတိယခြေထောက်တွေ

တတိယခြေထောက်တွေ

အို လူဟာ ခွေးတစ်ကောင်ထက် ဆိုးသွားတယ်

ခေါင်းပေါက်သွေးယို မျက်နှာတစ်ပြင်လုံးဟာ ချင်းချင်းနီရဲလို့

နာဟာ ထူပူထုံအနေခဲ့တယ်

ရှက်စိတ်နဲ့ ဒေါသစိတ်ဟာ တစ်လမ်းလုံးနဲ့တစ်ယောက်ကျတော့

ဘယ်လိုမှ စစ်ကူမရခဲ့ဘူး

နာဟာ သမိုင်းမှတ်တမ်းတစ်ခုတော့ ထိုးလိုက်တယ်

တစ်လမ်းလုံးနဲ့တစ်ယောက်ချတယ်ဆိုတဲ့ ရူးပေါပေါ သမိုင်းတစ်ခုပါပဲ

ပညာတွေသင်ခဲ့တဲ့ နာ

မြင်သမျှစာဖတ်ခဲ့တဲ့ နာ

လူကြီးတွေ ဆုံးမစကားပြောရင် မျက်ရည်ရစ်ဝိုင်း

စိတ်ခံစားချက်ကြီး အမှတ်သညာကြီးတဲ့ နာ

အသက်ထက် ဘ၀အိုနေတယ်လို့ထင်တဲ့ နာ

လူမိုက်အလုပ်ကို လုပ်တယ်

မင်းသားဆန်ဆန် ဟန်ပန်များတာကြောင့်

ရိုင်းဆိုင်းတဲ့လူသားတွေဟာ အမဲဖျက်သလို နာ့ကို ၀ိုင်းဖျက်ခဲ့ကြတယ်

အခုတော့ လွတ်လပ်ရေးနေ့မှာ 

လမ်းထဲကတစ်နေရာမှာ

ကောင်းလေးတစ်ယောက်ကို ၀ိုင်းထိုးနေကြတယ်

ဖြည်းဖြည်းလေးထိုးတယ်

ခပ်သွက်သွက်ထိုးတယ်

ဝုန်းဒိုင်းဝုန်းဒိုင်းထိုးတယ်

ဆဲတယ် ဆိုတယ် အော်တယ် ဟစ်တယ်

နောက်ပြီး တိုးတိုးလေး တရားဟောသလို လုပ်နေသေးတယ်

အမယ် ခံစားချက်ဖယ်ကြည့်ရင် ဟောလီးဝုဒ်ကား ကြည့်နေရသလိုပါဆို

အထိုးခံရသူချာတိတ်က မည်းမည်းသေးသေး

ထိုးသူ လေးငါးဦးက ထောင်ထောင်မောင်းမောင်း တောင့်တောင့်တင်းတင်း ဖိုင့်ဖိုင့်ကြီးတွေ

နာတော့လေ ကြည့်နေရင်းနဲ့ ဆက်မကြည့်နိုင်လို့ အိမ်ထဲဝင်ခဲ့ရတယ်

မြန်မာတစ်ယောက်အနေနဲ့ ဘာမှမတတ်နိုင်သူမို့ ကိုယ်ကိုယ်ကိုယ်ရှက်မိတာ ဒီနေ့အထိ

လက်သီးစွမ်းပြသူများ ရှိနေဦးမှာပဲ

လက်သီးစွမ်းပြသူများ လူစိတ်ပြန်ဝင်ကြပါစေ။

 

ဇန်န၀ါရီ ၈၊ ၂၀၀၈။