၁၅၀၀ တန်းက ထိုင်

ရှေ့မှာမြင်ကွင်းပဲ ရှိတယ်

ရုပ်နာမ်တွေ ရောင်စုံပေါ့

တရားဆင်ခြင်တာတော့ မဟုတ်ဘူး

အလှတရားခံစားတာ

တစ်နည်းအားဖြင့် ရသခံစားတာ

ကော်ဖီအာရုံက အဓိက မဟုတ်ဘူး

စကတ်တွေ၊ ဘောင်းဘီတိုတွေ၊ နှုတ်ခမ်းနီတွေ၊ ဆံပင်ပုံစံတွေပဲ မြင်တယ်

အဲဒါတွေပဲ လိုက်ကြည့်တယ်

လက်တို့လို့တစ်မျိုး

အစ်ကို အစ်ကိုလို့ ခေါ်လို့တစ်သွယ်

ဟိုဘက်ကို ကြည့်လိုက်ဦးလို့ အော်လို့

အောင်မယ် လှလိုက်တဲ့အမျိုးတွေချည်း

ကော်ဖီခါးခါး တစ်ငုံသောက်

မျက်စိကျယ်ကျယ်ဖွင့်

လည်ပင်းညောင်းလောက်အောင် ခေါင်းကိုလှည့် ဟိုဘက်ဒီဘက်

ဒီမြင်ကွင်းဟာ တဏှာတွေနဲ့ချည်း ပြွန်းနေပေါ့

စကားအရသာဟာ နားရှက်စရာချည်းဖြစ်နေပေါ့

ဒီဘ၀ ဒီအရသာ ရသမျှလေး နည်းနည်းပါးပါးကို

ကော်ဖီဆိုင်မှာ ရှာတယ်

ကာထားတဲ့မှန်ကြီးကို ကျော်ရှာတယ်

အတုမှန်းသိပေမယ့်လည်း အစစ်ထင်တယ်

သွားရေတွေတောင် တမြှားမြှားကျ

ဘေးကလူတောင် ရွံစရာကောင်းပေါ့လို့ ပြောသွားမယ်

တစ်ခါတခါ အသံတွေ ကျယ်ထွက်ကုန်တယ်

ဆင်ဆာစကားတွေပေါ့

အတွေးထဲမှာ ရှိရှိသမျှစကားတွေအကုန်

ကော်ဖီဆိုင်မှာ ဖလှယ်ဖြစ်ကြတယ်

ကြီးကောင်ကြီးမားတွေကျမှ နှာရည်တွေလျှံကုန်ပေါ့

ရွှဲလို့။

 

နိုဝင်ဘာ ၂၇၊ ၂၀၀၈။