သူငယ်ချင်းအချင်းချင်း ပြောတတ်ကြတယ်။ အထာမကိုင်စမ်းပါနဲ့ကွာလို့၊ အထာထားပါကွာ မင်းကလဲလို့၊ အထာဆိုပြီး ထည့်ထည့် ပြောတတ်ကြတယ်။ အထာဆိုတာ ဘာလဲ။ ဒီဆောင်းပါးမှာ
အဲဒီမြန်မာ့အထာတချို့ကို ပြောပြချင်ပါတယ်၊ စိတ်ဆိုးကြမလားတော့ မသိပေဘူး၊ သို့သော်လည်း ဝေဖန် ထောက်ပြစရာလေးဖြစ်နေတော့လည်း ထောက်ပြရတာပါ့၊ စဉ်းစားကြည့်ကြဖို့ပါ။

အထာဆိုတာ
ဆောင်းပါးမစခင် ဝေါဟာရကို အရင်ရှင်းထားမှ ဖြစ်မယ်။ ဝေါဟာရကစပြီး ရှုပ်နေရင် နောက်ပိုင်း
ပိုရှုပ်သွားမယ်။

မြန်မာအဘိဓာန်မှာတော့ အထာကို န-သဘော၊ သဘာဝလို့ အနက်ပေးပါတယ်။ အထာကျ ကိုတော့ ကြိ-နေသားကျသည် လို့ပြောပါတယ်။

ဒီတော့ အထာမကိုင်ပါနဲ့၊ အထာကြီးနဲ့ မနေပါနဲ့ဆိုတာ နေပုံ ထိုင်ပုံ ပြောပုံ ဆိုပုံကို အဓိက
ရည်ညွှန်းတာပဲဖြစ်ပါတယ်။ ရုပ်ဟန်သွင်ပြင်မှာ အထာပုံစံ တွေ့ရတတ်တယ်။

မြန်မာ့စိတ်ရင်းလို့ ပြောလိုက်ရင် ကောင်းတာတွေပဲ များပါလိမ့်မယ်။ မြန်မာတွေကိုယ်တိုင်က ငါတို့ဟာ စိတ်ရင်းအလွန်ကောင်းတဲ့လူမျိုးလို့ တွေးထင်ကြပြီး မြန်မာတွေနဲ့ ခင်မင်ရင်းနှီးဆက်ဆံဖူးကြတဲ့ နိုင်ငံခြားသားတွေကလည်း မြန်မာတွေဟာ စိတ်ရင်းကောင်းတယ်၊ စိတ်ထားဖြူတယ်၊ စေတနာသန့်တယ်။ အကြင်နာတရား၊ မေတ္တာတရားကြီးမားကြတယ်လို့ ဆိုကြတယ်။

ဒီမှာ တစ်ခုစဉ်းစားရမှာက ကိုယ့်ကိုကောင်းတာတွေပြောတိုင်း ကျေနပ်နေရမှာမဟုတ်ဘူး၊ တကယ် ကောကောင်းရဲ့လားလို့ ပြန်စဉ်း စားဖို့လိုတယ်။ တစ်ခါတလေ ဧည့်သည်က သံတမန်ဆန်ဆန်စကား ပြောသွားတာဖြစ်ကောင်းဖြစ်မယ်၊ ကိုယ်တွေလည်း အိမ်တွေမှာ ဧည့်သည်သွားလုပ်ရင် ဒီလိုပဲပြော တတ်ကြတာပဲ မဟုတ်လား။

အိမ်ကြီးက ရှုပ်ပွနေတာကို တွေ့ပါရက် နဲ့ အိမ်လေးက ချစ်စရာလေးတို့၊ ဆောက်ထားတဲ့ပုံစံကလည်း ကောင်းလိုက်တာတို့ ပြောတတ်ကြတာပဲ။ ဘယ်လောက်ပဲ သံတမန်ဆန်ဆန်ဘယ်လောက်ပဲအဖြူရောင်မုသား (တစ်ပါးသူအား မနစ်နာစေသော၊ တစ်ခါတစ်ရံ ကောင်းကျိုးပင်ရှိသွားစေသော လိမ်ညာမှု) ပြောပြော၊ ကိုယ်တိုင် (အိမ်ရှင်) ကတော့ အသိဆုံးဖြစ်မှာပါပဲ။

အထာမကျသော အထာများ
မြန်မာ့အထာတွေထဲက အထာမကျတဲ့ အထာတွေအကြောင်း ပြောပြချင်ပါတယ်။ မကြိုက်မှန်းသိပေမယ့် ဒီဆောင်းပါးရဲ့ဦးတည်ချက်ကိုက အဲဒါပဲဖြစ်နေတာမို့ ဖတ်ရှုလို့ စဉ်းစားဝေဖန်ကြပါဦး။

မြန်မာ့အထာတွေထဲမှာ အထာမကျတဲ့ အထာတွေကတော့ အားနာတာနဲ့ အတင်းပြောတာ၊ မနာလိုတာနဲ့ပညာပြတာ၊ ပျင်းတာနဲ့ အမှုမဲ့အမှတ်မဲ့နေတာပဲ ဖြစ်ပါ တယ်။ ဒါကလည်း မြန်မာအများစု မှာ တွေ့ရတာမို့ မြန်မာ့အထာလို့ ပြောရတာပါ၊

နိုင်ငံတကာစံချိန်မီ (တချို့နိုင်ငံတကာစံချိန်ထက်သာတယ်)တော်တဲ့၊ တတ်တဲ့ ကိုယ်အမူအရာ စိတ်အမူအရာ ကောင်းတဲ့ မြန်မာတွေလည်း အများကြီးရှိပါတယ်။

ဒီနေရာမှာ နိုင်ငံတကာစံချိန်ဆိုတာ ဘယ်ဘာသာကိုးကွယ်သူဖြစ်ဖြစ်၊ ဘယ်လူမျိုးဖြစ်ဖြစ် အဲဒီ ဘာသာအဲဒီလူမျိုးတွေရဲ့ အကောင်းဆုံးဆိုတဲ့ ကိုယ်အမူအရာ စိတ်အမူအရာတွေနဲ့နေနိုင်သူတွေကို ပြောတာပါ။ အာရှတွင်းမှာပဲနေရမလား။ အာဖရိကသွားရမလား။ ဥရောပလား၊ အမေရိကလား။ နေရာမရွေး နေတတ်၊ ထိုင်တတ်ဝင်ဆန့်နိုင်တဲ့ အနေလည်းတတ်၊ ပညာလည်းတော်တဲ့ နိုင်ငံတကာစံချိန်မီတွေကို ပြောတာပါ။

အားမနာရဘူးလား
မြန်မာတွေက အားနာတတ်တယ်။ ဒါကြောင့် အားမနာရတော့ဘူးလားလို့ မေးစရာရှိလာပါတယ်။ အဖြေကတော့ အားနာစရာရှိရင် နာပြီး အားမနာသင့်တာကိုတော့ မနာဖို့ပါပဲ။ လူကြားထဲ လက်ကိုင်ပ၀ါမအုပ်၊ လက်မအုပ်ဘဲ ချောင်းဆိုးထည့်ရမှာကို အားနာရမှာဖြစ်ပေမယ့် အစည်းအဝေးမှာ ပွင့်ပွင့် လင်းလင်းတင်ပြပြောဆိုစရာကိုတော့ အားမနာသင့်ပါဘူး။

လူကြားထဲ ကိုယ့်ရောဂါပိုးသူများကူးချင်ကူး၊ ကိုယ်အနေသက်သာပြီးရောဆိုပြီး ဆိုးချင်သလိုချောင်းဆိုးထည့် လိုက်တာကတော့ အားနာစရာ ကောင်းပါတယ်။ အဲဒါမျိုးကို အားနာပါ၊ မြန်မာပီပီရဲရဲကြီး အားနာလိုက်ပါ၊ နိုင်ငံတကာစံချိန်တင်အောင်ကို အားနာလိုက်ပါ။

ခုနက ပြောသလိုအစည်းအဝေးမှာ ပွင့်ပွင့်လင်းလင်း မပြောခဲ့ဘဲ နောက်ကွယ်မှာမှ ကိုယ့်လူကြီးအတင်း၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေအတင်းအုပ်နေရင်တော့ အားနာစရာကောင်းပါတယ်။

အစည်းအဝေးမှာ ကိုယ်ကတင်ပြစရာရှိတာတင်ပြခဲ့ရင် လူကြီးတွေ လုပ်ဖော်ကိုင်ဖက်တွေကပြန်ပြီး ရှင်းပြ ပြောဆိုတုံ့ပြန်နိုင်ပေမယ့် နောက်ကွယ်မှာ အတင်းပြောမယ်ဆိုရင်တော့ အဲဒီလူတွေက ဘာမှပြန်ပြီး မပြောမဆိုနိုင် မရှင်းလင်း မတုံ့ပြန်နိုင်မှာမို့ အားနာစရာကောင်းလှပါတယ်။ အဲဒါဆိုရင်တော့ မြန်မာပီပီ အားရပါးရအားနာလိုက်ပါ။

မနာလိုတာ ကောင်းသလား
မနာလိုတာ မကောင်းဘူးဆိုတာ လူတိုင်းသိပေမယ့် လူတိုင်း နာလိုတတ်တာ မဟုတ်ဘူးဆိုတာကိုလည်း လူတိုင်းသိပါတယ်။ ဒါပေမယ့် အနည်းနဲ့အများဆိုသလို တစ်ဦးနဲ့တစ်ဦး မနာလိုမှုတွေကတော့ရှိနေကြတာပါပဲ။ ဒါပေမယ့် မြန်မာတွေထဲမှာ အထူးသဖြင့် မြန်မာလူငယ်တွေထဲမှာ ကိုယ့်ထက်တော်သူ၊ ကိုယ့်ထက်ချွန်သူ၊ ကိုယ့်ထက်အခွင့်အရေးရတာ၊ ရာထူးရတာကို နာလိုတတ်ကြတဲ့လူတွေလည်းရှိတတ်တာကို တွေ့ရပြန်ပါတယ်။

နာလိုတယ်ဆိုတာ သူတစ်ပါးကောင်းစားတာ၊ အခွင့်အရေးရတာကို ကိုယ်ရသလိုပဲ ၀မ်းသာတာဖြစ်ပါတယ်။
ခက်တာက မြန်မာတချို့ဟာ မနာလိုတတ်ကြတယ်။ တစ်ခါတလေများ ကိုယ်လည်းပေးရတာမဟုတ်တဲ့၊ သူတို့ဘာသာရတဲ့ အခွင့်အရေးတွေကိုတောင် မရစေချင်ကြဘူး။ ကိုယ်မရစေချင်တာကို ရသွားတဲ့အခါ မနာလိုမှုတွေ ဖြစ်နေတတ်ကြတယ်။

ဆရာတချို့ဟာ ကိုယ့်တပည့်ကို ပြန်ပြိုင်ပြီး မနာလိုဖြစ်ကြတယ်။ အဖေက သားကို မင်းက ငါ့သားပါကွာလို့ဆိုပြီး မနာလိုချင်တယ်။ (ဖခင်တိုင်းကို ပြောတာပြစ်မှားတာမဟုတ်ပါဘူး၊ ဖခင် တစ်ယောက်တလေကို ပြောတာပါ)။

အလုပ်ရှင်ဟာ ကိုယ့်အလုပ်သမားစွာသွားမှာကို မလိုချင်ကြဘူး။ မနာလိုတာကို မကောင်းမှန်းသိရက်နဲ့ မနာလိုမဖြစ်တော့ဘူးကွာလို့ တွေးပါရက်နဲ့ မနာလိုဖြစ်နေကြတာကို တွေ့နေရပါတယ်။

မနာလိုတာနဲ့တွဲလာတာကတော့ ပညာပြတာပါပဲ။ မနာလိုတဲ့သူဟာ လူရှေ့သူရှေ့မှာတော့ နာ လိုချင်ယောင်ဆောင်တတ်ပေမယ့် သူ့ခွင်ထဲရောက်တဲ့အခါမှာတော့ ပညာပြတော့တာပါပဲ။ မနာလိုတာဟာ လူတိုင်းမှာဖြစ်နိုင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ချင်းမှာ ဖြစ်နိုင်သလို လုပ်ငန်းဆက်ဆံဘက်တွေမှာလည်း ဖြစ်နိုင်တာပါပဲ။

လုပ်ဖော်ကိုင်ဖက်မှာဖြစ်တဲ့ မနာလိုတာပဲဖြစ်ဖြစ် လုပ်ငန်းဆက်ဆံဘက်ခြင်းဖြစ်တဲ့ မနာလိုတာပဲဖြစ်ဖြစ်၊ ဟန်ဆောင်ကောင်းလို့ သူများတွေ မသိတောင် သူတို့အချင်းချင်း(မနာလိုဖြစ်သူနဲ့ မနာလိုဖြစ် ချင်းခံရသူ)ကတော့ သိပါတယ်။ တစ်ခါတလေမှာတော့ မနာလိုဖြစ်ခံရတဲ့သူက မသိတာမျိုးလည်း ရှိ တတ်ပါတယ်။

ကိုယ့်မှာရှိတဲ့ အရည်အချင်းနဲ့ မရနိုင်တဲ့ အခွင့်အရေးတစ်ရပ်ရပ် ကိုယ့်လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ် အခြားသင့်တော်သူတစ်ယောက်ပဲဖြစ်ဖြစ် ရသွားခဲ့ရင် နာလိုလိုက်ပါ။ ကိုယ်ကပေးရမယ့်သူ၊ ပေးနိုင်တဲ့ အခွင့်အရေးရှိသူ ဖြစ်နေခဲ့မယ်ဆိုရင် ကိုယ်အခွင့်အရေးပေးရမယ့်သူကို ကိုယ်ကိုယ်တိုင်မနာလိုမဖြစ်ဘဲ ပေးလိုက်ပါ။ မနာလိုတာ မကောင်းပါဘူး၊ နာလိုကြပါ။

မြန်မာတွေ မပျင်းဘူး
မြန်မာတွေကို ပျင်းတယ်လို့ပြောရင် ဘယ်မြန်မာမှ ကြိုက်ကြမှာ မဟုတ်ပါဘူး။ တကယ်တော့ မြန်မာ တချို့ကနည်းနည်းတော့ ပျင်းကြပါတယ်။ တချို့ကတော့ စကားလှလှသုံးလို့ ပျင်းတာမဟုတ်ပါဘူး၊ တင်း တိမ်ရောင့်ရဲတာပါလို့ ပြင်ပြော နှုတ်လှန်ထိုး ပြောတတ်ကြပါတယ်။

မြန်မာတချို့က အလုပ်တစ်ခုကို ကြာရှည်မြဲအောင် မလုပ်ချင်ကြဘူး၊ ကြာလာရင် လုပ်ရည်ကိုင် ရည်လျော့လာကြတယ်၊ ပျင်းလာကြတယ်။ အဲဒီအခါ သူလုပ်ကိုင်တဲ့ အရည်အသွေးကလျော့လာတယ်။ အဲဒါကို သူကိုယ်တိုင်လည်း သိသလို သူ့လုပ်ဖော်ကိုင်ဖက်တွေ၊ သူ့ဆရာသမားတွေလည်း သိကြတာပါပဲ။

အချိန်တစ်ခုလောက်လုပ်ပြီးရင် ပျင်းသွားတတ်ကြတာဟာ ၀ါသနာမပါတာကို လုပ်နေရတာကြောင့် လားဆိုတဲ့မေးခွန်းကို ဖြေကြည့်စေချင်ပါတယ်။ မဟုတ်ပြန်ပေဘူး၊ တချို့က ၀ါသနာပါတာကို လုပ်နေရင်းနဲ့ကို ပျင်းနေတတ်ကြတာ။

ပျင်းတာနဲ့တစ်ဆက်တည်း တွေ့ရတတ်တာကတော့ အလုပ်လုပ်တာ မသေသပ်တာပါပဲ။ အလုပ်ကို အမှုမဲ့အမှတ်မဲ့လုပ်တာ၊ လေးလေးနက်နက်၊ မှတ်မှတ်သားသားမလုပ်တတ်တာကို မြန်မာ တချို့မှာတွေ့ရတတ်ပါတယ်။ ဆိုချင်တာက မြန်မာတချို့ဟာ သုတေသနပိုင်းမှာ အားနည်းကြတယ်။

မြန်မာစာရေးဆရာအများစုက ဖြစ်ဖို့မလွယ်တဲ့စာရေးဆရာ ဘ၀ရောက်နေခဲ့ပြီးနောက်မှာ သူ စာဘယ်နှပုဒ်၊ ဘယ်နှအုပ်ရေးခဲ့ပြီးပြီလဲဆိုတာကို မပြောနိုင်ကြတော့ဘူး၊ မှတ်မှတ်သားသားလုပ်ခဲ့လည်း ပထမပိုင်းမှာပဲဖြစ်ပြီး၊ နောက်ပိုင်းမှာ အကြောင်းကြောင်းကြောင့်ဆက်ပြီး မှတ်မှတ်သားသား မရှိကြတော့ဘူး။ ဒါဟာ ခက် ခဲတဲ့ကိစ္စမဟုတ်ပေမယ့် အလေ့အကျင့်မရှိကြလို့ မှတ်မှတ်သားသား မရှိကြတာပဲ။

မိဘတွေက မှတ်မှတ်သားသားမရှိရင်၊ သားသမီးတွေလည်း မှတ်မှတ်သားသား မရှိတော့ဘူးပေပဲ။ တချို့မိဘတွေက သားသမီး နှစ်ယောက်၊ သုံးယောက်မွေးထားပြီး သားသမီးရဲ့မွေးနေ့ မသိသလို သားသမီးကလည်း ကိုယ့်မှာ မိဘ နှစ်ပါးတည်းရှိပါရက် ကိုယ့်မိဘ မွေးနေ့မသိတဲ့ သားသမီးတွေရှိကြတယ်။

ကိုယ်ဆယ်တန်းအောင်တဲ့ ခုနှစ်နဲ့ ခုံနံပါတ်ကို မမှတ်မိတော့တဲ့သူတွေ၊ ကိုယ့်မှတ်ပုံတင်နံပါတ်နဲ့ ကိုယ့်ပတ်စ်ပို့နံပါတ် အလွတ်မမှတ်နိုင်တဲ့သူတွေရှိနေတာကိုတွေ့ရတယ်။

ကိုယ်နိုင်ငံခြားကို ဘယ်နှစ်တွေက ရောက်ဖူးလဲ၊ ဘယ်တွေ ရောက်ခဲ့လဲမေးရင် တော်တော်များများက အကြမ်းဖျင်းပဲ ပြောနိုင်ကြတယ်၊ အသေးစိတ်ကို မပြောနိုင်ကြတာများတယ်။ တစ်ခါတလေ သိချင်သိနေတတ်တယ်၊ သေသေချာချာ ပြန်မပြောနိုင်ကြဘူး။

ပြောရရင်တော့ အခြားအထာတွေလည်း ရှိနေသေးတယ်။ ဒါပေမယ့် အခုပြောခဲ့သလောက် မဆိုးရွားတဲ့အထာတွေ ဖြစ်နေတော့ စာမဖွဲ့လောက်ဘူး။

တခြားနိုင်ငံက လူတိုင်းလည်း ကောင်းတာတော့ မဟုတ်ပါဘူး။ လူတိုင်းမှာ ကောင်းကွက်နဲ့ ဆိုးချက်တွေ အသီးသီးရှိကြတာပါပဲ။ ခုနက ပြောခဲ့တာတွေကတော့ မြန်မာတချို့မှာ ယေဘုယျသဘောမျိုး တွေ့ရတတ်တာမို့ ပြန်စဉ်းစား ပြင်ဆင်၊ ဆင်ခြင်သင့်တယ်ထင်လို့ တင်ပြရပါတယ်။