တွေးကြည့်သော် ကိုးနှစ် မကြာလှတဲ့အဖြစ် 

ခဏချင်းတွင်းကုန်ဆုံး အကုန်လုံးတောင် မမှတ်မိတော့

အော် ဖြစ်သမျှရယ် အိပ်မက်နှယ်

လှပတဲ့ပြကွက်နည်း ရိုးချည်းများခဲ့ပေါ့။

 

လွန်ခဲ့တဲ့ ကိုးနှစ် နိုဝင်ဘာ ၂၀၊ ၁၉၉၉ က

ရန်ကုန်မြို့လယ် လမ်းတစ်ခု(ဆိပ်ကမ်းသာလမ်း အလယ်)ထဲ

မြန်မာသစ်လို့ ခေါ်တဲ့ဂျာနယ်တိုက်အသစ်မှာ

ဘာမှမတတ်သေးတဲ့ အယ်ဒီတာလို့ခေါ်တဲ့

အသက် ၂၃ နှစ်ပြည့်ကာစ လူငယ်တစ်ယောက်ထိုင်နေတယ်။

မြန်မာသစ်ဂျာနယ်ဟာ အဲဒီနေ့မှာ စထွက်တယ်၊

အတွဲ(၁) အမှတ်(၁)ပေါ့၊

ကျော်မင်းထွန်းတည်ထောင်သည်လို့ ရေးထားတယ်၊

ဂျာနယ်စထွက်တဲ့နေ့မှာပဲ အလုပ်စဆင်းရတယ်၊

အဲဒီတော့ အမှတ်(၁)နဲ့ ကိုယ်ဟာဘာမှမဆိုင်ပေါ့၊

အမှတ်(၂)ကစပြီး စရေးတယ်၊ ဘာသာပြန်သတင်းနှစ်ပုဒ်လား ပါတယ်၊

ပျော်လို့မဆုံးပါဘူး။

အားရမိတယ်။ 

တက်ကြွလှတယ်။

နောက်ပိုင်းမှာ တိုးတိုးပြီး အလုပ်တွေ လုပ်ခဲ့သလို

နေရာတွေ အခွင့်အရေးတွေလည်း ရလာတယ်။

အခက်အခဲတွေကတော့ အများနည်းတူ ရှိခဲ့တာချည်းပါပဲ

ဒီအလုပ်ကို လုပ်ချင်လို့လုပ်ခဲ့ပေမယ့်

ကိုယ်နဲ့မကိုက်ဆိုပြီး ပြန်ပြေးထွက်ချင်တာလည်း အကြိမ်ကြိမ်ပါပဲ

တော်တော်ကြီးကို စိတ်ဆင်းရဲ စိတ်ပျက်ခဲ့တာကလည်း

အခုဆို(ကိုးနှစ်အတွင်း) ရာတောင်ချီခဲ့ပြီပေါ့

ပြန်ပြောင်းတွေလိုက်ရင်

လောကမှာပျော်ရွှင်စွာနေချင်တဲ့စိတ်တွေဟာ ပြောင်းပြန်ကိုဖြစ်သွားခဲ့တယ်

ဘ၀ဟာ အလကားပါပဲ

လူတွေဟာ အလကားပါပဲ

အလုပ်တွေဟာ အလကားပါပဲ

တန်ဖိုးရှိတာဟာ ဘာလဲ၊ အလကားမဟုတ်တာဘာလဲ

စဉ်းစားရင်းနဲ့ အဖြေမထွက်ခဲ့ဘူး

စဉ်းစားရင်းနဲ့ ခေါင်းတွေမူး

မခံစားနိုင်ဘူးဖြစ်ခဲ့တယ်

ကြိတ်ဝမ်းနည်း ကြိတ်ဆွေး တိတ်တိတ်လေးနေခဲ့ရတာတွေ ဘယ်သူမှလည်း မသိခဲ့

ကိုယ်ကိုယ်တိုင်လည်း မမှတ်မိတော့ဘူး

ဘ၀ဟာ ရိုးရိုးလေးနဲ့ တယ်ရိုင်းတာပဲ

တချို့တ၀က်ဇတ်လမ်းတွေဟာ ကိုယ်ထင်တာတွေနဲ့ ပြောင်းပြန်

တချို့တ၀က်ဇာတ်လမ်းတွေဟာ ပြန်ပြောင်းတွေးချင်စရာမကောင်းအောင် ကြမ်းတယ်

မခံနိုင်ဘူး မချန်နိုင်ဘူးဆိုလည်း ဒီကိုးနှစ်အတွင်းမှာ ထားခဲ့ရတာပဲ၊ ထားခဲ့ရမှာပဲ

သဘက်ခါဆို ကိုးနှစ်ပြည့်ပြီပေါ့

ခပ်ပျော်ပျော်ရှိခဲ့တာ အကြိမ်ကိုးဆယ် မရောက်ခဲ့ပါဘူး

မော့ပြီးမောခဲ့တဲ့အကြိမ်ပေါင်းကတော့ ကိုးရာမက

ထိုးရာတွေကတော့ ကြိုးပါကျအောင် ဒေါသတွေထွက်ခဲ့ရပေါ့

ကိုးရာတွေကလည်း ကိုယ်ကိုယ်တိုင်ကလွဲလို့ တခြားမရှိဘူး

ထိုးခါချတာတွေကိုလည်း ရိုးရာအရ ရှောင်ရင်းသာရင်း

အကွက်သာရရင် ကြိတ်ကြိတ်သာရယ်

ဖြိုးဝါ၀လာပါပေါ့

ကိုးဝါရကိုယ်တော်လေးလို မိမိကိုယ်ကို ထင်လာသလို

ပြုံးတစ်ချက် ပျော်မိ

ရှုံးတစ်ကွက် အော်မိ

အော် အရမ်းထိတဲ့ ကိုးရာသီပြောင်းခဲ့ပြီမို့

ပြန်ပြောင်းကြည့်လို့ ပြောင်းပြန်တွေးမိတယ်

ဒီညမှာ။

 

နိုဝင်ဘာ ၁၈၊ ၂၀၀၈။