အပျိုပေါက်မက ထဘီစိမ်းနဲ့ ရှက်နေတယ်

ပြုံးလိုပြုံး ပြေးလိုပြေး

သစ်ရွက်လည်း မလှုပ်ဘူး၊ လေလည်း မတိုက်ဘူး

နံနက်ခင်းမှာ ခုနစ်တန်း ရှစ်တန်းကျောင်းသူတွေ လှနေတယ်၊

 

ချာတိတ်တွေကလည်း မနိုင့်တနိုင်ပုဆိုးမပြီး ကျောင်းသွားတယ်

လွယ်အိတ်တွေက လေးလှတယ်

လူပျိုပေါက်ကျောင်းသားတစ်အုပ် ရယ်ရယ်မောမော စကားပြောသွားတယ်

ကောင်မလေးတွေ အကြောင်းပါပဲ၊

 

ငါးနှစ်မပြည့်ကလေးတွေကစပြီး နှစ်ဆယ်နီးနီးအထိ

အဖြူအစိမ်းလေးတွေ အနက်ရောင်လမ်းမထက်မှာ လွင့်နေတယ်

တချို့ကလည်း သိုသိုသိပ်သိပ်

တချို့က ၀င့်ဝင့်ကြွားကြွား

ဆိုက္ကား၊ ကျောင်းကား၊ အိမ်ကားတွေနဲ့ ထုပ်ပိုးထားသူတွေလည်းပါရဲ့

အများစုက ပျော်ပျော်ပါးပါး

ငယ်ငယ်တချို့သာ ငိုလို့၊

 

အဖြူအစိမ်းနံနက်ခင်းများကို လွမ်းမိတယ်

ကြီးတောင်ကြီးလာခဲ့မှကိုး

အလေးသိပ်မစီးဘဲ လွင့်နေဆဲ။

 

နိုဝင်ဘာ ၁၃၊ ၂၀၀၈။