မြန်မာတို့အချင်းချင်း ပြောသောစကားတစ်ခွန်းရှိသည်၊ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတယ်ဟူ၍ဖြစ်သည်။

အကြောင်းကြောင်းကြောင့် ထောင်းလိုက်သော်လည်း အရှက်မဲ့ရဲတင်းရာကျသည်၊

ကိုယ့်အပြစ်ကိုယ်ဖော်သကဲ့သို့ဖြစ်သည်၊ မရင့်ကျက်၊ စိတ်မရှည် စိတ်အား နည်းရာကျသည်။

မြန်မာတို့နှင့်ပတ်သက်၍ ရင်၌ထိခိုက်ရှနာမှုတချို့ရှိ၍ ပေါင်လှန်ထောင်းမိပါသည်။

ရှက်၍ရေးရပါသည်၊ လွန်တာရှိ ၀န္ဒာမိပါဗျာ။

 

နာဂစ်အရေးဆက်စပ်တွေးခေါ်

မေ ၂-၃၊ ၂၀၀၈ က မြန်မာနိုင်ငံတွင် သမိုင်းတွင်သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး တိုက်ခတ်ခဲ့သည်။

ဧရာဝတီတိုင်းက ပျက်စီးဆုံးရှုံးမှုနှင့် လူနှင့်တိရစ္ဆာန်အသေအပျောက်အများဆုံး၊

ရန်ကုန်လည်းခံလိုက်ရသည်။ မထင်မှတ်ဘဲ ကမ္ဘာ့စံချိန်တင်မုန်တိုင်းကြီးနှင့် နဖူးတွေ့၊ ဒူးတွေ့ရင်ဆိုင်လိုက်ရတော့

မပြောပြနိုင်အောင် အီစိမ့် ငိုကြွေးမျက်ရည်ပင်လယ်ဝေသွားခဲ့ရသည်။

မြန်မာများ ကိုယ့်အမျိုးသားချင်းထိတော့ (ဒုက္ခရောက်တော့) ဘယ်နေနိုင်ကြတော့မလဲ။

စု ဖွဲ့ ကောက်ယူ အလှူငွေ၊ ပစ္စည်း၊ လူ အင်အားဖြင့် မုန်တိုင်းသင့်ပြည်သူများထံမှောက်

စောနိုင်သမျှ စောစောအရောက်သွားပြီး ပံ့ပိုးကူညီ ထောက်ပံ့ကြသည်။ ထပ်တူခံစား မျက်ရည်ဝဲရသည်။

အသည်းများ ခိုက်တုန်ဝမ်းနည်းကြရသည်။ ပေးရ ကျွေးရ ထောက်ပံ့ရသည်ကို မ၀နိုင်၊ ပင်ပန်းသည်ဟု မထင်၊

အခေါက်ခေါက် အခါခါ၊ အလုပ်ပစ်၊ သားပစ်၊ မယားပစ်၊

တချို့များကုသိုလ်ကောင်းမှုပြုရင်း သွားရင်း၊ လာရင်း တိမ်းပါးပင်သွားကြသည်။

ကုန်လိုက်ရသည့် အချိန်တွေ၊ အင်အားတွေ၊ ပိုက်ဆံတွေ၊ အပြောအဆိုခံရ၊ ဝေဖန်ခံရတာတွေများမှများ၊

သို့သော်လည်း ကိုယ့်အမျိုးသားချင်းအတွက် ကိုယ်နိုင်တာကိုယ်လုပ်၊ ကိုယ့်တာဝန်ကိုယ်ထမ်း၊

ကိုယ့်အသိစိတ်ဓာတ်နှင့်ကိုယ်လုပ်တာဆိုတော့ ဘာမှမဖြစ်၊ လုပ်ကိုလုပ်ရမည့်ဆိုသည့်

နိုင်ငံသားကောင်းစိတ်ဓာတ်(ထိုစဉ်ကတော့ အဲသည်လောက်အထိ မစဉ်းစားကြပါ၊ အားနည်းသူကူမည်၊

ချို့တဲ့သူထောက်ပံ့မည်၊ မျက်ရည်မိုးကို တိတ်စေမည်၊ အားပေးမှုဖြင့် ထောက်ပံ့မည်ဆိုသည့်

မြန်မာ့စိတ်ရင်းမြန်မာ့မူရင်း)ဖြင့် လုပ်ခဲ့ကြခြင်းဖြစ်သည်။

ဟော၊ အခုတော့ နာဂစ်ဖြစ်ပြီး ခြောက်လကျော်၊ ခုနစ်လထဲရောက်ချိန်မှာတော့ မြန်မာတွေ သွေးအေးသွားကြပြီ၊

ဖွဲ့စည်းထားသော အစုအဖွဲ့လေးများလည်း အသက်မဲ့ကြပြီ၊ ကိုယ်စီလည်း လုပ်ငန်းခွင်တွေထဲ ပြန်ရောက်ကြပြီမို့

တစ်လက်၊ တစ်ဖက်၊ တစ်ကမ်း၊ တစ်ကူမပါနိုင်တော့။ အချိန်၊ ငွေ နှင့် အင်အား မထည့်ကူနိုင်တော့၊

ကိုယ့်သားချင်းတွေ လုံးလုံးအဆင်မပြေသေးမှန်းသိသော်လည်း ထပ်မရောက်နိုင်တော့၊ ထပ်မပံ့ပိုးနိုင်တော့၊

အားအင်ကုန်ပြီ၊ ပေးစရာကုန်ပြီ။  

နာဂစ်သွေးအေးသွားကြပြီလား၊

မြန်မာတို့သည်လုပ်စရာရှိလျှင် ရုတ်ချည်းထလုပ်လိုသည်။

ဖြစ်ချင်တာဖြစ် ဂရုမစိုက်၊ ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက် လုပ်ပစ်ကြသည်။

စိတ်ဓာတ်အမာဖြင့် ထိခိုက်ခံစားလုပ်ပစ်လိုက်သည်။

နောက်တော့ တဖြည်းဖြည်း စိတ်အား၊ လူအား၊ ငွေအားပါးလျသွားကြသည်။

လရှည်၊ နှစ်ရှည်ဖွဲ့ စည်းလုပ်ကိုင်နိုင်ခြင်းမရှိ၊

ခဏပွက်သည့် ရေပွက်ပမာ၊ တစ်ချက် တောက်သည့် ဖွဲမီးပမာဖြစ်ကုန်ကြသည်။

နာဂစ်နှင့်ပတ်သက်၍ ဆိုခဲ့ပါအတိုင်း စိတ်ဓာတ်၊ စေတနာ၊ လူအား၊ ငွေအား၊ အလုပ်ပစ်၊ သားပစ်၊ မယားပစ်

စေတနာ့ဝန်ထမ်း၊ လူမှုဝန်ထမ်းဆောင်ရွက်ခဲ့သည်များကို ထိပါးစော်ကားလိုခြင်း အလျဉ်းမရှိပါ။

အကြောင်းကြောင်းကြောင့် နာဂစ်ကူညီရေးအဖွဲ့တချို့ပျောက် ကွယ်သွားကြသည်ကိုလည်း နားလည်ပါသည်။

မြန်မာအဖွဲ့အစည်းများ ရေရှည်မတည်တံ့မှုကို ပြောလိုရင်းဖြစ်ပြီး၊ အားကောင်းသော နာဂစ်ကို နမူနာယူပြခဲ့ခြင်းဖြစ်သည်။

မြန်မာအဖွဲ့အစည်းများ၊ လုပ်ငန်းများ ဖြည်းဖြည်းမှန်မှန် ကြာရှည်သွားနိုင်ပါမည့်အကြောင်း တင်ပြလိုရင်းဖြစ်သည်။

 

အိုဘားမားနှင့်မက်ကိန်း

နှစ်ရှည်ကြာမြင့်စွာ ရှင်သန်လုပ်ကိုင်န်ုင်မှုနှင့်စပ်၍ မြန်မာ့အားနည်းချက်ကို လှန်ပြပြီးနောက်

ရင့်ကျက်မှုနှင့်ခံနိုင်ရည်အားကို လှန်ပြချင်မိသည်။

ပူပူနွေးနွေး အမေရိကန်သမ္မတရွေးကောက်ပွဲကို ဥဒါဟရုဏ်(န-သိသာထင်ရှားစေရန် ထုတ်ဆောင်ပြချက်)

ဆောင်လိုစိတ်ဖြစ်မိသည်။

ဘားရက်အိုဘားမားသည် အမေရိကန်ပြည်ထောင်စုတွင် သမိုင်းသစ်ရေးထိုးခဲ့သည်။

၄၄ ဦးမြောက် အမေရိကန်သမ္မတအ ဖြစ်ရွေးချယ်တင်မြှောက်ခံရသူ အိုဘားမားသည်

အမေရိက၏နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းအတွင်း ပထမဆုံးအာဖရိကန်-အမေရိကန်(လူမည်း)သမ္မတ

ဖြစ်လာမည်ဖြစ်သည်။ အဖ(ကင်ညာမှဖခင်) နှင့်အမိ(အမေရိကန်သူ)တို့မှ မွေးဖွားခဲ့သော အိုဘားမားသည်

သမ္မတဖြစ်ရေး ၂၁ လကြာ ခရီးရှည်ကြီးတွင် (သမ္မတရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချိန်မှ

စည်းရုံးမဲဆွယ်၊ ရန်ပုံငွေရှာ၊ စကားစစ်ထိုး၊ အင်တာဗျူးဖြေ၊ မိန့် ခွန်းပြောစသည့်)

အကြိမ်ကြိမ်အပြင်းအထန် တိုက်ခိုက်ခံခဲ့ရသည်။

အကြမ်းဖက်သမားများနှင့် ရင်းနှီးသူဟုလည်းကောင်း၊ မွတ်စလင်ဟုလည်းကောင်း၊

အမေရိကန်မစစ်သူဟုလည်းကောင်း၊ အတွေ့အကြုံမရှိသူဟုလည်းကောင်း၊

စကားပြောကောင်းသူသက်သက်ဟုလည်းကောင်း၊ သတ်ပစ်မည်ဟုလည်းကောင်း၊

ထိခိုက်ပျက်စီး အကျိုးနည်းအောင် နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်ပြောဆိုခံခဲ့ရသည်။

အိုဘားမား၏သည်းခံနိုင်မှုနှင့် ခံနိုင်ရည်(patient and persistent)မှာ အံ့ဖွယ်ဖြစ်သည်။

ခေါင်းဆောင်တစ်ဦးတွင် ရှိသင့်သည်ထက် ပိုသည်။ ခေါင်းဆောင်တစ်ဦး၏အသက်မှာလည်း ယင်းရင့်ကျက်မှု၊

ခံနိုင်ရည်နှင့်သည်းခံမှုတို့ပင်ဖြစ်သည်။

တောင်အာဖရိကသမ္မတဟောင်း မန်ဒဲလားတွင်လည်း ယင်းအရည်အချင်းမျိုးတွေ့ခဲ့ရသည်။

အာဖရိကန်-အမေရိကန်များသည် တကယ်တမ်းသော် ဥရောပအဆက်အနွယ်များထက်

ပိုမိုပြည့်ဝနှလုံးလှနေသလားဟုပင် ထင်မြင်ဖွယ်ရာဖြစ်သည်။ သမိုင်း အဆက်ဆက်၊ ခေတ်အဆက်ဆက်

လူဖြူတို့က အင်အားကြီး လွှမ်းမိုး ချုပ်ကိုင်ခြယ်လှယ်ခဲ့ကြသည်မဟုတ်လော၊

အခုလူမည်းနေရာရလာသော်လည်း မတုံ့ပြန်၊ မရင်ဆိုင်၊ မဖြေရှင်း၊ အေးအေးသက်သာ ရင့်ကျက်မှုကိုပြသည်။

သည်းခံမှုနှင့် ခံနိုင်ရည်ဖြင့် တောက်ကြွားကုန်ကြသည်။  

ရင့်ကျက်မှုနှင့်စပ်၍ နောက်တစ်ဦးပြစရာမှာ အိုဘားမားနှင့် သမ္မတရွေးကောက်ပွဲပြိုင်ဘက်

ရီပတ်ဘလေကန်မှ ဂျွန်မက်ကိန်းဖြစ်သည်။

ဗီယက်နမ်စစ်ပြန်နှင့် ဗီယက်နမ်တွင် ထောင်ကျနှိပ်စက် ညှဉ်းပန်းခံခဲ့ရသူ၊

ဝါရင့်နိုင်ငံရေးသမားလွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် အိုဘားမားနှင့်ပြိုင် ဆိုင်မဲဆွယ်စဉ်က

အိုဘားမားကို ပြတ်ပြတ်သားသား ထိုးနှက်တိုက်ခိုက်သူဖြစ်သည်။

အခုတော့ နိုဝင်ဘာ ၄ ရွေးကောက်ပွဲတွင် အိုဘားမား၏အပြတ်အသတ် အနိုင်ယူခြင်းကို ခံရပြီးနောက်

ယခုကဲ့သို့ပြောသည်။

“သူ(အိုဘားမား)ဟာ အရင်က ကျွန်တော်ရဲ့ပြိုင်ဘက်ပါ။ အခုတော့ ကျွန်တော်ရဲ့သမ္မတကြီးဖြစ်လာပါတော့မယ်။

ဒါကြောင့် ကျွန်တော့်သမ္မတကြီး ဒုက္ခရောက်အောင် မလုပ်ကြဖို့ ပန်ကြားလိုပါတယ်” ဟု ၎င်းအားထောက်ခံအားပေးကာ

၎င်း၏အရှုံးအတွက် ၎င်းဘက်မှ ထိခိုက်ခံစားငိုကြွေးခဲ့သူများကို အရီဇိုးနားတွင် နိုဝင်ဘာ ၄ က မက်ကိန်းပြောကြားခဲ့သည်။

မက်ကိန်းသည် ပြိုင်စဉ်ကလည်း ပီပီပြင်ပြင် ပြိုင်ခဲ့သည်။ အင်အားရှိသမျှ အစွမ်းကုန်ထုတ်သုံးခဲ့သည်။ ရှုံးတော့လည်း

အရှုံးကိုလက်ခံသည်။ နောက်တီး နောက်ချာမလုပ်၊ စကားကောင်းပြောလိုက်တာများ

ရင့်ကျက်မှု အလင်းကိုထွန်းလင်းလိုက်သကဲ့သို့ ရှိသည်။ အံ့စရာပေ၊ လန့်စရာပေ။

 

ဆွေးနွေးတိုင်ပင်ညှိနှိုင်း

မြန်မာက လေးယောက်ပေါင်းစပ်လုပ်ပြီး မကြာမီပင် ငါးဖွဲ့ကွဲသည်ဟု တချို့က ဝေဖန်ရှုတ်ချသည်။

အဖွဲ့လေးနည်းနည်းထင်ပေါ်လာလျှင်၊ လုပ်ငန်းလေး တဖြည်းဖြည်းအဆင်ပြေလာလျှင်

သူကြောင့်ငါ့ ကြောင့်ဖြစ်တာဆိုပြီး ခွဲဖို့၊ ကွဲဖို့ တာစူတော့သည်။

ငါ့ဟာငါလုပ်လည်း ဖြစ်တာပဲဆိုသည့်အတွေးက မခေါ်ပါဘဲ ရုတ်ချည်းရောက်လာပြီး၊

စိတ်ဓာတ်များ အလွန်တက်ကြွလာကာ သွေးနားထင်ရောက်၍ တစ်ဖွဲ့တစ်ဂိုဏ်းသီးသန့်ထူထောင်ကြတော့သည်။

မြန်မာတို့စိတ်ဓာတ် ပြင်းသည်ဟု ဆိုရမည်လားမသိ၊ ငယ်သားလုပ်ချင်သူနည်းသည်၊ ဗိုလ်လုပ်ချင်သူများသည်။

သို့သော် တကယ့်ဗိုလ်ကားမဟုတ်၊ မည်ကာ မတ္တဗိုလ်သာများလေသည်။

အမှန်ဖြစ်သင့်သည်က ဆွေးနွေးတိုင်ပင်ညှိနှိုင်းကြဖို့ဖြစ်သည်။

တစ်ဦးလိုအပ်ချက်၊ တစ်ဦးအားနည်းချက်ကို အပြန်အလှန်ဖြည့်ဆည်းကာ

အကောင်းဆုံးဖြစ်စေသင့်သည်သာဖြစ်သည်။

အခုတော့ တစ်ဦးတစ်ယောက်ဖြင့် ယူသော်မရ၊ အများအပေါင်းဖြင့် ယူဆောင်ရ၏ ဆိုသည်ကား

စကားပုံထားသက်သက်ဖြစ်နေတော့သည်။ လိုက်နာဆောင်ရွက်သူ နည်းလွန်းလှသည်။

ခဏပွက်သည့်ရေပွက်လို၊ တစ်ချက်တောက်သည့်မီးတောက်လို

အစကတော့ဟုတ်မလိုနှင့် ညီညွတ်ခဲ့ကြ၊ တိုင်ပင်ခဲ့ကြ၊ စုစည်းခဲ့ကြပြီး

မကြာမတင်မှာပင် ကွဲကြ၊ ပြဲကြ၊ ဝေဖန်ကြ၊ လက်ညှိုးငေါက် ငေါက်ထိုးကြသည်မှာ

မြန်မာတို့၏ မရင့်ကျက်မှု၊ စိတ်မရှည်မှု၊ ခံနိုင်ရည်အားနည်းမှု၊ စုစည်းညီညွတ်မဲ့မှုကို ပြနေသကဲ့သို့ ဖြစ်ချေသည်။

 

စကားသေနတ်ပစ်ခတ်မှုအောက်

လှန်ခဲ့ရသည်များက များ၍ပင်နေတော့ မျက်နှာပူရချေသည်။ ပြောလက်စနှင့်ပြောရပေဦးမည်။

မြန်မာတို့က ချီးကျူးစကား၊ အားပေးစကား အလွန်နှစ်သက်သည်၊

စိတ်နားထဲ ပျားရည်လောင်းထည့်သကဲ့သို့ ချိုချိုသာသာရှိကြသည်။

မျက်နှာပြုံးပန်းနှင့် လန်းလန်းဆန်းဆန်းရှိကြသည်။

ဆက်လက်ကြိုးကုတ်အားထုတ်မည်ဟု ခိုင်မာသန္နိဋ္ဌာန်ဖြင့် ဆုံးဖြတ်မှုပြုကြသည်။ တင်းသည့်အားများပို၍ရဲလာကြသည်။

မင်္ဂလာရှိလှပေတကားဟု တွေးထင်ကြတော့သည်။

အဲ …ဝေဖန်မှုကိုတော့ သေမလောက်ကြောက်ကြတော့သည်။

ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မဟုတ်စကား၊ အငြင်းစကား၊ ဝေဖန်စကား၊ ကဲ့ရဲ့စကား ပြောလိုက်သည်နှင့်

ဆိုလိုက်သည်နှင့် မျက်နှာရဲသွား၊ မျက်နှာမည်းသွားတတ်သည်။

စိတ်ဓာတ်တို့ကျဆင်းမြေပေါ်ဝပ်သွားကြသည်။ ပြောရက်လေခြင်း၊ ဆိုရက်လေခြင်းနှင့် စိတ်မကောင်းခြင်းကြီးစွာဖြစ်ကာ

တနုံ့နုံ့ခံစားကြတော့သည်။

အမှန်တော့ ချီးမွမ်းသည်ဖြစ်စေ၊ ကဲ့ရဲ့သည်ဖြစ်စေ ကြာရှည်မဟုတ်ပါ။ ခေတ္တခဏသာဖြစ်သည်။

ချီးမွမ်းခုနစ်ရက်၊ ကဲ့ရဲ့ခုနစ်ရက်ဟုပင် ဆိုရိုးက ရှိသေးသည်။

ယင်းတို့ကို သိထား၊ ကြားထား၊ ဖတ်ထား၊ မှတ်ထားကြသော်လည်း

တကယ်တမ်းအပြောခံ၊ အဝေဖန်ခံရချိန်တွင် တုန်တုန်လှုပ်လှုပ်ရှိတတ်ကြသည်။

တချို့များ အဝေဖန်မခံရခင်ကတည်းက အဝေဖန်များခံရမလား၊ ဝေဖန်ကဲ့ရဲ့ခံခဲ့ရသော်နှင့် တွေးရင်း

ထိတ်လန့်ကြောက်ရွံ့လျက်ရှိကြသည်။ စကားသေနတ်အောက် မှောက်လဲကျနေသူတွေများလှသည်။

ရင်ကာ့ရင်ဆိုင်ရဲသူနည်းလှချေသည်။

ပေါင်လှန်ထောင်းတစ်ခန်းရပ်ပါမည်။

 

နိုဝင်ဘာ ၁၁၊ ၂၀၀၈။