ကျွန်တော်စကားဝိုင်းတွေ များစွာကြုံဖူးတယ်

ရုံးမှာ၊ အိမ်မှာ၊ လက်ဖက်ရည်ဝိုင်းမှာ၊ စားပွဲဝိုင်းမှာ

တစ်ခါတရံ ပျော်ရယ်မောရတဲ့ အရက်ဝိုင်းမှာ

ဝိုင်းပေါင်းများစွာ ကျွန်တော်တွေ့တယ်

မတွေ့ရင်လည်း တွေ့အောင်ရှာတယ်

ဝိုင်းတွေထဲမှာ ကျွန်တော်ပျော်တတ်တယ်

တချို့ဝိုင်းတွေမှာ ကျွန်တော်က ခံရတယ် ခပ်ရတယ်

တချို့ဝိုင်းတွေမှာ ကျွန်တော်က ဝေရတယ် မျှရတယ်

ဒီနေ့မှာတော့ စိတ်ဝင်စားဖွယ်ရာ စကားဝိုင်းတစ်ဝိုင်းတွေ့တယ်

ညဏ်ပွင့်စကားဝိုင်းလို့ခေါ်တယ်

စကားတွေက အစုံပါတယ်

အချို အချဉ် အစပ် အခါး အဖန် အငန်

စကားအချိုကို ကျွန်တော်မပြောချင်ဘဲ တမင်ပြောတယ်

ကြားသူပျော်စေဖို့

ပြောသင့်မှန်းသိပေမယ့် သိပ်တော့ မကြိုက်လှဘူး

တမင်ပိုကာ ချွဲရတယ်လို့ထင်တယ်

ဒါပေမယ့် ကြိုက်ကြတာကို တွေ့လို့ ကျွန်တော်ပြောပေးတယ်

စကားအချဉ်ကတော့ ကျွန်တော်ကြိုက်တယ်

အားရပါးရရှိလို့

ကျွန်တော့်စိတ်ထားနဲ့လည်း ကိုက်ပါတယ်

ကျွန်တော်ဟာ အချဉ်တစ်ကောင်ဖြစ်တယ်

စကားအခါးတွေကိုတော့ ကျွန်တော်တစ်ခါတစ်ခါပြောတယ်

ကိုယ်တိုင်လည်း နားမထောင်လိုဘူး

သူများကိုလည်း မပြောချင်ပေမယ့် တစ်ခါတစ်ခါ ပြောမိသွားတယ်

စေတနာကြောင့်ပဲဆိုဆို မခံတတ်တဲ့စိတ်ကြောင့်ပဲထင်ထင်

စကားအခါးကိုလည်း ပြောမိတတ်တယ်

စကားအစပ်ကိုတော့ ကျွန်တော်ကြိုက်ပါတယ်

ထိထိမိမိလေးရှိလို့

လူပြိန်းတွေနဲ့တွေ့ရင် ကျွန်တော်ပြောတတ်တယ်

ဒါမှ နားလည်မြန်မှာမို့လို့

သူတို့နားလည်မလည်တော့ မသိပါ၊ ပြောရတာအရသာရှိလိုက်တာ။

စကားအဖန်ကတော့ လှတော့လှတယ်၊ ဝေ့နေတယ်လို့ ကျွန်တော်ထင်တယ်

မိန်းကလေးတွေကို ကျွန်တော်ပြောတတ်တယ်

ဟဲ ဟဲ၊ တချို့က ကျွန်တော့်ထက်သာတဲ့အခါ ကျွန်တော်ပဲ ခံလိုက်ရတယ်

ကျွန်တော်က ခံသာခံရတာ၊ စကားအဖန်ပြောတာတော့ မလျှော့မိသေးဘူး

စကားအငန်ကတော့ တစ်နေရာပဲ သုံးပါတယ်

ငံပြာရည်တောမှာတော့ ငန်တာပဲ ကောင်းပါတယ်

သိပ်ငန်သွားတော့လည်း စားလို့မကောင်းပြန်ဘူးလေ

နောက်ပြီး ငန်တဲ့အရသာကိုလည်း ကြိုက်တတ်ကြတယ်လေ

သူက ရေသောက်လို့ကောင်းတယ်၊ ၀လည်း မ၀ဘူး

ပြန်ကောက်ရရင်…

ဒီနေ့ညဏ်ပွင့်စကားဝိုင်းမှာ အဲဒီစကားအရသာစုံ နည်းနည်း နည်းနည်း ပြောခွင့်ရခဲ့တယ်

ကျွန်တော်ညဏ်ပွင့်စကားဝိုင်းတွေနဲ့ ကြုံချင်တယ်

ညဏ်ပွင့်စကားဝိုင်းတွေကို ကျွန်တော်ချစ်တယ်။

 

နိုဝင်ဘာ ၁၀၊ ၂၀၀၈။