ကောင်မလေးရေ နားထောင်ပါကွယ်

ရောင်နီပျို့နံနက်ခင်းဟာ လှတယ်

ရွှေနေရောင်နုကို တို့မျက်နှာတွေပက်ဖြန်း လန်းဆန်းပါစေ

လေနုအေးမှာ တို့နှစ်ယောက်အတူတွဲ လျှောက်လှမ်းကြမယ်

ငှက်ကလေးတွေ အော်တယ်

ကျေးကလေးက အာတယ်

ကိုရာမူး လက်ဖက်ရည်ဆိုင်ကို သွားမယ်

အီကြာကွေးပူပူရယ် လက်ဖက်ရည်ချိုရယ် တို့မယ်စားမယ်

မင်းက အနားတိုးကပ်ထိုင်

သိပ်မအေးနံနက်ခင်းမှာ အကြင်နာတွေပိုကြမယ်

ဦးဘအေးတို့ကတော့ တို့နှစ်ယောက်ကို ကဲတယ်လို့ပြောမယ်

တတ်နိုင်ဘူးလေ တရားသမားတွေမျက်စိထဲမှာတော့

အပါယ်ကျမယ့် ငရဲမကြောက်သူတွေလို့ ထင်ချင်ထင်ကြမယ်ပေါ့

နာက မင်းနားတိုးတိုးကပ်ပြောမယ်

ဘာမှမဟုတ်တဲ့အကြောင်းလေးတွေကိုပဲ တို့တွေ ရယ်ကြမယ်

အော် နေရောင်တောင် ပျင်းပျင်းပွင့်ပါပေါ့

လာလေကွယ် ပြန်ကြရအောင်

လုပ်စရာတွေ ရှိသေးတာကိုး

မင်းက ပြောမယ်

ကို ပြောစရာရှိတယ်ဆို ပြောလေတဲ့

တို့ဘ၀ထဲက မထပ်တဲ့ ဒီအကြောင်းကိုပဲ ပြန်ပြောပြမယ်

မင်းကိုချစ်တယ်။

 

နိုဝင်ဘာ ၉၊ ၂၀၀၈။